၂၀၂၃ မေလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူ့ကြားက ပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဖြစ်သည်နှင့်အညီ PDF တပ်မတော်သည် ပြည်သူလူထုကို ကာကွယ်၊စောင့်ရှောက်ရိုသေရန် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
📌 ၂။ သယံဇာတက ထွက်ရှိတဲ့ ငွေကြေးများကို ဆေးရုံနဲ့ စာသင်ကျောင်းများ မဆောက်လုပ်ပဲ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို အကြမ်းဖက် စစ်ခေါင်းဆောင်တွေဟာ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
📌 ၃။ စကစဟာ တရားမဝင်တာဖြစ်တဲ့အတွက် အတန်းတင်ခြင်း၊ သတ်မှတ်ခြင်းကိစ္စတွေ တရားမဝင်ဘူးလို့ဆိုလိုခြင်းသာဖြစ်ပြီး အခက်အခဲအမျိုးမျိုးကြားက ကျောင်းတက်ရတဲ့ ကျောင်းသားတွေကို ဆန့်ကျင်တာ မဟုတ်ဘူးလို့ ဒုဝန်ကြီးဂျာထွယ်ပန်ရှင်းလင်း
📌 ၄။ အကြမ်းဖက်စစ်အုပ်စုက ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် အရပ်သားများနေထိုင်ရာ အရပ်ဒေသများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာ
📌 ၅။ ယင်းမာပင်မြို့နယ်တွင် စကစမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲရာ ဗုံးအလုံးရေ ၃၀ နီးပါး အသုံးပြုခဲ့
📌 ၆။ ကျွန်းလှမြို့နယ် ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်မှ အကြမ်းဖက်မီးရှို့ဖျက်ဆီး၍ ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများအား ရှာဖွေမွှေနှောက်ခိုးယူသွား
📌 ၇။ ကနီမြို့နယ်မှာ CDMဝင်ထားတဲ့ ဆင်ဦးစီး မိသားစုတစ်ရာကျော် စားဝတ်နေရေး အခက်အခဲ ဖြစ်နေ
📌 ၈။ ဂျပန်နိုင်ငံ Chiba စီရင်စုမှာ ရောင်နီလာရာလမ်း ပြသအပြီး Limited Edition ဦးထုပ်တလုံးကို လေလံစနစ်ဖြင့် ရောင်းချပေးရာ ယန်း ၃ သောင်းဖြင့်ဝယ်ယူသွား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူ့ကြားက ပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဖြစ်သည်နှင့်အညီ PDF တပ်မတော်သည် ပြည်သူလူထုကို ကာကွယ်၊စောင့်ရှောက်ရိုသေရန် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
မေလ၂၉
ပြည်သူ့ကြားက ပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဖြစ်သည်နှင့်အညီ PDF တပ်မတော်သည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရိုသေရန် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်ပါတယ်။
မေလ၂၉ရက် ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြစာတမ်းထွက်ရှိရာမှာ ပြည်ထောင်စုဝန်ကြီး၏ ဥယျောဇဉ်တွင် ထည့်သွင်းဆိုထားပါတယ်။
PDF တပ်မတော်၏ အသက်သွေးကြောမှာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ ပြည်သူ့ထောက်ခံမှုပင်ဖြစ်ပါတယ်။ ပြည်သူလူထု၏ စိတ်ဆန္ဒနှင့် ပါဝင်မှုမရှိဘဲ ဤပြည်သူ့တော်လှန်ရေးသည် ဖြစ်မလာနိုင်ပါ။ ပြည်သူ့တော်လှန်ရေးနှင့် ပြည်သူ့ထောက်ခံမှုမရှိပါက PDF တပ်မတော်သည် ရပ်တည်နိုင်မည် မဟုတ်ပါ။ ပြည်သူ့ကြားက ပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဖြစ်သည်နှင့်အညီ PDF တပ်မတော်သည် ပြည်သူလူထုကို ကာကွယ်ရန်၊ စောင့်ရှောက်ရန်၊ ရိုသေရန် ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ထို့အတူပြည်သူနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ အတူလက်တွဲပူးပေါင်းကာ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု” တည်းဟူသော အဆုံးသတ်ပန်းတိုင်အထိ ဆက်လက်ချီတက်သွားကြရန်၊ မဆုတ်မနစ် တိုက်ပွဲဝင်သွားကြရန်ကာကွယ်ရေးဝန်ကြီးကဆိုထားပါတယ်။
========================
📌📌 ၂။ သယံဇာတက ထွက်ရှိတဲ့ ငွေကြေးများကို ဆေးရုံနဲ့ စာသင်ကျောင်းများ မဆောက်လုပ်ပဲ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို အကြမ်းဖက် စစ်ခေါင်းဆောင်တွေဟာ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
မေလ၂၉
သယံဇာတက ထွက်ရှိတဲ့ ငွေကြေးများကို ဆေးရုံနဲ့ စာသင်ကျောင်းများမဆောက်လုပ်ပဲ ဆေးရုံနဲ့စာသင်ကျောင်းတွေကို အကြမ်းဖက် စစ်ခေါင်းဆောင်တွေဟာဗုံးကြဲတိုက်ခိုက်နေတယ်လို့ မေလ၂၉ရက်မှာ ကျင်းပပြုလုပ်တဲ့ "မြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ"ဆွေးနွေးပွဲမှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။
"သယံဇာတက ထွက်တဲ့ဟာတွေကို စာသင်ကျောင်းတွေဆောက်ရမယ်။ အခုတော့ စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တယ်။ သယံဇာတကထွက်တဲ့ဟာတွေကို ဆေးရုံဆေးခန်းတွေကို ဆောက်ပေးရမယ့်အစား၊ဆေးရုံဆေးခန်းတွေကို ဗုံးကြဲတိုက်ခိုက်တယ်။ အကြမ်းဖက်စစ်ခေါင်းဆောင်တွေ လုပ်နေတာသည် ပြောင်းပြန်ဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။
၂၀၂၃ ခုနှစ် ပထမလေးလပတ်အတွင်း မြို့နယ်ပေါင်း ၅၆ ခုထက်မနည်းမှာ လေကြောင်းတိုက်ခိုက်ခံရမှု ၄၄၂ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
ဒီကာလအတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွင်းမှာ အရပ်သား ၆၉၃ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ISP Myanmarကသိရပါတယ်။
========================
📌📌 ၃။ စကစဟာ တရားမဝင်တာဖြစ်တဲ့အတွက် အတန်းတင်ခြင်း၊ သတ်မှတ်ခြင်းကိစ္စတွေ တရားမဝင်ဘူးလို့ဆိုလိုခြင်းသာဖြစ်ပြီး အခက်အခဲအမျိုးမျိုးကြားက ကျောင်းတက်ရတဲ့ ကျောင်းသားတွေကို ဆန့်ကျင်တာ မဟုတ်ဘူးလို့ ဒုဝန်ကြီးဂျာထွယ်ပန်ရှင်းလင်း
မေလ၂၉ရက်
စကစဟာ တရားမဝင်တာဖြစ်တဲ့အတွက် အတန်းတင်ခြင်း၊ သတ်မှတ်ခြင်းကိစ္စတွေ တရားမဝင်ဘူးလို့ဆိုလိုခြင်းသာဖြစ်ပြီး အခက်အခဲအမျိုးမျိုးကြားက ကျောင်းတက်ရတဲ့ ကျောင်းသားတွေကို ဆန့်ကျင်တာ မဟုတ်ဘူးလို့ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးဂျာထွယ်ပန်က မေလ၂၉ရက်မှာ ရှင်းလင်းပြောကြားထားပါတယ်။
"စကစကျောင်းတွေကို NUG က အသိအမှတ်မပြုဘူးဆိုတာနဲ့ ပတ်သက်ပြီး၊ နားမလည်မေးမြန်းကြတာတွေအပေါ် အနည်းငယ်ဖြေကြားလိုပါတယ်။ စကစဟာ တရားမဝင်တာဖြစ်တဲ့အတွက် သူတို့လုပ်ဆောင်သမျှကိစ္စတွေ အတန်းတင်ခြင်း သတ်မှတ်ခြင်းကိစ္စတွေ တရားမဝင်ဘူးလို့ ဆိုလိုခြင်းဖြစ်ပါတယ်။ သူ့အလိုလို တရားမဝင်ဖြစ်သွားတဲ့သဘောပါ။ စနစ်ကို ဆန့်ကျင်နေတာဖြစ်ပြီး၊ အခက်အခဲအမျိုးမျိုးကြားက ကျောင်းတက်ရတဲ့ ကျောင်းသားတွေကို ဆန့်ကျင်တာမဟုတ်ပါဘူး"လို့ဆိုပါတယ်။
လက်ရှိမှာ ဆရာ၊ဆရာမတွေကို TOT training တွေ စပေးနေပြီး ပြည်သူ့ပညာရေးကျောင်းတွေ ဖက်ဒရယ် online ကျောင်းတွေမှာတော့ ဆရာ၊ ဆရာမတွေရဲ့အားထုတ်မှုတွေနဲ့ အသီးအပွင့်တွေ စတင်ခံစားရမှာ ဖြစ်တယ်လို့သိရပါတယ်။
"ကြားကာလမှာ ပုံစံအမျိုးမျိုးနဲ့သင်ကြားရတဲ့ ကျောင်းသားအားလုံးကို တော်လှန်ရေးပြီးချိန်မှာ ပြည်သူ့အစိုးရရဲ့ မူဝါဒတွေအတိုင်းပဲ ဆက်လက်လက်ခံသွားရမှာဖြစ်ပါတယ်။ ပြောချင်တာက ကြားကာလပညာရေးအတွက် မိမိလက်လှမ်းမှီရာ ပညာရေးကိုသင်ယူကြပါ။ ဖက်ဒရယ်ပညာရေးသဘောတရားတွေ၊ မူဝါဒတွေ၊ ပညာရေးစနစ်တွေအကြောင်းသိရှိလာအောင်လည်း လေ့လာပါ။ အတန်းတက်တာထက် ကိုယ့်ရဲ့ တတ်မြောက်မှု တိုးတက်လာဖို့ ဦးစားပေးပါ။ ကိုယ်လေ့လာကြိုးစားလို့ တိုးတက်ရရှိလာတဲ့ သိရှိတတ်မြောက်မှုကိုတော့ ဘယ်သူကမှ ငြင်းပယ်လို့မရပါ"လို့ ဒုဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုက ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် အရပ်သားများနေထိုင်ရာ အရပ်ဒေသများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာ
မေလ၂၉
အကြမ်းဖက်စစ်အုပ်စုက ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် အရပ်သားများနေထိုင်ရာ အရပ်ဒေသများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာတယ်လို့ မေလ၂၉ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ အသိပေးဖော်ပြပါတယ်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ် မဟုတ်သည့် ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် အရပ်သားများနေထိုင်ရာ အရပ်ဒေသများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာပါတယ်။ မေလ ၂၃ ရက်နေ့ ညပိုင်းအချိန်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မောခီးကျေးရွာအုပ်စု၊ ပနွယ်ဖိုးကလိုးကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ နေပြည်တော်လေတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ခရစ်ယာန် ဘုရားကျောင်း အပါအဝင် အဆောက်အဦ ရှစ်လုံး ပျက်စီးခဲ့ပါတယ်"လို့ဆိုပါတယ်။
ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာဒေသများကို စီးနင်း၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာသောကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ ယင်းမာပင်မြို့နယ်တွင် စကစမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲရာ ဗုံးအလုံးရေ ၃၀ နီးပါး အသုံးပြုခဲ့
မေလ၂၉
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စကစမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ ရာ ဗုံးအလုံးရေ ၃၀ နီးပါး အသုံးပြုခဲ့တယ်လို့ သတင်းရရှိပါတယ်။
မေလ၂၉ရက် နေ့လည် ၂ နာရီဝန်းကျင်အချိန်တွင် ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာ နှင့်အနီးတဝိုက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စကစတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ABSDF Column - 3က အတည်ပြုဆိုပါတယ်။
"မေလ ၂၉ ရက် နေ့လည် ၂ နာရီဝန်းကျင်အချိန်တွင် ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာနှင့် အနီးတဝိုက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စကစမှ ဂျက်ဖိုက်တာ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ပါတယ် ။ ၂း၃၀ ဝန်းကျင် အချိန်တွင် ဒုတိယအကြိမ်အဖြစ် ဂျက်ဖိုက်တာလေယာဥ်ဖြင့် ကပိုင်ကျေးရွာ တောအစပ်နှင့် ကျေးရွာပေါ်သို့ ဆက်လက်ဗုံးကြဲခဲ့ပါတယ်"လို့ဆိုပါတယ်။
စကစဘက်က၂ကြိမ်တိုင်တိုင် လေကြောင်းမှ လာရောက်တိုက်ခိုက်မှုတွင် စုစုပေါင်း ဗုံးအလုံးရေ ၃၀ နီးပါး အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်တွင် ကျေးရွာနှင့် အနီးတဝိုက်မှ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး ထိခိုက်မှုများအား စုံစမ်းနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၆။ ကျွန်းလှမြို့နယ် ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်မှ အကြမ်းဖက်မီးရှို့ဖျက်ဆီး၍ ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများအား ရှာဖွေမွှေနှောက်ခိုးယူသွား
မေလ၂၉
ကျွန်းလှမြို့နယ် ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်မှ အကြမ်းဖက်မီးရှို့ဖျက်ဆီး၍ ပြည်သူပိုင်တန်ဖိုးကြီး ပစ္စည်းများအား ရှာဖွေမွှေနှောက်ခိုးယူသွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က မေလ၂၉ရက်မှာ အသိပေးဆိုပါတယ်။
"မေလ ၂၈ ရက်နေ့တွင် ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာ၌ တညအိပ်တပ်စွဲထားသော စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း-၃၆၁နှင့် ပျူစောထီးစုပေါင်းအင်အား ၁၇၀ ခန့်သည် မေလ ၂၉ ရက်နေ့ မနက် ၇ နာရီတွင် ကုက္ကိုကုန်းမှ ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများအား ရှာဖွေမွှေနှောက်ခိုးယူပြီး အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ကုက္ကိုကုန်းရွာအား မီးရှို့ပြီးထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး စစ်ကြောင်းသည် မနက် ၇ နာရီ ၅၀ မိနစ်တွင် လွှတ်တိုက်ရွာအား အကြမ်းဖက်ပစ်ခတ်ဝင်ရောက်ပြီး ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်"လို့ဆိုပါတယ်။
လွှတ်တိုက်ရွာသည် ယခုအကြိမ်မှာ စစ်ကောင်စီစစ်ကြောင်း၏ ဒုတိယအကြိမ် အကြမ်းဖက်ဝင်ရောက်ခြင်းကို ခံရပြီး ၂၀၂၂ခုနှစ်တွင်လည်း စစ်ကောင်စီတပ်မှ ပထမအကြိမ် အကြမ်းဖက်ဝင်ရောက်ခဲ့ကာ ရွာအားမီးမရှို့ခဲသော်လည်း ပြည်သူပိုင်အဖိုးတန်ပစ္စည်းများအား ခိုးယူပြီး လွှတ်တိုက်ရွာမှ ပြည်သူတစ်ဦးအား ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်မီးရှို့၍ အိမ်သာကျင်းထဲ ပစ်ချခဲ့ကြပါတယ်။
========================
📌📌 ၇။ ကနီမြို့နယ်မှာ CDMဝင်ထားတဲ့ ဆင်ဦးစီး မိသားစုတစ်ရာကျော် စားဝတ်နေရေး အခက်အခဲ ဖြစ်နေ
မေလ၂၉
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ CDMဝင်ထားတဲ့ ဆင်ဦးစီး မိသားစုတစ်ရာကျော် စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ မေလ၂၉ရက်မှာ KLG ကျောက်လုံးကြီးတပ်မဟာက အသိပေးဆိုပါတယ်။
ကနီမြို့နယ် တောထဲ တစ်နေရာတွင် ဆင်၃၆ကောင်ကို ထိန်းသိမ်းစောင့်ရှောက်နေသော CDMဝင်ထားတဲ့ ဆင်ဦးစီး မိသားစု ၁၀၃ဦး စားဝတ်နေရေး အရမ်းကို အခက်အခဲဖြစ်နေကြပါတယ်။ ဆင်များကို ယခုလက်ရှိအတိုင်း ကာကွယ်စောင့်ရှောက်ထားချင်သော်လဲ စားဝတ်နေရေး အဆင်မပြေတဲ့အတွက် ဆင်များကိုတောထဲ ဒီတိုင်းထားပီး နေရပ်ပြန်မဲ့အထိ တွေးနေကြပါတယ်"လို့ဆိုပါတယ်။
ဆင်များကို ထိန်းသိမ်းစောင့်ရှောက်နေသော ဆင်ဦးစီး မိသားစုအတွက် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီကြရန်နဲ့ ယင်းမာပင်ခရိုင် တပ်ရင်း 21/22/23ကနေ တဆင့်မှလည်း ဆင်ဦးစီး မိသားစုများအတွက် ထောက်ပံ့ကူညီနိုင်တယ်လို့သိရပါတယ်။
========================
📌📌 ၈။ ဂျပန်နိုင်ငံ Chiba စီရင်စုမှာ ရောင်နီလာရာလမ်း ပြသအပြီး Limited Edition ဦးထုပ်တလုံးကို လေလံစနစ်ဖြင့် ရောင်းချပေးရာ ယန်း ၃ သောင်းဖြင့်ဝယ်ယူသွား
မေလ၂၉ရက်
ဂျပန်နိုင်ငံ Chiba စီရင်စုမှာ ရောင်နီလာရာလမ်း ပြသအပြီး Limited Edition ဦးထုပ်တလုံးကို လေလံ စနစ်ဖြင့် ရောင်းချပေးရာ ယန်း ၃ သောင်းဖြင့် ဝယ်ယူသွားတယ်လို့ သတင်းရရှိပါတယ်။
မေလ၂၈ရက် ဂျပန်နိုင်ငံ Chiba စီရင်စုမှာ ရောင်နီလာရာလမ်း ရုပ်ရှင်ကိုပြသခဲ့တယ်လို့သိရပါတယ်။
"ဂျပန်နိုင်ငံ Chiba စီရင်စုမှာ မနေ့က ရောင်နီလာရာလမ်း ပြသအပြီး Limited Edition ဦးထုပ်တလုံးကို လေလံစနစ်ဖြင့် ရောင်းချပေးရာ ယန်း ၃ သောင်းဖြင့် တော်လှန်စိတ်ဓါတ်ပြသသွားခဲ့ပါတယ်။ လူဦးရေနည်းပါးသော အရပ်ဒေသတခုဖြစ်သော်လည်း ပွဲခင်းအတွင်း အလှူခံရရှိငွေ ယန်း ၂၂ သောင်းကျော်(ကျပ်ငွေ ၄၅ သိန်းခန့်) ရရှိခဲ့ပါတယ်"လို့ ရုပ်ရှင်ပြသရေးကော်မတီကဆိုပါတယ်။
ရောင်နီလာရာလမ်း ပွဲဦးထွက်ရလဒ်အနေနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့လယ်က ပရိတ်သတ် ၁၃၀၀ ဆန့်တဲ့ ရုပ်ရှင်ရုံကြီးတွင် ဒါရိုက်တာကိုပေါက်ရဲ့ ဒုတိယမြောက် မှတ်တမ်းရုပ်ရှင် ရောင်နီလာရာလမ်းအား ပြသခဲ့ရာ ပရိတ်သတ် ၁၂၀၀ ကျော်လာရောက်ကြည့်ရှု၍ ရုပ်ရှင်တပွဲတည်းကနေ ရန်ပုံငွေ ကျပ်သိန်း ၉၀၀ နီးပါးရရှိခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment