၂၀၂၃ မေလ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တူရကီ သမ္မတ အာဒိုဂန် ပြန်လည်ရွေးချယ်ခံရခြင်းကို ဝမ်းမြောက်ဂုဏ်ယူတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ မြန်မာပြည်မှာ အပူဒဏ်ကြောင့် ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများကို ပိုမိုဂရုစိုက်ပေးဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်အသိပေး
📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ
📌 ၄။ ကမာရွတ်TTCတွင် ကျောင်းဝင်ခွင့်နဲ့ကျောင်းအပ်ခ သိန်း၃၀အထိ ပေးရ
📌 ၅။ ရေစကြို မြို့နယ် ရေလယ်ကျွန်းဒေသ ရွာပေါင်း၁၇ရွာမှ ဒေသခံပြည်သူ နှစ်သောင်း ကျော် စစ်ဘေးရှောင်နေရ
📌 ၆။ ငါန်းဇွန်မြို့နယ် မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ လိုက်ပါစီးနင်းလာသော ကား၃စီး မိုင်းဆွဲတိုက်ခိုက်ခံရ
📌 ၇။ ရန်ကုန်အတွက်အလင်းစက် ဒေါ်လာငါးသိန်းကမ်းပိန် ဇွန်လ ၃ ရက်နေ့စတင်မည်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တူရကီ သမ္မတ အာဒိုဂန် ပြန်လည်ရွေးချယ်ခံရခြင်းကို ဝမ်းမြောက်ဂုဏ်ယူတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
မေလ၃၀
တူရကီ သမ္မတ အာဒိုဂန် ပြန်လည်ရွေးချယ်ခံရခြင်းကို ဝမ်းမြောက်ဂုဏ်ယူတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ၎င်းဤTwitterမှာ ရေးသားထားပါတယ်။
"တူရကီ သမ္မတနိုင်ငံနှင့် Türkiye ပြည်သူများအတွက် ၁၃ ယောက်မြောက် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် သမ္မတ အာဒိုဂန်
အား ဂုဏ်ပြုပါတယ်။။ NUGအစိုးရနှင့် သင့်အစိုးရကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် မျှော်လင့်ပါတယ်"လို့ဆိုပါတယ်။
တူရကီနိူင်ငံရဲ့ရွေးကောက်ပွဲမှာ မဲအရေအတွက် ၉၉.၄၃ ရာနှုန်းကို ရေတွက်ပြီးချိန် မဲအရေအတွက် ၅၂.၁၄ ရာနှုန်းနှင့်တူရကီသမ္မတ အာဒိုဂန်ဟာ ပြန်လည် အနိုင်ရခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၂။ မြန်မာပြည်မှာ အပူဒဏ်ကြောင့် ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများကို ပိုမိုဂရုစိုက်ပေးဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်အသိပေး
မေလ၃၀
မြန်မာပြည်မှာ အပူဒဏ်ကြောင့် ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများကို ပိုမိုဂရုစိုက်ပေးဖို့သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က မေလ၃၀ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
"မြန်မာပြည်အလယ်တကြောလုံးရဲ့ အပူချိန်ဟာ ချွေးထုတ်ခန်း (Sauna) နဲ့တူလာပြီ။နွေခင်းတွေမှာ အပြင်မထွက်ကြပါနဲ့။မဖြစ်မနေထွက်ရမယ်ဆိုရင် အပူဒဏ်ခံနိုင်ပြီးချွေးစုပ်တဲ့ အဝတ်အစားနဲ့သွားပါ။ ရေများများသောက်ပါ။ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများကို ဂရုစိုက်ပေးပါ။ကျန်းမာကြပါစေ"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိူင်ငံတော် အာဏာကို လုယူပြီးနောက်ပိုင်း တရားမဝင် သစ်ခိုးခုတ်၍ ထုတ်ယူသုံးစွဲမှုများပိုမိုလာခဲ့ပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ
မေ လ ၃၀ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၁/၂၀၂၃)ကို မေလ ၂၉ ရက်နေ့ နေ့လည် (၀၃:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာသော ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ
မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ ကမာရွတ်TTCတွင် ကျောင်းဝင်ခွင့်နဲ့ကျောင်းအပ်ခ သိန်း၃၀အထိ ပေးရ
"၂၀၂၃ ခုနှစ်၊ တော်လှန်ရေးကာလအတွင်း အခြေခံပညာရေးကဏ္ဍဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူမိဘများသို့ အသိပေးတိုက်တွန်း နှိုးဆော်ချက်"မှာပြည်သူများ၏ သတင်းပေးတိုင်တန်းချက်ကို ပညာရေးဝန်ကြီးဌာနကဖော်ပြပါတယ်။
ကမာရွတ်TTCတွင် ကျောင်းဝင်ခွင့်နဲ့ကျောင်းအပ်ခ သိန်း၃၀အထိ ပေါက်ကြေးရှိသည့်အပြင်
အထက ၂ စမ်းချောင်း တွင်နယ်မြေကျော်ကျောင်းအပ်ခွင့် ၁၆သိန်း နယ်မြေတွင်းကျောင်းအပ်ခ ၁၀သိန်းအထိ ပေါက်ကြေးရှိခဲ့ပါတယ်။
ထို့အပြင်နာမည်ရှိကျောင်းများတွင် ကျောင်းမတက်ဘဲ အတန်းကျော်ခြင်းများကိုပါ အခကြေးငွေယူ၍ဆောင်ရွက်ပေးလျက်ရှိခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တရားမဝင်အကြမ်းဖက်စစ်ကောင်စီ ၏ လက်အောက်ခံ လက်ပါးစေ ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘကကျောင်းများ၏ အတန်းတင်သတ်မှတ်ချက်များသည် တရားမဝင်ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာထားပါတယ်။
========================
📌📌 ၅။ ရေစကြို မြို့နယ် ရေလယ်ကျွန်းဒေသ ရွာပေါင်း၁၇ရွာမှ ဒေသခံပြည်သူ နှစ်သောင်း ကျော် စစ်ဘေးရှောင်နေရ
မေလ၃၀
မကွေးတိုင်း၊ရေစကြို မြို့နယ် ရေလယ်ကျွန်းဒေသ ရွာပေါင်း၁၇ရွာမှ ဒေသခံပြည်သူ နှစ်သောင်း ကျော် စစ်ဘေးရှောင်နေရတယ်လို့ မေလနောက်ဆုံးပတ်မှာ ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။
"မကွေးတိုင်း ရေစကြို မြို့ နယ် ရေလယ်ကျွန်း ဒေသသို့ မေလ၂၆ရက်မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းဖြင့် ဘက်ပေါင်းစုံမှ ဝင်ရောက်လာကြပြီး ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ကျေးရွာ ၁၇ရွာကို ဝင်ရောက်ခဲ့ပါတယ်။မေလ၂၈ရက်
နန်းဦးကျေးရွာ ချင်းတွင်းမြစ်ကမ်းတွင် ရပ်နားထားသော စက်လှေ (၁၅) စီး ကိုလည်းကောင်း မီးရှို့ဖျက်ဆီး ခဲ့ကြပါတယ်။ အဆိုပါ ကျေးရွာများနေ ပြည်သူများနှင့် အနီးဝန်းကျင် ရွာများ မှ ပြည်သူ ( ၂၁၀၀၀-ဦး) ခန့်မှာ ဘေးလွတ်ရာ သို့ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်"လို့ဆိုပါတယ်။
ထို့အပြင်မေလ၂၈ရက်နေ့ အထိ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းများ၏ ပစ်ခတ်မှုကြောင့် သေဆုံးပြည်သူ ၃ ဦး နှင့် ပြည်သူအများ အပြားမှာလည်း ထိခိုက်ဒဏ်ရာရရှိထားကြပါတယ်။
ထိခိုက်ဒါဏ်ရာ ရရှိထားသော ပြည်သူအချို့အပါအဝင် ပြည်သူများကိုလည်း အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းများမှ လူသားဒိုင်းအဖြစ် အသုံးပြုခေါ်ဆောင်သွားကြကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၆။ ငါန်းဇွန်မြို့နယ် မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ လိုက်ပါစီးနင်းလာသော ကား၃စီး မိုင်းဆွဲတိုက်ခိုက်ခံရ
မေလ၃၀
ငါန်းဇွန်မြို့နယ် မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ လိုက်ပါစီးနင်းလာသော ကား၃စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ မေလ၃၀ရက်မှာ စစ်ရေးသတင်းကို စစ်ကိုင်းခရိုင်အမှတ်(၄) တပ်ရင်း-MSPDFကအသိပေးဆိုပါတယ်။
"မေလ၂၇ရက် ည၉နာရီ မိနစ်၄၀အချိန်ခန့်တွင် ငါန်းဇွန်မြို့နယ် ကုန်းလည်ရွာမှ နတ်ကြီးသို့ ပြန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ လိုက်ပါစီးနင်းလာသော ကား၃စီးအား ပဒေသာ ၃လုံး ၂ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစဘက်က (၂)ဦးနေရာတွင်ပွဲချင်းပြီးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါတယ်"လို့ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFနှင့်အတူ ငါန်းဇွန်မြို့နယ် ပကဖ၊ဖက်ဒရယ်ညီကိုပြည်သူ့ကာကွယ်ရေးနှင့် ထုတ်လုပ်ရေးအဖွဲ့၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ ငါန်းဇွန်၊Special task force (NgaZun)၊ ပြည်သူ့အင်အားပြောက်ကျားတပ်ဖွဲ့၊ငန်းနက်ပြောက်ကျားတပ်ဖွဲ့
၊ မန္တလေးခရိုင်တပ်ရင်း(၅)MNPDFတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။
========================
📌📌 ၇။ ရန်ကုန်အတွက်အလင်းစက် ဒေါ်လာငါးသိန်းကမ်းပိန် ဇွန်လ ၃ ရက်နေ့စတင်မည်
မေလ၃၀ရက်
ရန်ကုန်အတွက်အလင်းစက် ဒေါ်လာငါးသိန်းကမ်းပိန်းကို ဇွန်လ၃ရက်နေ့မှ ၃၀ရက်နေ့အထိ တစ်လတာ အချိန်ယူလှုပ်ရှားသွားမှာဖြစ်တယ်လို့သိရပါတယ်။
"တည်ငြိမ်တဲ့ရန်ကုန်ကိုပြန်ရဖို့ ကျွန်တော်တို့ တာဝန်ယူတယ်။"ရန်ကုန်အတွက် အလင်းစက်" ကိုကြိုဆိုပေးဖို့ ခင်ဗျားတို့လိုတယ်"လို့ ရန်ကုန်အတွက် အလင်းစက်"က အသိပေးဆိုထားပါတယ်။
ကမ်ပိန်းစတင်မယ့်အကြောင်းအရာနဲ့အသေးစိတ်အချက်အလက်များကိုမကြာမီ ရန်ကုန်အတွက် အလင်းစက်"လူမှုကွန်ရက်စာမျက်နှာကအသိပေးကြေညာမှာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment