၂၀၂၃ မေလ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အရှိန်မြင့်တက်လာတော့မယ့် ခုခံတော်လှန်စစ်မှာ ပြည်သူပြည်သားများဟာ လုံခြုံရေးသတိ အပြည့်ထားဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကြားတည်ဆောက် ရရှိထားပြီးသော မဟာမိတ်ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းစေမယ်လို့ NUG အစိုးရပြောကြား
📌 ၃။ ၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုအား ကမ္ဘာ့အလယ်တွင် CDMလှုပ်ရှားသူတို့အား ဦးဆောင်ကိုယ်စားပြုခဲ့သူ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဂုဏ်ပြုချီးမြှင့်
📌 ၄။ ၂၀၂၃ ခုနှစ်ဧပြီလအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသည့်အရပ်သားပြည်သူ ၂၇၃ဦးရှိပြီး စစ်ကိုင်းတိုင်းတွင် အရပ်သားသတ်ဖြတ်ခံရမှုအများဆုံးဖြစ်
📌 ၅။ စစ်ကိုင်းခရိုင်-မြောင်မြို့နယ်-ကျောက်ရစ်ရဲစခန်းမှထွက်လာသောစစ်ကောင်စီတပ်သားများကို ဒရုန်းနဲ့တိုက်ခိုက်
📌 ၆။ ကျိုက်ထို တပ်မ ၄၄ ဌာနချုပ်အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစ အဖွဲ့ဝင် (၃) ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အရှိန်မြင့်တက်လာတော့မယ့် ခုခံတော်လှန်စစ်မှာ ပြည်သူပြည်သားများဟာ လုံခြုံရေးသတိ အပြည့်ထားဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
မေလ၇ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူပြည်သားများအတွက် လုံခြုံရေးသတိအပြည့် ရှိရမည့်အကြောင်းနှင့်ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။
"အရှိန်မြင့်တက်လာတော့မယ့် ခုခံတော်လှန်စစ်မှာ ပြည်သူပြည်သားများဟာ လုံခြုံရေးသတိအပြည့်ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ငွေအား၊လူအားများဖြင့် ထောက်ပံ့လှူဒါန်းခြင်း၊ အကြံဥာဏ်နဲ့သတင်းအချက်အလက်များ ပေးပို့ခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်သွားကြပါရန် တောင်းဆိုအပ်ပါတယ်"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ များ၏ စုပေါင်းစွမ်းဆောင်ရည်ဖြင့် နှစ်နှစ်အတွင်း အနည်းဆုံး ရန်သူ့အင်အား (၃)သောင်း ခန့်ကို သုတ်သင်နိုင်ခဲ့ပြီး (၁)သောင်းကျော်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကြားတည်ဆောက် ရရှိထားပြီးသော မဟာမိတ်ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းစေမယ်လို့ NUG အစိုးရပြောကြား
မေလ၇ရက်
မေလ၆ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏(၁၇) ကြိမ်မြောက် ကွန်ဂရက် အောင်မြင်စွာ ကျင်းပပြီးစီးခြင်းအပေါ် ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာမှာ အခုလိုဖော်ပြပါရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (၁၇) ကြိမ်မြောက် ကွန်ဂရက်ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါတယ်လို့ဆိုပါတယ်။
စတင်ဖွဲ့စည်းတည်ထောင်ချိန်မှစတင်၍ ယနေ့အထိ တော်လှန်ရေးသမိုင်းကြောင်း အစဉ်အလာကြီးမားခဲ့ သော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သမိုင်းပေးတာဝန်ကို လက်ဆင့်ကမ်းရယူရန် ယုံကြည် စွာ တာဝန်ပေးအပ်ခြင်းခံရသည့် ရွေးကောက်ခံ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခေါင်းဆောင်ကြီးများ အနေဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်ရေးအတွက် ကိုယ်စိတ်နှလုံးသုံးပါး ကျန်းမာစွာဖြင့် ဦးဆောင်ဦးရွက်ပြုနိုင်ကြပါစေကြောင်း အလေးအနက်ဆန္ဒပြုပါတယ်လို့ဖော်ပြပါတယ်။
မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကြား တည်ဆောက် ရရှိထားပြီးသော မဟာမိတ်ဆက်ဆံရေးကို ယခုထက် ပိုမိုခိုင်မာအားကောင်းစေလျက် တော်လှန်ရေး အင်အားစုများနှင့်လက်တွဲကာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် စုပေါင်းခေါင်းဆောင်မှုဖြင့် အတူတကွဆက်လက်လက်တွဲ ဆောင်ရွက်သွား နိုင်ရန် ယုံကြည်မျှော်လင့် ပါကြောင်းဖော်ပြရင်း ဤဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပေးပို့အပ်ပါတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၃။ ၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုအား ကမ္ဘာ့အလယ်တွင် CDMလှုပ်ရှားသူတို့အား ဦးဆောင်ကိုယ်စားပြုခဲ့သူ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဂုဏ်ပြုချီးမြှင့်
မေလ၇ရက်
၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုအား ကမ္ဘာ့အလယ်တွင် CDMလှုပ်ရှားသူတို့အား ဦးဆောင်ကိုယ်စားပြုခဲ့သူ သံအမတ်ကြီး ဦးကျော်မိုးထွန်းအားဂုဏ်ပြု ချီးမြှင့်လိုက်တယ်လို့ သတင်းရရှိပါတယ်။ မေလအတွင်းမှာ ၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ရွေးချယ်ဆုံးဖြတ်ခဲ့ကြခြင်းနှင့်ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်အသင်းတည်ထောင်သူ ဦးကျော်ဝဏ္ဍက Radio NUG ယခုလိုပြောကြားထားပါတယ်။
((((((ဦးကျော်ဝဏ္ဍ-ပြည်သူ့ဂုဏ်ရည်အသင်း တည်ထောင်သူ)))))
၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုအား နွေဦးတော်လှန်ရေး၏ စ ဦး တိုက်ပွဲဖြစ်သည့် အဓမ္မ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြကုန်သော ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုခြင်း အထိမ်းအမှတ် အဖြစ်၊ ကမ္ဘာ့အလယ်တွင် CDMလှုပ်ရှားသူတို့အား ဦးဆောင်ကိုယ်စားပြုခဲ့သူ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား “ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှု” ဖြင့် ဂုဏ်ပြု ချီးမြှင့်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုရှင်အတွက် ဂုဏ်ပြုမှုအား အမေရိကန်နိုင်ငံ လောစ်အိန်ဂျယ်လိစ် ဌာနခွဲမှ တာဝန်ယူကာ မေလ ၂၁ ရက် ၂၀၂၃ ခုနှစ်တွင် အမေရိကန် နိုင်ငံ Performing Arts Center of Baldwin Park, 4640 Maine Ave, Baldwin Park, CA 91706 ၌ ကျင်းပသွားမှာဖြစ်ပါတယ်။
========================
📌📌 ၄။ ၂၀၂၃ ခုနှစ်ဧပြီလအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသည့်အရပ်သားပြည်သူ ၂၇၃ဦးရှိပြီး စစ်ကိုင်းတိုင်းတွင် အရပ်သားသတ်ဖြတ်ခံရမှုအများဆုံးဖြစ်
မေလ၇ရက်
မေလအတွင်းမှာ စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသည့်အရပ်သားပြည်သူများ၏အရေအတွက်နှင့်ပတ်သက်၍ တရားရေးဝန်ကြီးဌာနက အခုလိုအသိပေးထုတ်ပြန်ပါတယ်။ ၂၀၂၃ ခုနှစ်ဧပြီလအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသည့်အရပ်သားပြည်သူ၂၇၃ဦးရှိပြီး စစ်ကိုင်းတိုင်းတွင် ၂၁၂ဦးရှိပြီး၄င်းတို့ထဲတွင် ကလေးသူငယ်၄၁ဦးနှင့် မသန်စွမ်း၂ဦးပါဝင်ခဲ့ပါတယ်။
ထို့အပြင် ဧပြီလအတွင်းမီးရှို့ဖျက်ဆီးရသည် နေအိမ်အဆောက်အဦပေါင်း၃၈၆၁လုံးရှိခဲ့ပြီး ၄င်းတို့ထဲတွင် စစ်ကိုင်းတိုင်းမှာ ၁၉၄၃ လုံး၊မကွေးတိုင်းမှာ၂၆၆လုံး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
တရားရေး၀န်ကြီးဌာန၊တရားဥပဒေစိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနသည် စစ်အာဏာသိမ်းမှုဖြစ်စဥ်ကာလအတွင်း စစ်အာဏာရှင်များမှကျူးလွန်နေသည့် စစ်ရာဇ၀တ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများ၊ အများပြည်သူ၏ အိုးအိမ်အဆောက်အဦးမီးရှို့ဖျက်ဆီးမှုများ၊ ပြည်သူများ၏ပစ္စည်းဉစ္စာများအား ဥပဒေမဲ့လုယူသိမ်းယူမှု များအပါအ၀င် ပြည်သူအချင်းချင်း ဥပဒေမဲ့ညှင်းပန်းနှိပ်စက်အနိုင်ကျင့်မှုများ၊ အရပ်ရပ်သော ဥပဒေမဲ့ချိုးဖောက်ကျူးလွန်မှုများ စသည်တို့ကိုစာရင်းကောက်ယူ မှတ်တမ်းများထားရှိပြုစုနေတယ်လို့ဆိုပါတယ်။
ထို့အပြင်ဥပဒေမဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပေါ် အမှန်တရားရှာဖွေဖော်ထုတ်ခြင်း၊ တရားမျှတမှု ရရှိအောင်ဆောင်ရွက်ခြင်း၊ ပြန်လည်ကုစားပေးလျော်ခြင်းနှင့် အရပ်ရပ်သောဥပဒေမဲ့လုပ်ရပ်များ ဖြစ်ရပ်ဆိုးများထပ်မံမဖြစ်ပွားစေခြင်းတို့အတွက် အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲခြင်း စသည့် လုပ်ငန်းစဥ်များကိုလည်း စီမံဆောင်ရွက်လျက်ရှိနေပါတယ်။
========================
📌📌 ၅။ စစ်ကိုင်းခရိုင်-မြောင်မြို့နယ်-ကျောက်ရစ်ရဲစခန်းမှထွက်လာသောစစ်ကောင်စီတပ်သားများကို ဒရုန်းနဲ့တိုက်ခိုက်
မေလ၇ရက်
မေလ၇ရက်မှာ စစ်ရေးသတင်းကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFနက အခုလိုအတည်ပြုဆိုပါတယ်။
"မေလ၊၆ရက်နေ့ ညနေ ၃နာရီမိနစ်၃၀ အချိန်ခန့်တွင်စစ်ကိုင်းခရိုင်-မြောင်မြို့နယ်-ကျောက်ရစ်ရဲစခန်းမှထွက်လာသောစစ်ကောင်စီတပ်သားများသည် သနပ်ကုန်းရွာ အနောက်ဘက် လုပ်တိုင်းကုန်းရောက်ရှိနေချိန်တွင်စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFနှင့်အတူ ညီနောင်မဟာမိတ်များမှ 3kgနိုင် CUSTOM Drone ဖြင့်တိုက်ခိုက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိခိုက်အကျအဆုံးရှိနိုင်ပြီး စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။
စစ်ဆင်ရေးကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFနှင့်အတူ ညီနောင်မဟာမိတ်များဖြစ်ကြသော CDSOM 001 အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၈)NRDF၊ ယင်းမာပင်ခရိုင်တပ်ရင်းအမှတ်(၁၄)(၁၅)SSTF တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ ကျိုက်ထို တပ်မ ၄၄ ဌာနချုပ်အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစ အဖွဲ့ဝင် (၃) ဦးသေဆုံး
မေလ၇ရက
မေလ၇ရက်မှာ စစ်ရေးသတင်းကို ကျိုက်ထို KRFတပ်ဖွဲ့က အခုလိုအတည်ပြုဆိုပါတယ်။
"မေလ၆ရက်နေ့တွင်ကျွန်ုပ်တို့ KRF ၊ KNLA နှင့် ကျိုက်ထို ပကဖ တို့ပူးပေါင်းကာ တပ်မ ၄၄ ဌာနချုပ်အားလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစ အဖွဲ့ဝင် (၃) ဦးသေဆုံးပြီး (၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
မေလ၆ရက်နေ့မွန်ပြည်တွင် ကျိုက်ထို တပ်မ ၄၄ ဌာနချုပ်နဲ့ ဘီးလင်းမြို့နယ်ရှိ ရဲစခန်း နှစ်ခုတို့ တိုက်ခိုက်ခံခဲ့ရပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment