၂၀၂၃ မေလ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အစိုးရအဖွဲ့အနေနဲ့ ရှိနေပြီးသားအင်အားတွေကိုတန်ဖိုးထားဖို့ အင်မတန် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ မြန်မာနိုင်ငံရှိ ဆိုင်ကလုန်း Mocha ဒုက္ခသည်များအတွက် UK ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား
📌 ၃။ မိုခါမုန်တိုင်းကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်နေမှုများကို ရခိုင်ပြည်နယ်ရှိတော်လှန်ရေး အင်အားစုတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေ
📌 ၄။ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်ရှိ တာဝန်ရှိသူ အသီးသီးနဲ့တွေ့ဆုံဆွေးနွေး
📌 ၅။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ၏ နောက်ဆက်တွဲ အရေးယူမှုကို ချက်ချင်း ဆောင်ရွက်ရန် လိုအပ်နေတယ်လို့ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၆။ အကြမ်းဖက်စစ်ကောင်စီဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နဲ့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို မျက်ကွယ်ပြု၍ ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကိုကျူးလွန်
📌 ၇။ ပလက်ဝခရိုင်မှာ မိုခါမုန်တိုင်းကြောင့် လူနေအိမ်(၃၀၁)လုံးနှင့် စာသင်ကျောင်း (၁၀) ကျောင်းပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အစိုးရအဖွဲ့အနေနဲ့ ရှိနေပြီးသားအင်အားတွေကိုတန်ဖိုးထားဖို့ အင်မတန် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
မေလ၂၁ရက်
မေလအတွင်းကျင်းပပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၉/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ဟာ တော်လှန်ရေး ၂ နှစ်ကျော်ကာလမှာ ပြည်သူတွေရဲ့ စိတ်အား လူအား ကူညီမှု၊ PDF တွေရဲ့ ကိုယ်ကျိုးမဖက် ရဲစွမ်းသတ္တိအပြည့်နဲ့ ပြည်သူတွေ ရှေ့က ရဲရဲဝံ့ဝံ့ ရပ်တည်မှု၊ CDM တွေရဲ့ စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား ယိုင်နဲ့ ပြိုလဲ သွားအောင် ကြံ့ကြံ့ခိုင် ရပ်တည်မှုတွေနဲ့အတူ မဟာမိတ် ERO တွေရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ ရှေ့ဆက်နေခဲ့တာ ခရီးလည်း အတော်ရောက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ရှိနေပြီးသားအားတွေကိုလည်း တန်ဖိုးထားဖို့ အင်မတန် အရေးကြီးပါတယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့လည်း စစ်ရေး၊နိူင်ငံရေးကဏ္ဍများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံရှိ ဆိုင်ကလုန်း Mocha ဒုက္ခသည်များအတွက် UK ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား
မေလ၂၀ရက်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာကUKနိုင်ငံ ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုအတွက် အခုလိုဆိုထားပါတယ်။
"ဘုရင် Charles III က ဆိုင်ကလုန်း မိုချာမုန်တိုင်းဒဏ်ခံခဲ့ရသူအားလုံးကို ဘုရင်မင်းမြတ် Charles III မှ လှိုက်လှိုက်လှဲလှဲ ကြေကွဲဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည့်အတွက် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် ဆိုင်ကလုန်း Mocha မုန်တိုင်းဒဏ်ခံခဲ့ရသော လူပေါင်း ၁၇၅,၀၀၀ အတွက် မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရန် ဗြိတိန်၏ ကတိကဝတ်အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အမေရိကန်ဒေါ်လာ ၂.၅ သန်းရှိသော ရန်ပုံငွေအသစ်၏ ကြေငြာချက်သည် ထိခိုက်ခံစားရမှုများကို သက်သာစေရန်နှင့် ထိခိုက်ခံစားခဲ့ရသူများ၏ ကျန်းမာရေးကို အာမခံရန် ဗြိတိန်၏ မယိမ်းယိုင်သော အပ်နှံမှုကို ပြသနေပါတယ်"လို့ဆိုပါတယ်။
ဤရက်ရောသောရန်ပုံငွေသည် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ ထိခိုက်လွယ်သောအသိုက်အဝန်းများအတွက် ရေသန့်၊ အမိုးအကာနှင့် မရှိမဖြစ်လိုအပ်သောအရင်းအမြစ်များကို ထောက်ပံ့ပေးရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်မှာဖြစ်ပါတယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ မိုခါမုန်တိုင်းကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်နေမှုများကို ရခိုင်ပြည်နယ်ရှိတော်လှန်ရေး အင်အားစုတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေ
မေလ၂၁
မိုခါမုန်တိုင်းကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်နေမှုများကို ရခိုင်ပြည်နယ်ရှိ တော်လှန်ရေး အင်အားစုတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မေလအတွင်း PVTVနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။
"ရခိုင်ပြည်နယ်မှာ တကယ့်ပြည်သူနဲ့တသားထဲရှိနေတဲ့ တော်လှန်ရေးအင်းအားစုတွေရှိတယ် ဒီတော်လှန်ရေး အင်အားစုတွေနဲ့ ကျတော်တို့ တိုက်ရိုက်ချိတ်ဆက်ထားတာတွေရှိတယ် ၊ တော်လှန်ရေးအင်အားစုတွေက ညွှန်းဆိုတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ကျတော်တို့ပြန်ချိတ်ဆက်တယ်၊ ချိတ်ဆက်ပြီးတော့ ဒီလူမှုအဖွဲ့အစည်းတွေနဲ့ ကျတော်တို့ ပြန်လည်ကယ်ဆယ်ရေးတွေ၊ ပြန်လည်ထူထောင်ရေးကိစ္စတွေ ဆောင်ရွက်နေတာရှိတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်မေလ ၁၉ရက်နေ့အထိ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများဖြစ်သည့်ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရ်(ကော့ပဇား-ရိုဟင်ဂျာဒုက္ခသည်စခန်း)၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရန်ကုန်တိုင်းတို့ရှိ မုန်တိုင်းသင့်ပြည်သူများအား လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များအတွက်ငွေကျပ် (၈၄,၈၅၇,၀၀၀)ကျပ်ထောက်ပံ့ပြီးဖြစ်ရာ မကွေးတိုင်း နှင့်စစ်ကိုင်းတိုင်းတို့အတွက်ငွေကျပ် (၃၅,၁၅၇,၀၀)ကျပ်ကို ထောက်ပံ့နိုင်ခဲ့ပါတယ်။
========================
📌📌 ၄။ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်ရှိ တာဝန်ရှိသူ အသီးသီးနဲ့တွေ့ဆုံဆွေးနွေး
မေလ၂၀ရက်
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်ရှိ တာဝန်ရှိသူ အသီးသီးနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မေလ (၁၉) ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
"နယူးဇီလန်နိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည်မေလ၁၇ရက် မွန်းလွဲပိုင်းတွင် နယူးဇီလန်နိုင်ငံ၊ ရှေ့နေချုပ်နှင့် တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးနှင့် အတူ ညစာသုံးဆောင်ခဲ့ကာ မြန်မာ့အရေးနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်"လို့ဖော်ပြပါတယ်။
မေလ၁၈ရက်နံနက်ပိုင်းတွင်မူ နယူးဇီလန်နိုင်ငံ၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့်လည်း တွေ့ဆုံကာ မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို အလေးထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ညနေပိုင်းတွင် ဝန်ကြီးသည် အုတ်ကလန်မြို့သို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ အုတ်ကလန်လေဆိပ် ဆိုက်ရောက်ဆောင်တွင် အုတ်ကလန်မြို့ရှိ မြန်မာတိုင်းရင်းသားမိသားစုများက လှိုက်လှဲစွာဖြင့် ကြိုဆိုခဲ့ကြပါတယ်။
မေလ၁၉ရက် နံနက်ပိုင်းတွင် ဝန်ကြီးသည် စီစဉ်ထားသည့် အစည်းအဝေးများကို တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် အုတ်ကလန်မြို့ရှိ မြန်မာတိုင်းရင်းသား မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် လူ့အခွင့်အရေး ဝန်ကြီးဌာနတို့က ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၅။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ၏ နောက်ဆက်တွဲ အရေးယူမှုကို ချက်ချင်း ဆောင်ရွက်ရန် လိုအပ်နေတယ်လို့ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
မေလ၁၉ရက်
မေလ၁၉ရက်နေ့မှာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြုလုပ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ Arria-Formula အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အခုလိုပြောကြားခဲ့ပါတယ်။
"ယမန်နှစ် ဒီဇင်ဘာလက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် “၂၆၆၉” အတည်ပြုချမှတ်ခဲ့ပြီးနောက်တွင်ပင် စစ်တပ်သည်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို အဖန်တလဲလဲ ကျူးလွန်လျက်ရှိကြောင်း၊ ဧပြီလ (၁၁) ရက်နေ့ကပင် လူပေါင်း (၂၀၀) နီးပါးကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ကို လတ်တလော ကျူးလွန်ထားကြောင်း၊ ယင်းသို့ အကြိမ်ကြိမ် ကျူးလွန်ခဲ့သော်လည်း ဒဏ်ခတ်အရေးယူခံရခြင်းမှ လွတ်မြောက်နေကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းမှ စစ်တပ်အပေါ် အရေးယူခြင်း မရှိသေးသရွေ့ စစ်တပ်သည် ပြည်သူများအား သတ်ဖြတ်မှုကို ရပ်တန့်မည် မဟုတ်ကြောင်း၊လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ၏ နောက်ဆက်တွဲ အရေးယူမှုကို ချက်ချင်း ဆောင်ရွက်ရန် လိုအပ်နေကြောင်း"လို့ သံအမတ်ကြီးကဆိုပါတယ်။
ထို့ကြောင့် လုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂပဋိဉာဏ်စာတမ်း၏ အခန်းခုနစ်အောက်မှ အဓိပ္ပါယ်ရှိသည့် အရေးယူ ဆောင်ရွက်မှုပြုလုပ်ရန်နှင့် ယင်းသို့ဆောင်ရွက်ရာတွင် စစ်တပ်သို့ လက်နက်တင်ပို့မှု ရပ်တန့်ရေးနှင့် ပြစ်မှုကျူးလွန်ထားသည့် စစ်တပ်ခေါင်းဆောင်များအား အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးသို့ လွဲပြောင်းရေးတို့ကို ဆောင်ရွက်ပေးရန် တို့ဖြစ်တယ်လို့ သံအမတ်ကြီးကဆိုပါတယ်။
========================
📌📌 ၆။ အကြမ်းဖက်စစ်ကောင်စီဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နဲ့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို မျက်ကွယ်ပြု၍ ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကိုကျူးလွန်
မေလ၂၀ရက်
မေလ၂၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ကျန်းမာရေးဝန်ကြီးဌာနဟာအကြမ်းဖက်စစ်ကောင်စီ၏ကျူးလွန်နေမှုများနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်အမှတ် (၆/၂၀၂၃)ကိုထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးဆိုင်ရာ ဥပဒေများနှင့် ပြည်တွင်း/ပြည်တွင်းဥပဒေများကို မျက်ကွယ်ပြု၍ ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကို အကြိမ်ကြိမ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိတယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည် မေလ၁၇ရက်နေ့၊ နံနက် (၄) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကရင်နီ (ကယား) ပြည်နယ်၊ ဘောလခဲမြို့နယ်၊ စောလုံရွာကို လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကြဲချလိုက်သော ဗုံးသည် စောလုံရွာရှိ ကျေးလက်ဆေးပေးခန်း၏ ဘေးအနီးတွင် ကျရောက်ခဲ့ပြီး အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ် မခင်ရွှေဝင်း သေဆုံးခဲ့ရကာ မခင်ရွှေဝင်း၏ ဖခင်အပါအဝင် သက်ကြီးရွယ်အို အမျိုးသား (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ထို့အပြင် ကျေးလက်ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ရာ၊ ပြည်သူ့ နေအိမ် (၆) လုံး၊ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် ကျေးရွာ၏ သောက်သုံးရေကန်တို့လည်း ထိခိုက်ပျက်စီးခဲ့ပြီး နွားများလည်း သေဆုံးခဲ့ရပါတယ်။
မေလ၁၆ရက်နေ့တွင် ရရှိသော သတင်းအရ အကြမ်းဖက်စစ်ကောင်စီသည် (၉-၄-၂၀၂၃) ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မြောက်ပိုင်းရှိ People's Healthcare Network (Kalay) ၏ မြောက်ပိုင်းတိုက်နယ်ဆေးရုံအတွင်းသို့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဆေးဝါးများ၊ ဆေးဝါးသိမ်းဆည်းရာ နေရာများနှင့် လူနာကြည့်ရှုရာ နေရာများကို အကြမ်းဖက်ဖျက်ဆီးသွားခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများမှာ အချိန်မီတိမ်းရှောင်နိုင်ခဲ့ပြီး ကျေးရွာများမှ ပြည်သူနှစ်သောင်းကျော်လည်း အိုးအိမ်စွန့်ခွာ၊ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဆိုပါတယ်။
NUG ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်မယ်လို့လည်းဆိုထားပါတယ်။
========================
📌📌 ၇။ ပလက်ဝခရိုင်မှာ မိုခါမုန်တိုင်းကြောင့် လူနေအိမ်(၃၀၁)လုံးနှင့် စာသင်ကျောင်း (၁၀) ကျောင်းပျက်စီး
မေလ၂၁ရက်။
မေလ၂၁ရက်နေ့မှာ ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ ချင်းပြည်နယ်ကမိုခါမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှုများကို အခုလိုအသိပေးဖော်ပြပါတယ်။
"၂၀၂၃ခုနှစ်၊ မေလ(၁၄)ရက်နေ့ ချင်းပြည်နယ်အတွင်း မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုများ ကြောင့် ပလက်ဝခရိုင်အတွင်းရှိ လူနေအိမ်၊ ဘုရားကျောင်း၊ စာသင်ကျောင်း၊ စပါးကျီ၊ မီးတိုင်၊ မြေပြိုခြင်းနှင့် ရေပိုက်လိုင်းများ ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရှိရပါတယ်။ပလက်ဝခရိုင်သည် ဖုန်းလိုင်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသဖြစ်သောကြောင့် အချိန်နှင့် တပြေးညီတင်ပြနိုင်ရန် အခက်အခဲရှိသော်လည်း မေလ(၂၁)ရက်နေ့အထိ ရရှိထားသည့်စာရင်းအရ လူနေအိမ်ပေါင်း (၃၀၁) အိမ်၊ ဘုရားကျောင်း(၇) ကျောင်း၊ စာသင်ကျောင်း (၁၀)ကျောင်း၊ စပါးကျီ(၅)ခု ၊ ရေပိုက်လိုင်း(၇)ခု ပျက်စီးကြောင်း စာရင်းရရှိထားပါတယ်"လို့ဆိုပါတယ်။
ပျက်စီးဆုံးရှုံးမှုစာရင်းအဆက်သွယ်မရရှိ သေးသည့် ကျေးရွာများကို လည်း ဆက်လက်ချိတ်ဆက် ဆောင်ရွက်နေဆဲ ဖြစ်ပြီး ပလက်ဝခရိုင်အတွင်း မိုခါမုန်တိုင်းကြောင့် လေဘေးသင့်ပျက်စီးဆုံးရှုံးသော ပြည်သူများအား လူသားချင်း စာနာထောက်ထားသော အကူအညီများ ရရှိနိုင်ရေးအတွက် ဝိုင်းဝန်း ပံ့ပိုး ဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment