၂၀၂၃ မေလ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အုပ်စုရဲ့ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့သပ်လျှို သွေးခွဲမှုတွေကို ရင်ဆိုင်နိုင်ကြဖို့ အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း များထံ တိုက်ရိုက်ပေးပို့သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား
📌 ၃။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကိုအတည်ပြု ထုတ်ပြန်
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ဆစ်ဒနီမြို့ရှိ Gilbert + Tobin ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေများနှင့် တွေ့ဆုံ
📌 ၅။ ကောလင်း KLPDF တပ်ရင်း(၁)အတွက် မြွေဆိပ်ဖြေဆေးနှင့်ဆေးဝါးများလိုအပ်
📌 ၆။ တကောင်းပကဖက တစ်ရက်တည်း အကြိမ်ကြိမ်တိုက်ခိုက်၍ စကစဘက်က ၂၀ ကျော်သေဆုံး
📌 ၇။ နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေပေးတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းမှ မေလအတွင်းမှာ အမေရိကန်ဒေါ်လာ တစ်သောင်းလေးထောင်ကျော်ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အုပ်စုရဲ့ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့သပ်လျှို သွေးခွဲမှုတွေကို ရင်ဆိုင်နိုင်ကြဖို့ အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
မေလ၉ရက်
မေလ၈ရက်နေ့တွင်ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလို ပြောကြားခဲ့ပါတယ်။
"စစ်အုပ်စုဟာ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ နည်းလမ်းများအတိုင်း တစ်ဖက်မှာလည်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို အပြီးတိုင်ချေမှုန်း သတ်ဖြတ်နေသလို ကျန်တစ်ဖက်မှာလည်း ပြည်သူလူထုနဲ့ ကျွန်တော်တို့အစိုးရအကြား၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကျန်တော်လှန်ရေး အင်အားစုများအကြား၊ တော်လှန်ရေးအင်အားစုများ အချင်းချင်းတွေကြားမှာ နည်းမျိုးစုံ၊ အသွင် သဏ္ဍာန်မျိုးစုံနဲ့ ဝါဒဖြန့်ချိ သပ်လျှိုသွေးခွဲလျက် ရှိနေတာကိုလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေဟာ ပိုပြီး စည်းစည်းလုံးလုံးနဲ့ ကျောချင်းကပ် ရင်ချင်းအပ်ပြီး အဲဒီ့သပ်လျှို သွေးခွဲမှုတွေကို ရင်ဆိုင်နိုင်ကြဖို့ အလွန်ပဲ အရေးကြီးပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်းသုံးထောင်ကျော်ကို သတ်ဖြတ်ထားသော်လည်း ၄င်းတို့လုပ်ရပ်ကို ဝန်မခံဘဲ အရပ်သားပြည်သူများနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား သွေးခွဲမှုများကိုသာ ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း များထံ တိုက်ရိုက်ပေးပို့သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား
မေလ၉ရက်
ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း များထံ တိုက်ရိုက်ပေးပို့သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့်ကဆိုပါတယ်။
မေလ ၈ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး၌ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရေး တောင်းဆိုတိုက်တွန်းချက်ကိုအတည်ပြုခဲ့ကြပါတယ်။
“လွှတ်တော်ကဏ္ဍကနေ ပြည်သူတွေရဲ့ အသံတွေကို နားထောင်ပြီး ပြည်သူ့ ကိုယ်စား ငြိမ်းချမ်းသော လွှတ်တော်ရဲ့ အဖြေရှာမှုပုံစံကို ချဲ့ထွင်စဉ်းစားပြီး ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်နိုင်သည်အထိ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးအပါအဝင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေတဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို ကမ္ဘာကြီးက ရှင်းရှင်းလင်းလင်း သိအောင် သုံးသပ်တင်ပြဆွေးနွေးသွားကြတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ကျေးဇူး အထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်ကို နိုင်ငံတကာ ပါလီမန်များအဖွဲ့၊ ဥရောပပါလီမန်၊ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း များထံလည်း တိုက်ရိုက်ပေးပို့သွားမှာ ဖြစ်ပါတယ်။”လို့ ပြည်ထောင်စုလွှတ်တော်နာယကဦးအောင်ကြည်ညွန့်ကပြောပါတယ်။
ဆုံးဖြတ်ချက်တွင် စစ်ကောင်စီထံ လေယာဉ်ဆီအပါအဝင် စစ်လက်နက်များ၊ စစ်အသုံးအဆောင်ပစ္စည်းများ တင်ပို့ရောင်းချခြင်းကို ပိတ်ပင်တားဆီးမှုများ ထိရောက်စွာ ပြုလုပ်ပေးရန်၊ စစ်ကောင်စီအတွက် အဓိက ဝင်ငွေရလမ်းများဖြစ်သည့် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းအပါအဝင် အခြားသော ဝင်ငွေရလုပ်ငန်းများအား ဒဏ်ခတ်အရေးယူမှုများ ဆက်လက်ပြုလုပ်ပေးရန်၊ လူမျိုးတုန်း သတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်တပ်မှတာဝန်ရှိသူများ၊ တရားမဝင်စစ်ကောင်စီအဖွဲ့ဝင် များ၊ ၎င်းတို့၏မိသားစုဝင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ရာဇဝတ်မှုများကျူးလွန်ရာတွင် ပါဝင် ပတ်သက်သူများအပေါ် ထိရောက်ပြီး ပြင်းထန်သော ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ တိုးချဲ့ ပြုလုပ်ပေးရန်
စသဖြင့်ပါဝင်ခဲ့ပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကိုအတည်ပြု ထုတ်ပြန်
မေလ၉
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကိုမေလ (၈) ရက်နေ့မှာ အတည်ပြုထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။
ဖက်ဒရယ် ဒီမိုကရေစီ ပညာရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (JCC-Education) သည် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ (ပထမမူကြမ်း) အပေါ်တွင် ပညာရေးဆိုင်ရာ လုပ်ဆောင်နေသော အဖွဲ့အစည်းအသီးသီး၏ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်၊ အကြံပြုချက်များကို ပေါင်းထည့်ပြင်ဆင်ထားပြီး ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ (ဒုတိယမူကြမ်း) ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို တင်သွင်းခဲ့ပါတယ်လို့ဖော်ပြပါတယ်။
အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ (ဒုတိယမူကြမ်း) ကို ၂၀၂၃ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို ထုတ်ပြန်အပ်ပါတယ်လို့ဆိုပါတယ်။
အဆိုပါ ပညာရေးမူဝါဒတွင် အချက်၁၈ချက်ပါဝင်ပြီးဖက်ဒရယ်ဒီမိုကရေစီ ပညာရေး စီမံခန့်ခွဲမှု စနစ်တည်ဆောက်ပုံ၊ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်တည်ဆောက်ပုံ၊ ရှေးဦးကလေးသူငယ်ပညာရေး၊ အခြေခံပညာရေးစတာတို့ပါဝင်ပြီး အသေးစိတ်ကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၏လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ဆစ်ဒနီမြို့ရှိ Gilbert + Tobin ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေများနှင့် တွေ့ဆုံ
မေလ၉ရက်
မေလ (၉) ရက်နေ့မှာ သြစတြေးလျဆိုင်ရာ NUGကိုယ်စားလှယ်ရုံးက အခုလို သတင်းထုတ်ပြန်ခဲ့ပါတယ်။
"သြစတြေးလျနိုင်ငံသို့ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းသည် ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆစ်ဒနီမြို့ရှိ Gilbert + Tobin ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေများနှင့် တွေ့ဆုံခဲ့ပြီး အာဏာသိမ်းခေါင်းဆောင်များ၏ လူ့အခွင့်အရေးကျူးလွန်ဖေါက်ဖျက်မှုများ၊ ရာဇဝတ်မှု လုပ်ရပ်များအတွက် တာဝန်ခံယူရန်နှင့် တရားမျှတမှု ဖေါ်ဆောင်ရန် ကြိုးပမ်းမှုများကို အဓိကထား ဆွေးနွေးခဲ့တယ်"လို့ဖော်ပြပါတယ်။
အဆိုပါ အစည်းအဝေးသို့ NUG လူ့အခွင့်အရေး ဝန်ကြီးဌာန၏ ဥပဒေအကြံပေး၊ NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်ရုံး၏ ရုံးအဖွဲ့မှုးတို့သည် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ကောလင်း KLPDF တပ်ရင်း(၁)အတွက် မြွေဆိပ်ဖြေဆေးနှင့်ဆေးဝါးများလိုအပ်
မေလ၉ရက်
ကောလင်း KLPDF တပ်ရင်း၁အတွက် မြွေဆိပ်ဖြေဆေးနှင့်ဆေးဝါးများလိုအပ်နေတယ်လို့ မေလအတွင်းမှာ ကောလင်းKLPDFတပ်ရင်း(၁)ကအသိပေးဆိုပါတယ်။
"ရဲဘော်တစ်ဦး ပိုးထိ၍ မြွေဆိပ်ဖြေဆေး ၁၈လုံး အသုံးပြု ကုသနေရပါတယ်။ တပ်ရင်းတပ်ဖွဲ့များ အနေဖြင့် ရာသီဥတု အရ ပိုးမွှားများထွက်တတ်သည့် ရာသီရောက်ပြီ ဖြစ်သဖြင့် အထူးဂရုစိုက်ကြရန်နှင့် ဆေးများ ဝယ်ယူစုဆောင်းထားကြပါရန် တိုက်တွန်းလိုက်ရပါတယ်။ တပ်ရင်း ၁ အတွက် ဆေးဝါးအလှူရှင်များရှိလျှင်လဲ ချိတ်ဆက်လှူဒါန်းပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်"လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အများဆုံးကြုံတွေ့နေရသည်မှာ မြွေအန္တရာယ်ဖြစ်ပါတယ်။
========================
📌📌 ၆။ တကောင်းပကဖက တစ်ရက်တည်း အကြိမ်ကြိမ်တိုက်ခိုက်၍ စကစဘက်က ၂၀ ကျော်သေဆုံး
မေလ၉ရက်
မေလ၉ရက်မှာ တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အခုလိုအသိပေးဆိုထားပါတယ်။
"သပိတ်ကျင်းမြို့နယ် ဆူးတောကျေးရွာမီးရှို့ပြီး မေ(၆)ရက်မနက်တွင် ကားလမ်းတစ်လျှောက်တက်လာသော တပ်မ(၈၈)လက်အောက်ခံ ခလရ(၇၈) အင်အား၁၅၀ပါ စစ်ကြောင်းသည် စစ်ကြောင်း၂ကြောင်းခွဲပြီး ညောင်ကုန်းရွာသို့ဝင်နေစဉ် မိုင်း၂လုံးဖြင့် ဒုတိယစစ်ကြောင်းအား ၈နာရီ၁၀မိနစ်အချိန်တွင်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာ အထိနာပြီး ညောင်ကုန်းရွာမှ ပြည်သူ၃၀ကျော်အား ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုပြီးစစ်ကြောင်းကိုဆက်လက်ထိုးခဲ့ပါတယ်"လို့ဆိုပါတယ်။
စစ်ကောင်စီသည် ကားလမ်းတစ်လျှောက်အား စစ်ကြောင်းထိုးပိတ်ထားပြီး ၁၂ဘီးကား၄စီးဖြင့် တောင်တစ်လုံးရွာအား အင်အားထပ်ဖြည့်စဉ် အင်ပျံနှင့် တောင်တစ်လုံးကြားတွင် ၉နာရီ၄၀မိနစ်အချိန်ပကဖအဖွဲ့များက မိုင်း(၉)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
၎င်းနောက် အချိန် ၁၀နာရီ၃၆မိနစ်တွင် စစ်ကောင်စီသည် မိုးကောင်းဦးဘုရား၊နောင်လုံသံတံတား စသည့်နေရာတွင် အသီးသီးနေရာယူထားပြီး စတင်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ည၉နာရီ၂၃မိနစ်တွင် တကောင်းမြို့ထဲမှ ထွက်လာသော ခွေးဘီးလူးကားနှင့်၆ဘီးကားတစ်စီးအား မိုင်း၂လုံးဖြင့် မိုးကောင်းဦးဘုရားနှင့် ၆မိုင်ရွာကြားတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမေ(၆)ရက်တစ်နေ့တာ မစ်ရှင်များတွင် စကစဘက်မှ (၂၀)ကျော်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၇။ နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေပေးတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းမှ မေလအတွင်းမှာ အမေရိကန်ဒေါ်လာ တစ်သောင်းလေးထောင်ကျော်ရရှိ
မေလ၈ရက်
နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေပေးတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းမှ မေလအတွင်း အစားအသောက်နဲ့ အလှူခံရရှိငွေ အမေရိကန်ဒေါ်လာ တစ်သောင်းလေးထောင်ကျော်ရရှိတယ်လို့
မေလ၈ရက်နေ့မှာ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုကအသိပေးဆိုပါတယ်။
"ဒီနေ့ အားအင်တွေဖြစ်စေတဲ့စကားများကြောင့် ဘယ်လိုပင် ပင်ပန်းကြပါစေ ခွန်အားအပြည့်နဲ့အားတက်ရပါတယ်။ ဝယ်ယူအားပေးသူမိတ်ဆွေများကို ကျေးဇူးတင်ပါကြောင်း ပြောတဲ့အခါမှာ ချက်ပြုတ်သူတွေ လုပ်အားပေးသူတွေရှေ့ကနေ ငွေကုန် အချိန်ကုန်ခံလုပ်နေကြတာ ငါတို့အားပေးရမှာပေါ့တဲ့ ။ မင်းတို့လုပ်နိုင်သလောက် ငါတို့အားပေးနေအုံးမှာပဲတဲ့ ။ ဒီစကားက ရင်ထဲကို ထိရှစေပါတယ်။ ခံစားချက်ကိုရင်ဝယ်ပိုက်ရင်း"လို့ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုကဆိုပါတယ်။
အမေရိကန်နိူင်ငံမှာ လစဥ် ကျင်းပတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းဟာ အစားအသောက်များကို ချက်ပြုတ် ရောင်းချပြီး ရရှိလာသော ရန်ပုံငွေများကို နွေဦးတော်လှန်ရေးသို့ ပြန်လည်ထောက်ပို့ပေးအပ်တာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment