၂၀၂၃ မေလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အထူးစုံစမ်းထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် အသင်းအဖွဲ့လက်မှတ်ထုတ်ပေးနိုင်ခဲ့သည့်ကိစ္စရပ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာတင်ပြခဲ့
📌 ၂။ အကြမ်းဖက်စစ်ကောင်စီဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နဲ့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို မျက်ကွယ်ပြု၍ ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကိုကျူးလွန်
📌 ၃။ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်ရှိ တာဝန်ရှိသူ အသီးသီးနဲ့တွေ့ဆုံဆွေးနွေး
📌 ၄။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ၏ နောက်ဆက်တွဲ အရေးယူမှုကို ချက်ချင်း ဆောင်ရွက်ရန် လိုအပ်နေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
📌 ၅။ အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၁၃၀) နီးပါးအား ဖမ်းဆီးခဲ့ကာ (၁၆) ဦးမှာလည်းစကစကြောင့် အသက်ဆုံးရှုံးခဲ့ရ
📌 ၆။ စာတွေ့၊လက်တွေ့ အချိန်တစ်လကြာ သင်ကြားပေးတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ အထူးလက်ဖြောင့်မွမ်းမံသင်တန်းမှ အထူးလက်ဖြောင့်ရဲဘော် (၃၀) ဦးသင်တန်းဆင်း
📌 ၇။ ဓာတ်အားလိုင်းအား ပြင်ဆင်ရန်လာသည့် စကစကားတန်းအား မြိုင်နယ် သရက်ကန်ပျူစခန်းနှင့် တွင်းမပျူစခန်းကြားတွင် မိုင်းကြီးမိုင်းသေးများဖြင့် မြိုင်ပကဖမှ မိုင်းဆွဲတိုက်ခိုက်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အထူးစုံစမ်းထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် အသင်းအဖွဲ့လက်မှတ်ထုတ်ပေးနိုင်ခဲ့သည့်ကိစ္စရပ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာတင်ပြခဲ့
မေလ၂၀ရက်
အထူးစုံစမ်းထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် အသင်းအဖွဲ့လက်မှတ်ထုတ်ပေးနိုင်ခဲ့သည့်ကိစ္စရပ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာတင်ပြခဲ့တယ်လို့ မေလ၂၀ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ပါတယ်။
မေလ ၁၉ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံအရ သက်ဆိုင်ရာဦးစီးဌာနများဖြင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာတွင် မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ဝန်ကြီးဌာနအသီးသီးတို့ကြား ချိတ်ဆက် ဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များ၊ လုပ်ငန်းလမ်းညွှန်များ ရေးဆွဲထုတ်ပြန်ထားပြီး ၎င်းတို့နှင့်အညီ ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ အထူးစုံစမ်းထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် အသင်းအဖွဲ့လက်မှတ်ထုတ်ပေးနိုင်ခဲ့သည့်ကိစ္စရပ်များအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဦးလွင်ကိုလတ်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။
၎င်းနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဆက်လက်ကျင်းပရာ ဘဏ္ဍာရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ NUCC ရေးရာကော်မတီ၊ ပညာရေးကော်မတီ၊ အလုပ်သမားရေးရာကော်မတီနှင့် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများ၏ အကြံပြုချက်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နဲ့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို မျက်ကွယ်ပြု၍ ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကိုကျူးလွန်
မေလ၂၀ရက်
အကြမ်းဖက်စစ်ကောင်စီဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နဲ့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို မျက်ကွယ်ပြု၍ ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကိုကျူးလွန်နေတယ်လို့ NUGကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မေလ၂၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနဟာ ထုတ်ပြန်ကြေညာချက်အမှတ် (၆/၂၀၂၃)ကိုထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးဆိုင်ရာ ဥပဒေများနှင့် ပြည်တွင်း/ပြည်တွင်းဥပဒေများကို မျက်ကွယ်ပြု၍ ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကို အကြိမ်ကြိမ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိတယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည် မေလ၁၇ရက်နေ့၊ နံနက် (၄) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကရင်နီ (ကယား) ပြည်နယ်၊ ဘောလခဲမြို့နယ်၊ စောလုံရွာကို လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကြဲချလိုက်သော ဗုံးသည် စောလုံရွာရှိ ကျေးလက်ဆေးပေးခန်း၏ ဘေးအနီးတွင် ကျရောက်ခဲ့ပြီး အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ် မခင်ရွှေဝင်း သေဆုံးခဲ့ရကာ မခင်ရွှေဝင်း၏ ဖခင်အပါအဝင် သက်ကြီးရွယ်အို အမျိုးသား (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ထို့အပြင် ကျေးလက်ဆေးပေးခန်းနှင့် ဝန်ထမ်းအိမ်ရာ၊ ပြည်သူ့ နေအိမ် (၆) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် ကျေးရွာ၏ သောက်သုံးရေကန်တို့လည်း ထိခိုက်ပျက်စီးခဲ့ပြီး နွားများလည်း သေဆုံးခဲ့ရပါတယ်။
မေလ ၁၆ရက်နေ့တွင် ရရှိသော သတင်းအရ အကြမ်းဖက်စစ်ကောင်စီသည် (၉-၄-၂၀၂၃) ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မြောက်ပိုင်းရှိ People's Healthcare Network (Kalay) ၏ မြောက်ပိုင်းတိုက်နယ်ဆေးရုံအတွင်းသို့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဆေးဝါးများ၊ ဆေးဝါးသိမ်းဆည်းရာ နေရာများနှင့် လူနာကြည့်ရှုရာ နေရာများကို အကြမ်းဖက်ဖျက်ဆီးသွားခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများမှာ အချိန်မီတိမ်းရှောင်နိုင်ခဲ့ပြီး ကျေးရွာများမှ ပြည်သူနှစ်သောင်းကျော်လည်း အိုးအိမ်စွန့်ခွာ၊ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဆိုပါတယ်။
NUG ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်မယ်လို့လည်းဆိုထားပါတယ်။
========================
📌📌 ၃။ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်ရှိ တာဝန်ရှိသူ အသီးသီးနဲ့တွေ့ဆုံဆွေးနွေး
မေလ၂၀ရက်
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်ရှိ တာဝန်ရှိသူ အသီးသီးနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မေလ (၁၉) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
"နယူးဇီလန်နိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေလ၁၇ရက် မွန်းလွဲပိုင်းတွင် နယူးဇီလန်နိုင်ငံ၊ ရှေ့နေချုပ်နှင့် တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးနှင့် အတူ ညစာသုံးဆောင်ခဲ့ကာ မြန်မာ့အရေးနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်"လို့ဖော်ပြပါတယ်။
မေလ ၁၈ရက် နံနက်ပိုင်းတွင်မူ နယူးဇီလန်နိုင်ငံ၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့်လည်း တွေ့ဆုံကာ မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို အလေးထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ညနေပိုင်းတွင် ဝန်ကြီးသည် အုတ်ကလန်မြို့သို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ အုတ်ကလန်လေဆိပ် ဆိုက်ရောက်ဆောင်တွင် အုတ်ကလန်မြို့ရှိ မြန်မာတိုင်းရင်းသားမိသားစုများက လှိုက်လှဲစွာဖြင့် ကြိုဆိုခဲ့ကြပါတယ်။
မေလ၁၉ရက် နံနက်ပိုင်းတွင် ဝန်ကြီးသည် စီစဉ်ထားသည့် အစည်းအဝေးများကို တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် အုတ်ကလန်မြို့ရှိ မြန်မာတိုင်းရင်းသား မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် လူ့အခွင့်အရေး ဝန်ကြီးဌာနတို့က ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ၏ နောက်ဆက်တွဲ အရေးယူမှုကို ချက်ချင်း ဆောင်ရွက်ရန် လိုအပ်နေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
မေလ၁၉ရက်
လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ၏ နောက်ဆက်တွဲ အရေးယူမှုကို ချက်ချင်း ဆောင်ရွက်ရန် လိုအပ်နေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။
မေလ ၁၉ရက် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြုလုပ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ Arria-Formula အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မှပြောကြားခဲ့ပါတယ်။
"ယမန်နှစ် ဒီဇင်ဘာလက လုံခြုံရေးကောင်စီဆုံးဖြတ်ချက် “၂၆၆၉” အတည်ပြုချမှတ်ခဲ့ပြီးနောက်တွင် စစ်တပ်သည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို အဖန်တလဲလဲ ကျူးလွန်လျက်ရှိကြောင်း၊ ဧပြီလ (၁၁) ရက်နေ့ကပင် လူပေါင်း (၂၀၀) နီးပါးကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ကို လတ်တလော ကျူးလွန်ထားကြောင်း၊ ယင်းသို့ အကြိမ်ကြိမ် ကျူးလွန်ခဲ့သော်လည်း ဒဏ်ခတ်အရေးယူခံရခြင်းမှ လွတ်မြောက်နေကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းမှ စစ်တပ်အပေါ် အရေးယူခြင်း မရှိသေးသရွေ့ စစ်တပ်သည် ပြည်သူများအား သတ်ဖြတ်မှုကို ရပ်တန့်မည် မဟုတ်ကြောင်း၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ၏ နောက်ဆက်တွဲ အရေးယူမှုကို ချက်ချင်း ဆောင်ရွက်ရန် လိုအပ်နေကြောင်း"လို့ သံအမတ်ကြီးကဆိုပါတယ်။
ထို့ကြောင့် လုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂပဋိဉာဏ်စာတမ်း၏ အခန်းခုနစ်အောက်မှ အဓိပ္ပါယ်ရှိသည့် အရေးယူ ဆောင်ရွက်မှုပြုလုပ်ရန်နှင့် ယင်းသို့ဆောင်ရွက်ရာတွင် စစ်တပ်သို့ လက်နက်တင်ပို့မှု ရပ်တန့်ရေးနှင့် ပြစ်မှုကျူးလွန်ထားသည့် စစ်တပ်ခေါင်းဆောင်များအား အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးသို့ လွဲပြောင်းရေးတို့ကို ဆောင်ရွက်ပေးရန် တို့ဖြစ်တယ်လို့ သံအမတ်ကြီးကဆိုပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၁၃၀) နီးပါးအား ဖမ်းဆီးခဲ့ကာ (၁၆) ဦးမှာလည်းစကစကြောင့် အသက်ဆုံးရှုံးခဲ့ရ
မေလ၂၀ရက်
အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၁၃၀) နီးပါးအား ဖမ်းဆီးခဲ့ကာ (၁၆) ဦးမှာလည်း စကစကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။
မေလ၂၀ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အသိပေးဖော်ပြပါတယ်။
"အကြမ်းဖက်စစ်ကောင်စီက လက်နက်အားကိုးဖြင့် ဥပဒေမဲ့သိမ်းယူရန် ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၁၃၀) နီးပါးအား ဖမ်းဆီးခဲ့ကာ (၁၆) ဦးမှာ ထောင်အတွင်း သို့မဟုတ် မိမိနေရပ်စွန့်ခွာတိမ်းရှောင်ရင်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ ကိုယ်စားလှယ် (၄) ဦးမှာ နိုင်ငံသား ရုပ်သိမ်းခံခဲ့ရပါတယ်"လို့ဆိုပါတယ်။
မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်ခေါင်းဆောင်များသည် နိုင်ငံတော်၏ အာဏာအား ဥပဒေမဲ့ ချုပ်ကိုင်ထားနိုင်ရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသားလူငယ်များ၊ အနုပညာရှင်များနှင့် ပြည်သူအများအပြားအား ဥပဒေမဲ့ ဖမ်းဆီးထောင်ချခြင်းများကို လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
ဥပဒေမဲ့ ဖမ်းဆီးခံရသည့်အထဲတွင် ပြည်ထောင်စုအဆင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၄၁) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၈၇) ဦး ပါဝင်ပြီး လက်ရှိအချိန်အထိ ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ် (၂၉) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅၉) ဦးသည် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့သိရပါတယ်။
ဖမ်းဆီးခံရသော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ (အမှတ် (၁)၊ ပဲခူးမြို့နယ်) သည် ထောင်တွင်း၌ ဆေးကုသခွင့်မရှိသဖြင့် သေဆုံးခဲ့ရပြီး ဦးကျော်မျိုးမင်း (မွန်ပြည်နယ်၊ ဘီလင်းမဲဆန္ဒနယ်အမှတ်(၂))အား စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် လမ်းဘေးတစ်နေရာတွင် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပါတယ်။
ထိုသို့ ဥပဒေမဲ့ ဖမ်းဆီးထောင်ချမှုများ တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် မိမိနေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၅) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၉) ဦးတို့သည် လုံလောက်သော ဆေးကုသမှုမရရှိသဖြင့် သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၆။ စာတွေ့၊လက်တွေ့ အချိန်တစ်လကြာ သင်ကြားပေးတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ အထူးလက်ဖြောင့်မွမ်းမံသင်တန်းမှ အထူးလက်ဖြောင့်ရဲဘော် (၃၀) ဦးသင်တန်းဆင်း
မေလ ၂၀
စာတွေ့၊ လက်တွေ့ အချိန်တစ်လကြာ သင်ကြားပေးတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ အထူးလက်ဖြောင့်မွမ်းမံသင်တန်းမှ အထူးလက်ဖြောင့်ရဲဘော် (၃၀) ဦးသင်တန်းဆင်းခဲ့တယ်လို့ မေလ၂၀ရက်မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.Fကအသိပေးဖော်ပြပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ အထူးလက်ဖြောင့်မွမ်းမံသင်တန်းအား KNU တပ်မဟာ(၆) နယ်မြေအတွင်း ယနေ့ မေလ ၁၉ ရက်နေ့တွင် အောင်မြင်စွာပြီးမြောက်ခဲ့ပြီးဖြစ်ပါတယ်။ အထူးလက်ဖြောင့်မွမ်းမံသင်တန်းတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F၊ နဂါးနီစစ်ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့၊ MSRF မှ အတွေ့အကြုံရှိထူးချွန်စနိုက်ပါရဲဘော်များအား သီးခြားစုဆောင်း၍ စာတွေ့ လက်တွေ့နှင့် လက်နက်မျိုးစုံ၊ ပုံစံမျိုးစုံကို အချိန်တစ်လကြာသည်အထိ လက်တွေ့ လေ့ကျင့် ပစ်ခတ်ခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။
သင်တန်းအားတပ်ဖွဲ့အချင်းချင်း ပူးပေါင်းစစ်ဆင်ရေးများဆောင်ရွက်နိုင်ရန်နှင့် စစ်ဆင်ရေးတိုင်းတွင် စနိုက်ပါများအား အထူးကဏ္ဍအနေဖြင့် ဗျူဟာကျကျ ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်တယ်လို့သိရပါတယ်။
မွမ်းမံသင်တန်းပြီးမြောက်ခဲ့သော အထူးလက်ဖြောင့်ရဲဘော် (၃၀) ဦးအား KNU တပ်မဟာ (၆)၊ တပ်မဟာ (၄) နယ်မြေရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးနှင့် စစ်ကြောင်းများတွင် စစ်ဆင်ရေးတာဝန်များ ပေးအပ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၇။ ဓာတ်အားလိုင်းအား ပြင်ဆင်ရန်လာသည့် စကစကားတန်းအား မြိုင်နယ် သရက်ကန်ပျူစခန်းနှင့် တွင်းမပျူစခန်းကြားတွင် မိုင်းကြီးမိုင်းသေးများဖြင့် မြိုင်ပကဖမှ မိုင်းဆွဲတိုက်ခိုက်ခဲ့
မေလ၂၀
ဓာတ်အားလိုင်းအား ပြင်ဆင်ရန်လာသည့် စကစကားတန်းအား မြိုင်နယ် သရက်ကန်ပျူစခန်းနှင့် တွင်းမပျူစခန်းကြားတွင် မိုင်းကြီးမိုင်းသေးများဖြင့် မြိုင်ပကဖမှ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
မေလ၂၀ရက် စစ်ရေးသတင်းကို မြိုင်ပကဖက အတည်ပြုဆိုပါတယ်။
"မြိုင် ပကဖက မေလ၁၉ရက် စက်မှု(၂)စကစတပ်သို့ လျှပ်စစ်ပေးနေသည့် ဓာတ်အားလိုင်းအား ပြင်ဆင်ရန်လာသည့် စကစကားတန်းအား သရက်ကန်ပျူစခန်းနှင့် တွင်းမပျူစခန်းကြားတွင် မိုင်းကြီးမိုင်းသေးများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစကားမှာ ပျက်စီးရပ်တန့်သွားပြီး စကစတို့၏ ထောက်ပို့လမ်းလည်း ပျက်စီးသွားပါတယ်"လို့ဆိုပါတယ်။
လတ်တလောမှာ စကစထိခိုက်ကျဆုံးမှုကိုမူ အတိအကျ မသိရသေးဘူးလို့ဆိုပါတယ်။
အထက်ပါတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ › တပ်ခွဲ-၁ ၊ တပ်ခွဲ - ၂ (ဂဠုန်) ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့(မြိုင်) ၊ KMDF(ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့) ၊ ဘီလုံးငှက်တပ်ဖွဲ့ အစရှိသော ပကဖပူပေါင်းတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment