၂၀၂၃ မေလ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ Emergency Operation Center ကို စနစ်တကျ စီမံဆောင်ရွက်ဖို့ ပြင်ဆင်နေပြီလို့ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ အကြမ်းဖက်စစ်ကောင်စီအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနှင့် နိုင်ငံတကာ အသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့
📌 ၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် ( ၉ / ၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက် နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်
📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၅။ စစ်ကောင်စီဟာ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ကြက်ခြေနီယာဉ်တန်းများ၊ ဘာသာရေး အဆောက်အအုံများအား တိုက်ခိုက်ခြင်းနဲ့ စစ်ရာဇဝတ်မှုများအားပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ တရားရေးဝန်ကြီးဌာနဆို
📌 ၆။ ပုလဲမြို့နယ်အတွင်း ဂိတ်(၉)ဂိတ်ဖြင့် မတ်လမှာကောက်ခံရရှိသော အခွန်ငွေ သိန်းကိုးဆယ်ကျော်ရရှိ
📌 ၇။ မုံရွာမြို့အမြင့်လမ်းထိပ်လဝကရုံးဟောင်းတွင် တပ်စွဲထားသော စကစများပစ်ခတ်ခံရ၍ နေရာတင်တစ်ဦးသေဆုံး
📌 ၈။ ဗန်းမောက်မြို့နယ် အနောက်ဖက် ဆိတ်စခူမှော်အနီးအား နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်များ ထားပစ်ခဲ့သောစကစတပ်ရဲ့ရုပ်အလောင်း ၆လောင်းတွေ့ရှိ
📌 ၉။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ကျေးရွာကိုစစ်ကြောင်းထိုးသော စကစတပ်များ ဒေသခံ ၁၅ ဦးကိုဖမ်းဆီးခေါ်ဆောင်သွား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ Emergency Operation Center ကို စနစ်တကျ စီမံဆောင်ရွက်ဖို့ ပြင်ဆင်နေပြီလို့ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့Emergency Operation Center ကို စနစ်တကျ စီမံဆောင်ရွက်ဖို့ ပြင်ဆင်နေပြီလို့ မေလ ၈ရက်မှာပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။
"ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအနေနဲ့လည်း စစ်ကောင်စီဟာ လူမျိုးမရွေး၊ နေရာမရွေး၊ အချိန်အခါမရွေး၊ ကလေးသူငယ် ကျားမမရွေး တိုက်ခိုက်မှုတွေကို နောက်ထပ်လည်း ထပ်မံပြုလုပ်လာနိုင်တာဖြစ်လို့ အချိန်ပြည့်သတိရှိနေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အခုဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း Emergency Operation Center ကို စနစ်တကျ စီမံဆောင်ရွက်ဖို့ ပြင်ဆင်နေပြီ ဖြစ်သလို မဟာမိတ် အင်အားစုများနဲ့လည်း စုစုစည်းစည်း စီမံဆောင်ရွက်နေတာတွေ ရှိပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် စိုးမိုး ထိန်းချုပ်နယ်မြေတွေမှာ ပညာရေး၊ ကျန်းမာရေး၊ တရားရေး၊ အခွန်ကောက်ခံရေး၊ လူသားစာနာ ကိစ္စတွေ အပါအဝင် အုပ်ချုပ်ရေးဆိုင်ရာတွေ စီမံဆောင်ရွက်နေနိုင်တာကို အကြမ်းဖက်စစ်တပ်ဟာ အင်မတန် ထိတ်လန့်ပုံရတယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနှင့် နိုင်ငံတကာ အသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့
အကြမ်းဖက်စစ်ကောင်စီအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနှင့် နိုင်ငံတကာ အသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့တယ်လို့ သတင်းရရှိပါတယ်။
မေလ၈ရက်မှာ ကျင်းပသော ပြည်ထောင်စုလွှတ်တော်မှာ အဆိုကို စစ်ကိုင်းတိုင်း ကလေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ(ခေါ်) ဒေါ်ရှားမီးက တင်သွင်းခဲ့ပါတယ်။ အဆိုပါ အဆိုတင်သွင်းမှုအား လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
အရေးကြီးအဆိုနှင့်ဆက်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ချမှတ်နိုင်ရေး ဆုံးဖြတ်ချက်မူကြမ်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။
အရေးကြီးအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်မူကြမ်းအား အတည်ပြုပေးရန် လွှတ်တော်၏ သဘောထားရယူခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များအားလုံးက သဘောတူ၍ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုကြောင်း လွှတ်တော်နာယကက ကြေညာခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကိုဆက်တိုက်ကျူးလွန်ခဲ့ပြီး ဧပြီလ ၁၁ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူပဇီကြီးရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူဦးရေ၁၇၄ဦးသေဆုံးခဲ့ရပါတယ်။
========================
📌📌 ၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် ( ၉ / ၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက် နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်
ထုတ်ပြန်ချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မေလ ၇ ရက်နေ့က တောင်ကြီးမြို့၌ ဖြစ်ပွားခဲ့သည့် သံတမန်ယာဉ်တန်းအား တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုတ်ချပါသည်။
ယင်းကဲ့သို့တိုက်ခိုက်မှုများသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိမိတို့တော်လှန်ရေး၏ အခြေခံမူများ လုံးဝဆန့်ကျင်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာစည်းမျဉ်း ဥပဒေများအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဘေးကင်းလုံခြုံစွာ ဖြန့်ဝေသွားနိုင်ရေးအတွက် အစဉ်ပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရကဖြစ်စေ၊ မိတ်ဖက်များက ဖြစ်စေ အမိန့်ပေးစေခိုင်းခဲ့ခြင်း မရှိသကဲ့သို့ ယင်းဖြစ်ရပ်ကိုလည်း လျစ်လျှူရှုမျက်ကွယ် ပြုထားမည် မဟုတ်ပါ။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့အနေဖြင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်လျက် ရှိပြီဖြစ်ပါသည်။
ယင်းတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ အခြေအနေမှာ ရှုတ်ထွေးလျက်ရှိပါသည်။ ဥပဒေရေးရာနှင့် အချက်အလက်တို့နှင့် စပ်လျဉ်း၍ ဂရုတစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရလာဒ်များကိုလည်း ပွင့်လင်း မြင်သာမှုရှိစွာဖြင့် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ ဟူ၍ပါရှိပါတယ်ရှင်။
========================
📌📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၈/၂၀၂၃)ကို ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။
မေလ ၈ရက် နေ့လည် (၀၃:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပြီး ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာသော ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီဟာ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ကြက်ခြေနီယာဉ်တန်းများ၊ ဘာသာရေး အဆောက်အအုံများအား တိုက်ခိုက်ခြင်းနဲ့ စစ်ရာဇဝတ်မှုများအားပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ တရားရေးဝန်ကြီးဌာနဆို
စစ်ကောင်စီဟာ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ကြက်ခြေနီယာဉ်တန်းများ၊ ဘာသာရေး အဆောက်အအုံများအား တိုက်ခိုက်ခြင်းနဲ့ စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ တရားရေးဝန်ကြီးဌာနကဆိုပါတယ်။ မေလ ၈ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနေ့အား ကြိုဆိုဂုဏ်ပြုသဝဏ်လွှာမှာဖော်ပြထားပါတယ်။
စစ်ကောင်စီသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့တွင် မတရားစစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်ကာလအထိ ငြိမ်းချမ်းစွာဆန္ဒပြကြသည့် ပြည်သူများအား ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဒဏ်ရာရစဉ်အကူအညီပေးသည့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ပစ်ခတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း ၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများအားတိုက်ခိုက်ခြင်း၊ IHLပါ ပြဌာန်းချက်များအရ အကာအကွယ် ပေးရမည့် ဆေးရုံများ၊ စာသင်ကျောင်းများ၊ ကြက်ခြေနီယာဉ်တန်းများ၊ ဘာသာရေး အဆောက်အအုံများအား တိုက်ခိုက်ခြင်း အစရှိသည့် စစ်ရာဇဝတ်မှုများအား ရိုင်းစိုင်းရက်စက်စွာဖြင့် ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
ထိုသို့သော ရိုင်းစိုင်းရက်စက်သည့် စစ်အာဏာရှင်၏ အန္တရာယ်များကြားမှပင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ အသက်အန္တရာယ်ကို ကူညီကာကွယ် စောင့်ရှောက်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြသည့် ပြည်တွင်းပြည်ပရှိ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး ဝန်ထမ်းများ၊ ဆရာဝန်များ၊ ဆေးတပ်သားများ၊ ကျန်းမာရေးဝန်ထမ်းများအား အထူးကျေးဇူးတင် အသိအမှတ်ပြုရင်း ဤဂုဏ်ပြု သဝဏ်လွှာအား ပေးပို့အပ်တယ်လို့ တရားရေးဝန်ကြီးဌာနက ဆိုပါတယ်။
========================
📌📌 ၆။ ပုလဲမြို့နယ်အတွင်း ဂိတ်(၉)ဂိတ်ဖြင့် မတ်လမှာကောက်ခံရရှိသော အခွန်ငွေ သိန်းကိုးဆယ်ကျော်ရရှိ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဂိတ်(၉)ဂိတ်ဖြင့် မတ်လမှာကောက်ခံရရှိသော အခွန်ငွေ သိန်းကိုးဆယ်ကျော်ရရှိတယ်လို့ သတင်းရရှိပါတယ်။ မေလ ၈ရက်နေ့မှာ အခွန်ငွေရှင်းတမ်းကို ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးဆိုပါတယ်။
"ပုလဲမြို့နယ်အတွင်း ဂိတ်(၉)ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေရှင်းတမ်းပြုလုပ်ပြီး NUGရဲ့ ဘဏ္ဍာခွဲရေး မူဝါဒနှုန်းထားအတိုင်း ခွဲဝေပေးခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မတ်လအတွင်း ရရှိအခွန်ငွေစုစုပေါင်းမှာ ဂိတ်(9)ဂိတ် အသုံးစရိတ်နုတ်ပြီး ကိုးဆယ့်လေးသိန်းရှစ်သောင်းသုံးထောင့် ရှစ်ရာကျပ် ရရှိပါတယ်"လို့ဆိုပါတယ်။
"ပအဖ"လုပ်ငန်းစဉ်အတွက်ရရှိသော အခွန်ငွေများကို လူသားစာနာ၊ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေး၊ ရုံးအသုံးစရိတ်တို့အတွက် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ခွဲတမ်းချ၍ သက်ဆိုင်ရာတာဝန်ခံများကို ခွဲဝေပေးခဲ့ပြီး"ပကဖ"လုပ်ငန်းစဉ်အတွက်ရရှိသော အခွန်ငွေများကို မြို့နယ် "ပကဖ" အဖွဲ့ဝင်များ၊ ပုလဲမြို့နယ်အခြေစိုက်PDFတပ်ရင်းများနှင့် တိုက်နယ် "ပကဖ"များ မျက်နှာစုံညီ ခွဲတမ်းချ အသုံးပြုသွားမယ်လို့ဆိုထားပါတယ်။
========================
📌📌 ၇။ မုံရွာမြို့အမြင့်လမ်းထိပ်လဝကရုံးဟောင်းတွင် တပ်စွဲထားသော စကစများပစ်ခတ်ခံရ၍ နေရာတင်တစ်ဦးသေဆုံး
မုံရွာမြို့အမြင့်လမ်းထိပ် လဝကရုံးဟောင်းတွင် တပ်စွဲထားသော စကစများ ပစ်ခတ်ခံရ၍ နေရာတင်တစ်ဦးသေဆုံးခဲ့ပါတယ်။ မေလ ၈ရက်မွန်းတည့် ၁၂နာရီဝန်းကျင်တွင် မုံရွာမြို့/အမြင့်လမ်းထိပ်/လဝကရုံးဟောင်းတွင် တပ်စွဲထားသော စကစများအား ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywaက အတည်ပြုဆိုပါတယ်။
"မေလ၈ရက်မွန်းတည့် ၁၂နာရီဝန်းကျင်တွင် မုံရွာမြို့/အမြင့်လမ်းထိပ်/လဝကရုံးဟောင်းတွင် တပ်စွဲထားသော စကစများအား Golden Eagle Force-Monywa နှင့်အတူ ပုဏ္ဏက ပြောက်ကြားတပ်ဖွဲ့၊ Brothers Revolution Force-Monywaတို့နှင့် ပူးပေါင်း၍ အလစ်ငိုက်ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
စကစတစ်ဦး ဘယ်ရင်အုံတစ်ချက်/ညာဘက်ပေါင်တစ်ချက်ထိမှန်ပြီး နေရာတင်သေဆုံးကာ နောက်တစ်ဦးမှာ ညာလက်မောင်းထိမှန်ခဲ့တယ်လို့သတင်းရရှိပါတယ်။ စကစများမှာ ကြောက်လန့်၍ ပြန်လည်ရမ်းသန်း ပစ်ခတ်သော်လည်း ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ ဗန်းမောက်မြို့နယ် အနောက်ဖက် ဆိတ်စခူမှော်အနီးအား နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်များ ထားပစ်ခဲ့သောစကစတပ်ရဲ့ရုပ်အလောင်း ၆လောင်းတွေ့ရှိ
ဗန်းမောက်မြို့နယ် အနောက်ဖက် ဆိတ်စခူမှော်အနီးအား နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်များ ထားပစ်ခဲ့သောစကစတပ်ရဲ့ ရုပ်အလောင်း ၆လောင်းတွေ့ရှိရတယ်လို့ သတင်းရရှိပါတယ်။ မေလ၈ရက်မှာ ဗန်းမောက်တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။
" ဧပြီလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သော ဗန်းမောက်မြို့နယ် အနောက်ဖက် ဆိတ်စခူမှော်အနီးအား နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်များ ထားပစ်ခဲ့သော စခအလောင်း ၆လောင်းကို တွေ့ရှိရသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ သတင်းပေးပို့လာပါတယ်"လို့ဆိုထားပါတယ်။
ရုပ်အလောင်းများကို ကာကွယ်ရေးတပ်ဖွဲ့များမှ ကောင်းမွန်စွာ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။ မေလ၈ရက်နံနက်ပိုင်းတွင်လည်း ဗန်းမောက်မြို့နယ် ကြောင်လည်ရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် PDF၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၉။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ကျေးရွာကိုစစ်ကြောင်းထိုးသော စကစတပ်များ ဒေသခံ ၁၅ ဦးကိုဖမ်းဆီးခေါ်ဆောင်သွား
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ကျေးရွာကို စစ်ကြောင်းထိုးသော စကစတပ်များ ဒေသခံ ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ မေလ၈ရက်မှာ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPPကဖော်ပြပါတယ်။
မေလ ၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ကျေးရွာကို အင်အား ၅၀ ခန့် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ ခြေမြန်တပ်ရင်း-၃၆၁ က စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အဆိုပါစစ်ကြောင်းနှင့် တွေ့ဆုံမိသည့် ဒေသခံ ၁၅ ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရတယ်လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၉၇၃) ဦးရှိပြီး ထိုအထဲမှ (၁၇၇၅၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၅၈၀၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment