၂၀၂၃ မေလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၂။ ဒေသန္တရအုပ်ချုပ်ရေး နှင့် ဒေသန္တရတရားစီရင်ရေးအား ခိုင်ခိုင်မာမာ တည်ဆောက်နိုင်လျှင် တရားစီရင်လုပ်ငန်း အောင်မြင်လာမယ်လို့ဆို
📌 ၃။ စိုးမိုးထိန်းချုပ်နယ်မြေများမှာ အိမ်ထောင်စုတစ်သောင်းကို လျှပ်စစ်မီးပေးနိုင်ခဲ့ပြီး ရွာပေါင်း ၄၅ရွာက ထရန်စဖော်မာ အကြီးများကို NUGရဲ့လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပြင်ဆင်ပေးနိူင်ခဲ့
📌 ၄။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်လာနိုင်ပြီး မေလ၁၀ရက်နေ့တွင် ပိုမိုအားကောင်းသော မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်
📌 ၅။ ပခုက္ကူမြို့နယ် ကန်တော်ရွာအနီးမော်တော်ယာဉ် ၅စီးဖြင့် ဖြတ်သန်းတဲ့ စကစတပ်များ မိုင်းထိ၍ ရှစ်ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိ
📌 ၆။ ဘိုကလေးမြို့နယ်ရဲစခန်းအား 40mmဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်
📌 ၇။ ရေဦးမြို့နယ် မြို့အဝင်မှာ စကစတပ်များကို ပဒေသာမိုင်း နှစ်တွဲဖြင့်ရေဦးပကဖက ဖောက်ခွဲတိုက်ခိုက်
📌 ၈။ မြောင်မြို့နယ်၊ ကျောက်ရစ်မှစစ်ကြောင်းထွက်လာသော စကစတပ်များကို ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်ရာ ဗျူဟာမှူးအပါအဝင် ၁၉ဦးထိခိုက်ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၈/၂၀၂၃)ကို မေလ ၇ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ဒေသန္တရအုပ်ချုပ်ရေး နှင့် ဒေသန္တရတရားစီရင်ရေးအား ခိုင်ခိုင်မာမာ တည်ဆောက်နိုင်လျှင် တရားစီရင်လုပ်ငန်း အောင်မြင်လာမယ်လို့ဆို
ဒေသန္တရအုပ်ချုပ်ရေး နှင့် ဒေသန္တရတရားစီရင်ရေးအား ခိုင်ခိုင်မာမာ တည်ဆောက်နိုင်လျှင် တရားစီရင်လုပ်ငန်းအောင်မြင်လာမယ်လို့ တရားရေးဝန်ကြီး ဦးသိန်းဦးကဆိုပါတယ်။
မေလ ၆ ရက် မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအခမ်းအနား (၈/၂၀၂၃)မှာ တရားရေးဝန်ကြီးကဆိုပါတယ်။
"သာမန်ပြည်သူများ အနေဖြင့် ၎င်းတို့၏ နေ့စဉ်လုပ်ကိုင်စားသောက်နေရသည့် လုပ်ငန်းကိစ္စများနှင့်သာ အချိန်ကုန်နေရ၍ ဥပဒေအား ဤကဲ့သို့ အသုံးပြုနိုင်ကြောင်း ထဲထဲဝင်ဝင်မသိရှိနိုင်ရာ ယခုကဲ့သို့ ဥပဒေတာဝန်ခံများအနေဖြင့် ပြည်သူလူထုကိုယ်စား ၎င်းတို့၏အခွင့်အရေးများ ဆုံးရှုံး နစ်နာမှုမရှိစေရန် လုပ်ဆောင်ပေးရခြင်းသည် အင်မတန် မွန်မြတ်ပြီး ကောင်းမွန်သည့်လုပ်ငန်းဖြစ်ကြောင်း၊ မိမိတို့၏ သက်ဆိုင်ရာဒေသတွင်း ဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရတရားစီရင်ရေးအား ခိုင်ခိုင်မာမာ တည်ဆောက်နိုင်လျှင် တရားစီရင်လုပ်ငန်းသည် အင်မတန်မှ အောင်မြင်သည့် လုပ်ငန်းဖြစ်လာမည်ဖြစ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။
ဆက်လက်၍ ဥပဒေတာဝန်ခံများ၏ ကြိုတင်မေးမြန်းချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခြင်း၊ အထွေထွေ ဆွေးနွေးခြင်း များလုပ်ဆောင်ခဲ့ပါတယ်။
အခမ်းအနားသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန်၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်တို့ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ စိုးမိုးထိန်းချုပ်နယ်မြေများမှာ အိမ်ထောင်စုတစ်သောင်းကို လျှပ်စစ်မီးပေးနိုင်ခဲ့ပြီး ရွာပေါင်း ၄၅ရွာက ထရန်စဖော်မာ အကြီးများကို NUGရဲ့လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပြင်ဆင်ပေးနိူင်ခဲ့
စိုးမိုးထိန်းချုပ်နယ်မြေများမှာ အိမ်ထောင်စုတစ်သောင်းကို လျှပ်စစ်မီးပေးနိုင်ခဲ့ပြီး ရွာပေါင်း ၄၅ရွာက ထရန်စဖော်မာ အကြီးများကို NUGရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြင်ဆင်ပေးနိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်းကပြောပါတယ်။
မေလ၇ရက်မှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းကဆိုခဲ့ပါတယ်။
"စိုးမိုးထိန်းချုပ်နယ်မြေတွေက ရွာပေါင်း၁၆ရွာက အိမ်ထောင်စုတစ်သောင်းကို လျှပ်စစ်မီးပေးနိူင်ခဲ့တယ်။ရွာတွေထဲက၄၅ရွာဆိုရင် ဒါ ထရန်စဖော်မာ အကြီးတွေ ပြင်ပေးနိူင်ခဲ့တယ်။ စကစဘက်က ပစ်လိုက်လို့ ထိမှန်သွားတဲ့ ပျက်စီးသွားတဲ့ ထရန်စဖော်မာတွေကို ပြင်ပေးနိုင်ခဲ့တယ်။နောက်တစ်ချက်က လုပ်ငန်းရှင်တွေက ပါဝါမီတာ တပ်ဆင်တာ သူက စကစရဲ့ မီးကိုယူပေမယ့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရဲ့ စိုးမိုးနယ်မြေမှာဆိုတော့ သူ့တပ်ဆင်မှုကို ခွင့်ပြုပေးတယ်။ ဒါပေမယ့် အခပေးဆောင်ရတယ်။ ၁၀သိန်းဝန်းကျင်ပေါ့။ ဒါကလည်း မြို့နယ်မှာ လိုအပ်ချက်တွေ အတွက် ပြန်လည်အသုံးပြုတာဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။
မေလ၆ရက်နေ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထံ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက အချက် ၈၇ချက်ပါဝင်သော လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်တာနဲ့ ဆောင်ရွက်ချက်များကို အစီရင်ခံ ရှင်းလင်းတင်ပြခဲ့ပါတယ်။
"လုပ်ငန်းရှင်က ထရန်စဖော်မာတပ်ဆင်တယ်ဆိုပေမယ့် စစ်ဆေးအတည်ပြုပြီး အခပေးချေစေတယ်။ ဒါပေမယ့် သူက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အသိအမှတ်ပြုမှုရမယ်။ နောင်တစ်ချိန်မှာ တရားဝင် ဆက်လက်အသုံးပြုခွင့်ကိုရတယ်"လို့ လျှပ်စစ်မီးအသုံးပြုခွင့်နဲ့ပတ်သက်လို့ ဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်လာနိုင်ပြီး မေလ၁၀ရက်နေ့တွင် ပိုမိုအားကောင်းသော မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်လာနိုင်ပြီး မေလ၁၀ရက်နေ့တွင် ပိုမိုအားကောင်းသော မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်တယ်လို့ NUG MOHADMက ထုတ်ပြန်ထားပါတယ်။
သင်္ချာပုံစံတွက်ချက်မှုများအရ ၂၀၂၃ခုနှစ်၊ မေလ (၇)ရက်ဝန်းကျင်၌ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်လာနိုင်ပြီး အဆိုပါလေဖိအားနည်း ရပ်ဝန်းသည် မေလ (၉) ရက်နေ့တွင် မုန်တိုင်းငယ်အဆင့် ရောက်လာနိုင်ပြီး မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားနိုင်တယ်လို့ ဆိုထားပါတယ်။
မေလ (၁၀)ရက်နေ့တွင် ပိုမိုအားကောင်းလာနိုင်ပြီး ကိုကိုးကျွန်း အနောက်တောင်ဘက်တွင် မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။ မေလ (၁၁)ရက်နေ့တွင် အရှေ့မြောက်ဘက်သို့ဦးတည်လာနိုင်ပြီး၊ မေလ (၁၂)ရက်ဝန်းကျင်တွင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ့်နိုင်ငံကြား စစ်တကောင်းမြို့အနီးမှ ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ဆိုထားပါတယ်။
========================
📌📌 ၅။ ပခုက္ကူမြို့နယ် ကန်တော်ရွာအနီးမော်တော်ယာဉ် ၅စီးဖြင့် ဖြတ်သန်းတဲ့ စကစတပ်များ မိုင်းထိ၍ ရှစ်ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိ
ပခုက္ကူမြို့နယ် ကန်တော်ရွာအနီး မော်တော်ယာဉ်၅စီးဖြင့် ဖြတ်သန်းတဲ့ စကစတပ်များမိုင်းထိ၍ ရှစ်ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။
မေလ၇ရက် နံနက်၀၈း၃၀အချိန်ခန့်တွင် ပခုက္ကူမြို့နယ် ကန်တော်ရွာအနီးတွင် မိုင်းပွိုင့်၁ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖ က အတည်ပြုဆိုပါတယ်။
မေလ၇ရက် နံနက်၀၈း၃၀အချိန်မြိုင်ပကဖ သည် ပခုက္ကူမြို့နယ် ကန်တော်ရွာအနီးတွင် စကစတပ်နဲ့ ရဲများမော်တော်ယာဉ်၅စီးဖြင့် ဖြတ်သန်းစဉ် မိုင်းပွိုင့်၁ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ရာအများအပြားထိခိုက်ဒဏ်ရာရရှိသွားပါတယ်"လို့ဆိုပါတယ်။
၎င်းမိုင်းဆွဲခံရသော ကားမှာကမ္မမြို့အနီး ဂျိုးပျံရပ်ကွက်တွင် မီးလောင်သွားခဲ့ကာ စကစဘက်က ၈ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၆။ ဘိုကလေးမြို့နယ်ရဲစခန်းအား 40mmဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ရဲစခန်းအား 40mmဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ဆင်ရေးသတင်းကို ဧရာဝတီလင်းပိုင်မော်ကျွန်းက မေလ၇ရက်မှာ အတည်ပြုဆိုပါတယ်။
"ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲစခန်းကို-မေ ၆ ရက် ၊ ည (၇:၃၀)မိနစ်အချိန်တွင်-
ဧရာဝတီလင်းပိုင်မော်ကျွန်း နှင့် ဘိုကလေးလင်းပိုင် နှင့် မော်ကျွန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး 79 ဗုံးပစ်လောင်ချာ 40mm ဗုံးသီးဖြင့် ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ဆောင်ရွက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
စစ်ဆေးရေးဆောင်ရွက်ခဲ့သော ရဲဘော်များအထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
ဗုံးသီးသည် အကြမ်းဖက်စစ်တပ်၏ ရဲစခန်းအတွင်းပိုင်းသို့ ကျရောက်ခဲ့ပြီး ပြင်းထန်စွာပေါက်ကွဲသံကို တစ်မြို့လုံးနီးပါးကြားရပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံစခန်းမှ ပြန်လှန်ပစ်ခတ်မှုများ အချက် သုံးဆယ် ခန့်ရှိခဲ့တယ်လို့သိရပါတယ်။
အတွင်းပိုင်းပျက်စီးမှု အခြေအနေအသေးစိတ်ကို အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။
========================
📌📌 ၇။ ရေဦးမြို့နယ် မြို့အဝင်မှာ စကစတပ်များကို ပဒေသာမိုင်း နှစ်တွဲဖြင့်ရေဦးပကဖက ဖောက်ခွဲတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြို့အဝင်မှာ စကစတပ်များကို ပဒေသာမိုင်း နှစ်တွဲဖြင့် ရေဦးပကဖက ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းကို ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က မေလ ၇ရက်မှာ အတည်ပြုဆိုပါတယ်။
"မေလ ၇ရက်မွန်းလွဲ၂နာရီ စကစတပ်များ အထိုင်ချရာ အတွင်းဝင်သွားပါပြီ။ မြို့အဝင်မှာ ပကဖ/PDFတို့က ပဒေသာမိုင်း နှစ်တွဲဖြင့် ကြိုဆိုခဲ့ရာ အဝင်နားရှိကားချောဆွဲပြီး ကောက်တင်သွားတယ်လို့ အတိအကျသတင်းရရှိပါတယ်"လို့ဆိုပါတယ်။
မေလ၁ရက်နေ့ကလည်း ရေဦးမြို့နယ် ဆည်ကြီး ပေါက်သာအဝင်လမ်းမှာ စကစတပ်များကို မိုင်းလေးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
========================
📌📌 ၈။ မြောင်မြို့နယ်၊ ကျောက်ရစ်မှစစ်ကြောင်းထွက်လာသော စကစတပ်များကို ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်ရာ ဗျူဟာမှူးအပါအဝင် ၁၉ဦးထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ ကျောက်ရစ်မှစစ်ကြောင်းထွက်လာသော စကစတပ်များကို ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်ရာ ဗျူဟာမှူးအပါအဝင် ၁၉ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မေလ ၆ရက်နေ့မှာ မြောင်မြို့နယ်၊ ကျောက်ရစ်မှ စစ်ကြောင်းထွက်လာသော စကစစစ်ကြောင်းကို ပစ်ခတ်ခဲ့တာလို့ Myingyan Ranger အဖွဲ့က အတည်ပြုပြောပါတယ်။
"မေလ၆ရက်နေ့က မြောင်မှာ ကျောက်ရစ်က စကစစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ပါတယ်။ ဗျူဟာမှူးအပါအဝင် ၁၉ယောက်လောက် အထိခိုက်ရှိပါတယ်။ ဗျူဟာမှူးကတော့အခြေနေမကောင်းဘူး။ ဒဏ်ရာရတာကို ရေစကြိုဘက်ကို၁၀ယောက်ကျော်လောက်ဆေးကုနေပါတယ် ။ ကျန်လူနာနဲ့ဗျူဟာမှူးကတော့ လက်ရှိကျောက်ရစ်မှာဘဲ ဆေးကုနေပါတယ်ဗျ။ ကျနော်တို့လက်နက်ကြီးနဲ့ ပစ်တာမှာ သူတို့ထဲ ကျပြီးအများအပြား ထိခိုက်ဒဏ်ရာရတာပါ"လို့ဆိုပါတယ်။
စစ်ဆင်ရေးကို Myingyan Ranger အဖွဲ့ (မြင်းခြံခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၃) နှင့် မဟာမိတ်တပ်ရင်း၊ တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment