၂၀၂၃ ဇွန်လ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ "နေ့စဥ်မပြတ် ခုခံတော်လှန်နေတဲ့ ပြည်သူလူထုတွေရဲ့ စိတ်ဇောနဲ့ စိတ်ဓာတ်ပြင်းပြမှုတွေကို ဦးညွတ်မိတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ CRPH နဲ့ NUG ခေါင်းဆောင်များနဲ့ အမေရိကန်၊ ကင်တာကီပြည်နယ်၊ လူဝီဗီးလ်မြို့ မြန်မာတိုင်းရင်းသားများ တွေ့ဆုံ
📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
📌 ၄။ အကြမ်းဖက်စစ်အုပ်စု၏ နယ်မြေစိုးမိုးနိုင်မှုမှာ တဖြည်းဖြည်းနှင့် ဆုတ်ယုတ်သွားပြီး နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေးတို့တွင်သာ ရှိတော့တဲ့ အနေအထားရောက်နေပြီလို့ တရားရေးဝန်ကြီးဆို
📌 ၅။ CAA Industries အပေါ် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးဖို့ တိုင်ကြားလွှာကို အရေးတကြီး ဆောင်ရွက်ပေးဖို့ အစ္စရေးရှေ့နေချုပ်ထံ တိုင်ကြားလွှာတစ်စောင်ကို Justice For Myanmarက တင်သွင်း
📌 ၆။ ဝင်းရေးမြို့နယ် နှစ်ကရင်ကျေးရွာအနားသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စကစတပ်က၁၂၀ မမ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ရာ အပြစ်မဲ့ ပြည်သူအမျိုးသမီး ၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသား ၁ ဦး ဒဏ်ရာရ
📌 ၇။ မန္တလေးတိုင်း မြင်းခြံမြို့နယ် ကြည်ရွာ ကျေးရွာတွင် တပ်စွဲအထိုင်ချထားသော စကစတပ်မှ ဆီမီးခုံမြို့သို့ ဆိုင်ကယ်ဖြင့် မောင်းလာစဥ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး
📌 ၈။ သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်လမ်းတွဲ ဆုတစ်ခုထပ်မံရရှိ
📌 ၉။ တော်လှန်ရေးရုပ်ရှင်ဇာတ်ကားနှစ်ကား လန်ဒန်မြို့လယ်ရှိ The Comedy Store ရုပ်ရှင်ရုံမှာ ပြသရာ ရုံပြည့်ရုံလျှံ လာရောက် အားပေးခဲ့ကြ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ "နေ့စဥ်မပြတ် ခုခံတော်လှန်နေတဲ့ ပြည်သူလူထုတွေရဲ့ စိတ်ဇောနဲ့ စိတ်ဓာတ်ပြင်းပြမှုတွေကို ဦးညွတ်မိတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
ဇွန်လ၁၁ရက်
"နေ့စဥ်မပြတ် ခုခံတော်လှန်နေတဲ့ ပြည်သူလူထုတွေရဲ့ စိတ်ဇောနဲ့ စိတ်ဓာတ်ပြင်းပြမှုတွေကို ဦးညွတ်မိတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။
ဇွန်လ (၁၁)ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားပါးရာမှာ ယာယီသမ္မတကပြောပါတယ်။
"နေ့စဥ်မပြတ် ခုခံတော်လှန်နေတဲ့ ပြည်သူလူထုတွေရဲ့ စိတ်ဇောနဲ့ စိတ်ဓာတ်ပြင်းပြမှုတွေကို ကျွန်တော့်အနေနဲ့ တွေးမိတိုင်း ဦးညွတ်မိပါတယ်။"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိူင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၂။ CRPH နဲ့ NUG ခေါင်းဆောင်များနဲ့ အမေရိကန်၊ ကင်တာကီပြည်နယ်၊ လူဝီဗီးလ်မြို့ မြန်မာတိုင်းရင်းသားများ တွေ့ဆုံ
(Radio NUG) ဇွန် ၁၁၊ ၂၀၂၃
ဇွန် ၁၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ကင်တာကီပြည်နယ်၊ လူဝီဗီးလ်မြို့မှာ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့နဲ့ မြန်မာကွန်မြူနီတီတို့ နွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မြန်မာတိုင်းရင်းသားများ လူ ၁၀၀ ကျော် တက်ရောက်ကြပြီး နွေဦးတော်လှန်ရေး မျက်မှောက်အခြေအနေများကို ပွင့်လင်းလွတ်လပ်စွာ NUG ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်း ပြောပြခဲ့ကြပါတယ်။ ပြည်သူတွေကလည်း ဆွေးနွေး အကြံပြုချက်များ ပြောဆိုကြသလို နွေဦးတော်လှန်ရေးအတွက် တိုက်ရိုက်လှူဒါန်းခဲ့ကြတာကို တွေ့ရပါတယ်။ တွေ့ဆုံပွဲမှာ ၁၉၉၀ ရွေးကောက်ပွဲရွေးကောက်ခံအမတ် ဒေါက်တာတင့်ဆွေ၊ ဝါရင့်နိုင်ငံရေးသမား ဝါးခယ်မ သခင်သိန်းမောင် (ကွယ်လွန်) ၏ သား၂၀၂၀ ရွေးကောက်ပွဲ ရွေးကောက်ခံအမတ် ဦးဇော်သိန်းတို့နဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ NUG ပြည်ထောင်စုဝန်ကြီးများဟာ ဇွန် ၁၁ နေ့ခင်းမှာ အင်ဒီယာနာပြည်နယ်က အင်ဒီယာနာပူလိစ် မြို့တော်မှာ မြန်မာတိုင်းရင်းသားတို့နဲ့ တွေ့ဆုံပွဲကို တက်ရောက်ကြမယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
ဇွန် လ၁၁ ရက်
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်ခဲ့ပါတယ်။
ဇွန်လ ၁၁ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်သည့် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်အုပ်စု၏ နယ်မြေစိုးမိုးနိုင်မှုမှာ တဖြည်းဖြည်းနှင့် ဆုတ်ယုတ်သွားပြီး နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေးတို့တွင်သာ ရှိတော့တဲ့ အနေအထားရောက်နေပြီလို့ တရားရေးဝန်ကြီးဆို
ဇွန်လ၁၁ရက်
အကြမ်းဖက်စစ်အုပ်စု၏ နယ်မြေစိုးမိုးနိုင်မှုမှာ တဖြည်းဖြည်းနှင့် ဆုတ်ယုတ်သွားပြီး နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေးတို့တွင်သာ ရှိတော့တဲ့ အနေအထားရောက်နေပြီလို့ ဇွန်လ ၁၀ရက်မှာ ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ ၊ တရားရေးဝန်ကြီးဌာနနှင့် မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးကဆိုပါတယ်။
"အကြမ်းဖက်စစ်အုပ်စု၏ နယ်မြေစိုးမိုးနိုင်မှုမှာ တဖြည်းဖြည်းနှင့် ဆုတ်ယုတ်သွားပြီး နေပြည်တော်နှင့် အနီးတဝိုက်၊ ရန်ကုန်၊ မန္တလေးတို့တွင်သာ ရှိတော့သည့် အနေအထားအား တွေ့ရမည်ဖြစ်ကြောင်း၊ အခြားဒေသများတွင် တစ်စုံတစ်ရာအားဖြင့် ထိုးစစ်ဆင်နိုင်သည် ဆိုသော်လည်း လက်တွေ့ကျကျ ဒေသတစ်ခုလုံးကို လွှမ်းမိုးအုပ်ချုပ်နိုင်မှု တဖြည်းဖြည်းနှင့် လျော့နည်းလာသည်ကို မြေပြင်တွင် တာဝန်ထမ်းဆောင်သည့် တရားသူကြီးများအပါအဝင် အားလုံးသိပြီးဖြစ်ကြောင်း၊ စစ်ကောင်စီ၏ နောက်ဆုံးထွက်သက်ဖြစ်သည့် ဤပွဲကို မိမိတို့အားလုံးကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မည်ဆိုက အောင်ပွဲသည် မိမိတို့ထံမလွဲမသွေ အနှေးနှင့်အမြန် ရောက်ရှိလာမည်ဖြစ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။
ဆက်လက်၍ မြေပြင်တရားသူကြီးများ၏ ကြိုတင်မေးမြန်းထားသော မေးခွန်းများနှင့် သိရှိလိုသည့် အကြောင်းအရာများကို သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ပြန်လည်ဖြေကြားခဲ့ပြီးနောက် အစည်းအဝေးဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီးမှ အတည်ပြုချမှတ်ခဲ့ပါတယ်။
အခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးအဖွဲ့မှူးများ၊ ညွှန်ကြားရေးမှူးများ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနမှ တာဝန်ရှိသူများ နှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ CAA Industries အပေါ် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးဖို့ တိုင်ကြားလွှာကို အရေးတကြီး ဆောင်ရွက်ပေးဖို့ အစ္စရေးရှေ့နေချုပ်ထံ တိုင်ကြားလွှာတစ်စောင်ကို Justice For Myanmarက တင်သွင်း
ဇွန်လ၁၁ရက်
CAA Industries အပေါ် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးဖို့ တိုင်ကြားလွှာကို အရေးတကြီးဆောင်ရွက်ပေးဖို့ အစ္စရေးရှေ့နေချုပ်ထံ တိုင်ကြားလွှာတစ်စောင်ကို Justice For Myanmarက တင်သွင်းလိုက်ပါတယ်။
ဇွန်လ ၁၁ရက်မှာ Justice For Myanmarက တိုင်ကြားစာကို အသိပေးဆိုပါတယ်။
"မြန်မာစစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေမှု သံသယနဲ့ အစ္စရေး စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ CAA Industries ရဲ့ လုပ်ငန်းတွေ၊ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အရာရှိကြီးတွေအပေါ် ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ပေးဖို့ တိုင်ကြားလွှာတစ်စောင်ကို အစ္စရေးရှေ့နေချုပ်ထံ တင်သွင်း လိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီတိုင်ကြားလွှာက လျှို့ဝှက်ပေါက်ကြားလာတဲ့ ကုန်ပစ္စည်း တင်ပို့ရေးမှတ်တမ်းတွေအပေါ် အခြေခံထားပြီး ဒီမှတ်တမ်းတွေမှာ CAA Industries က မြန်မာစစ်အုပ်စုရဲ့ အသေးစားစစ်လက်နက်တွေ အဆင့်မြှင့် မွန်းမံပြင်ဆင်ဖို့အတွက် injections moulds ဖိအားသုံးမိုပုံစံခွက်နဲ့ ကိရိယာတွေကို စစ်လက်နက်ပွဲစားကုမ္ပဏီ Star Sapphire Trading ကတဆင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှာ ပေးပို့ခဲ့ကြောင်း တွေ့ရပါတယ်"လို့ဆိုပါတယ်။
Star Sapphire Trading ဟာ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါးမှောင်ခို ရောင်းချမှုတို့နဲ့ ထိုင်းနိုင်ငံမှာ တရားစွဲဆိုခံထားရတဲ့ မြန်မာစစ်လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်က အပြည့်အဝ ပိုင်ဆိုင်ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။
တိုင်ကြားလွှာမှာ CAA Industries နဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အရာရှိကြီးတွေဟာ မြန်မာစစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတာကို သိနေလျက်နဲ့ မြန်မာစစ်အုပ်စုရဲ့ ပြည်တွင်းလက်နက်ငယ်ထုတ်လုပ်ရေးတွေအတွက် ဆက်စပ် ပစ္စည်းတွေ ထုတ်လုပ်ဖို့ စက်ယန္တရားတွေ ကူညီပေးခဲ့တဲ့အတွက် စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီခဲ့ကြောင်း စွဲဆိုထားပါတယ်။
ပါဝင်ပတ်သက်တဲ့ တစ်ဦးတစ်ယောက်ချင်းကို အစ္စရေးနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာဥပဒေနဲ့ တရားစွဲဆိုဖို့ တောင်းဆိုထားတယ်လို့သိရပါတယ်။
========================
📌📌 ၆။ ဝင်းရေးမြို့နယ် နှစ်ကရင်ကျေးရွာအနားသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စကစတပ်က၁၂၀ မမ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ရာ အပြစ်မဲ့ ပြည်သူအမျိုးသမီး ၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသား ၁ ဦး ဒဏ်ရာရ
ဇွန်လ ၁၁ ရက်
ဝင်းရေးမြို့နယ် နှစ်ကရင်ကျေးရွာအနားသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စကစတပ်က၁၂၀ မမ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ရာ အပြစ်မဲ့ ပြည်သူ အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဇွန်လ၁၁ရက်မှာ KNU ဗဟိုက စကစတပ်ရဲ့ ကျူးလွန်မှုများကိုဆိုပါတယ်။
"ဇွန်လ ၈ ရက် မနက် ၉ နာရီ ၁၅ မိနစ် အချိန်တွင် အမတ (၃၁၇) မှ ကေအဲန်ယူ - ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် နှစ်ကရင်ကျေးရွာအနားသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ရာ နှစ်ကရင်ကျေးရွာနေ မသန်းအေး (၂၉) နှစ်မှာ လက်နက်ကြီး ကျည်စဒဏ်ရာဖြင့် ဆေးရုံသို့ ပို့ဆောင်စဥ်အတွင်း အသက်ဆုံးရှုံးခဲ့ရပါတယ်"လို့ဖော်ပြပါတယ်။
ထို့အတူ ၉ ရက်၊ ၆ လ၊ ၂၀၂၃ ခုနှစ်၊ ည ၁၁ နာရီဝန်းကျင်ခန့်တွင် အမတ (၃၁၇) မှ နှစ်ကရင်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ထပ်မှန် ပစ်ခတ်သည့်အတွက် နှစ်ကရင်ကျေးရွာနေ ဦးခေါင်းကြီး (၃၆) နှစ်မှာ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၇။ မန္တလေးတိုင်း မြင်းခြံမြို့နယ် ကြည်ရွာ ကျေးရွာတွင် တပ်စွဲအထိုင်ချထားသော စကစတပ်မှ ဆီမီးခုံမြို့သို့ ဆိုင်ကယ်ဖြင့် မောင်းလာစဥ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး
ဇွန်လ၁၁ရက်
မန္တလေးတိုင်း မြင်းခြံမြို့နယ် ကြည်ရွာ ကျေးရွာတွင် တပ်စွဲအထိုင်ချထားသော စကစတပ်မှ ဆီမီးခုံမြို့သို့ ဆိုင်ကယ်ဖြင့် မောင်းလာစဥ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးခဲ့ပါတယ်။
ဇွန်လ ၁၁ရက်မှာ နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF အဖွဲ့မှ စစ်ရေးသတင်းကို အတည်ပြုဆိုပါတယ်။
" ဇွန်လ ၁၀ ရက် နံနက် ၁၁:၃၀ နာရီအချိန်တွင် မန္တလေးတိုင်း မြင်းခြံမြို့နယ် ကြည်ရွာ ကျေးရွာတွင် တပ်စွဲအထိုင်ချထားသော စကစတပ်မှ ၂ ဦးသည် ကြည်ရွာမှ ဆီမီးခုံမြို့သို့ ဆိုင်ကယ်ဖြင့် မောင်းလာစဥ် ကနောင်ရိုး အထူးပြောက်ကျားတပ်-NYSGF အဖွဲ့မှ လမ်းခုလပ်မှနေ၍ အသင့်စောင့်ကြိုပြီး ခြုံခိုတိုက်ခိုက်ခဲ့ရာ ၂ဦးစလုံး နေရာတွင် ပွဲခြင်းပြီး သေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါစကစတပ်များဆီမှ MA1 တစ်လက်၊ 5.56 ကျည် ၁၆ တောင့်နှင့် ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီးပြောက်ကျားရဲဘော်များမှာ အထိအခိုက်မရှိ ဘေကင်းလုံခြုံစွာဖြင့် ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။
စစ်ဆင်ရေးအား မြင်းခြံခရိုင်တပ်ရင်းအမှတ်(၆)တပ်ခွဲ(၁) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF နှင့် အတူ ဇာမဏီပြောက်ကျားတပ်ဖွဲ့ ၊ MyinGyan MP- 9 အဖွဲ့တို့မှ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
========================
📌📌 ၈။ သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်လမ်းတွဲ ဆုတစ်ခုထပ်မံရရှိ
ဇွန်လ၁၁ရက်
သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်လမ်းတွဲ ဆုတစ်ခုထပ်မံရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
ဇွန်လ ၁၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အမျိုးသားအနုပညာပြခန်း၊ ယဥ်ကျေးမှုဝန်ကြီးဌာနမှာ အဆိုပါဆုပေးပွဲကို ကျင်းပခဲ့ပါတယ်။
ထိုင်းနိုင်ငံ၏ (၃၇)ကြိမ်မြောက် ရွှေရုပ်မြင်သံကြားဆုပေးပွဲမှာ ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်ကားက "Best Drama Arts Element Award"ဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါဇာတ်လမ်းတွဲမှာ မြဝတီမင်းကြီး ဦးစအနေနဲ့ သရုပ်ဆောင်ဒေါင်းဟာ ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဇာတ်လမ်းတွဲ ဆုပေးပွဲအခမ်းအနားကို တရားဝင်ဖိတ်ကြားခြင်းခံရကာ ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၉။ တော်လှန်ရေးရုပ်ရှင်ဇာတ်ကားနှစ်ကား လန်ဒန်မြို့လယ်ရှိ The Comedy Store ရုပ်ရှင်ရုံမှာ ပြသရာ ရုံပြည့်ရုံလျှံ လာရောက် အားပေးခဲ့ကြ
ဇွန်လ ၁၀ ရက်
တော်လှန်ရေးရုပ်ရှင်ဇာတ်ကားနှစ်ကား လန်ဒန်မြို့လယ်ရှိ The Comedy Store ရုပ်ရှင်ရုံမှာ ပြသရာ ရုံပြည့်ရုံလျှံ လာရောက် အားပေးခဲ့ကြပါတယ်။
ဇွန်လ၁၀ရက်မှာ ဒါရိုက်တာ ကိုဏကြီး၏ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်နှင့် "ရှိခဲ့သည်” ရုပ်ရှင် ဇာတ်လမ်းတိုများကို လန်ဒန်မြို့လယ်ရှိ The Comedy Store ရုပ်ရှင်ရုံမှာ ပြသခဲ့တယ်လို့သိရပါတယ်။
ရုပ်ရှင်ပြသရာသို့ ယူကေရောက် တော်လှန်ရေးမိတ်ဆွေများ ရုံပြည့်ရုံလျှံ လာရောက် အားပေးခဲ့ကြပါတယ်။
တော်လှန်ရေး ရံပုံငွေ ရုပ်ရှင်ပြပွဲတွင် မော်ဒယ် မေမြတ်နိုးမှ အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ပြီး ယူကေ NUG ကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုမှ တက်ရောက်လာကြသော တော်လှန် ထောက်ပို့ မိတ်ဆွေများအား ကျေးဇူးတင် စကားပြောကြားခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment