16th JUN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇွန်လ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အခွန်ကောက်ခံရာမှာ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးမဖြစ်ရေးကို အလေးထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

၂။ စစ်ဘေးရှောင်လူငယ်များနှင့် ကလေးများရေးဆွဲထားသောပန်းချီကားများအား ဂျပန်နိုင်ငံတွင် ရန်ပုံငွေရှာဖွေရောင်းချနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးနဲ့ NUG ဂျပန်ကိုယ်စားလှယ်ရုံးတို့ဆွေးနွေး

၃။ ရုရှားကို အကြမ်းဖက်စစ်ခေါင်းဆောင်က လက်နက်တင်ပို့ရောင်းချမှု တရားစွဲလို့ရအောင် NUGတရားရေးဌာနက လေ့လာစောင့်ကြည့်နေ

၄။ စစ်တပ်မှ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရာ၌ သန်စွမ်းသူများဖြစ်စေ၊ မသန်စွမ်းသူများဖြစ်စေ ခွဲခြားခြင်းမရှိဘဲ ကျူးလွန်လျက်ရှိနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

၅။ မြောင်မြို့နယ် နနွင်းကိုင်းရွာရှိ နာရေးအိမ်သို့ အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပစ်ခတ်၍ အရပ်သားတစ်ဦးကျည်ထိမှန်သေဆုံးမြေ

၆။ အောင်လံလွှင့်ချီနွေဦးထီလက်မှတ်ကို ဇွန်လအတွက် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနဲ့ထုတ်ဝေထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အခွန်ကောက်ခံရာမှာ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးမဖြစ်ရေးကို အလေးထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဇွန်လ၁၆ရက်


ဇွန်လ ၁၅ ရက်နေ့တွင်ပြုလုပ်‌သော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၂၄/၂၀၂၃) တွင် အခွန်ကောက်ခံရာမှာ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ရေးကို အလေးထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြော ကြားခဲ့ပါတယ်။


"တော်လှန်ရေးအစုအဖွဲ့များရဲ့ကျယ်ပြန့်လာတဲ့အုပ်ချုပ်ရေးနယ်မြေအပေါ် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍနှင့်ပြည်သူ့ ဘဏ္ဍာစီမံခန့်ခွဲမှုစနစ်ဟာအရေးကြီးပြီး အခွန်ကောက်ခံရာမှာ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးမဖြစ်ရေးကို အလေးထားရမည် ဖြစ်ကြောင်း၊ တော်လှန်ရေးဖြစ်စဉ်ရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေဟာ အားကောင်းတာတွေရှိရပြီး အင်အားတွေကို စုစည်းပြီး ညီညီညွတ်ညွတ်နဲ့ တော်လှန်ရေး အောင်မြင်သည်အထိ အတူလက်တွဲ လုပ်ဆောင်နိုင်ကြရန် ဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် ဗဟိုကော်မတီအနေနဲ့  ပြည်နယ်အတိုင်ပင်ခံကောင်စီများနှင့်‌တွေ့ဆုံရာတွင်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီများနှင့်တွေ့ဆုံကြသည့် အစည်းအဝေးများ၌ဖြစ်စေ လက်ရှိ NUG က ချမှတ် ထားသော မူဝါဒ၊ လုပ်ငန်းဆောင်ရွက်မှု၊ ချိတ်ဆက်မှုများကို  စနစ်တကျ အသိပေးခြင်း၊ သိလိုမှုများအား မူဝါဒနှင့်အညီ ဖြေကြားပေးနိုင်မှုမျိုးတွေလိုအပ်တယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


========================


၂။ စစ်ဘေးရှောင်လူငယ်များနှင့် ကလေးများရေးဆွဲထားသောပန်းချီကားများအား ဂျပန်နိုင်ငံတွင် ရန်ပုံငွေရှာဖွေရောင်းချနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးနဲ့ NUG ဂျပန်ကိုယ်စားလှယ်ရုံးတို့ဆွေးနွေး


ဇွန်လ၁၆ရက်


ဇွန်လ၁၆ရက်မှာ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူဆန်နာလှလှစိုးက အခုလို အသိပေးပြောကြားထားပါတယ်။


"ဂျပန်နိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရရုံးမှ ဒေါ်ဆိုင်းဘူသည် အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးရုံးသို့လာရောက်တွေ့ဆုံခဲ့ပြီး စစ်ဘေးရှောင်လူငယ်များနှင့် ကလေးများရေးဆွဲထားသောပန်းချီကားများအား ကြည့်ရှုအားပေးခဲ့ပါတယ်။ပန်းချီကားများအား ဂျပန်နိုင်ငံတွင် ရန်ပုံငွေရှာဖွေရောင်းချနိုင်ရေးအတွက်ဆွေးနွေးခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ လူငယ်၊အမျိုးသမီးများနဲ့ စစ်ဘေးရှောင်များကို ဦးစားပေးကူညီဆောင်ရွက်လျက်ရှိပါတယ်။


========================


၃။ ရုရှားကို အကြမ်းဖက်စစ်ခေါင်းဆောင်က လက်နက်တင်ပို့ရောင်းချမှု တရားစွဲလို့ရအောင် NUGတရားရေးဌာနက လေ့လာစောင့်ကြည့်နေ


ဇွန်လ၁၆ရက်


ဇွန်လ၁၅ရက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုမှသည် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ခြင်းဆီသို့ခေါင်းစဥ်နဲ့ ဆွေးနွေးရာမှာ ရုရှားကို အကြမ်းဖက်စစ်ခေါင်းဆောင်က လက်နက်တင်ပို့ရောင်းချမှု တရားစွဲလို့ရအောင် NUGတရားရေးဌာနက လေ့လာစောင့်ကြည့်နေတယ်လို့ တရားရေးဝန်ကြီး ဦးသိန်းဦးကပြောပါတယ်။


"အခုဆိုရင် ရုရှားကိုမင်းအောင်လှိုင်တို့ကအကူအညီပေးတာမို့လို့ ဒါကြံရာပါတွေ ဖြစ်နိူင်တယ်ဆိုတာကိုလည်း ဒါကြည့်ရှုနေပါတယ်။တကယ်လို့ အဲဒါက အထောက်အထားတွေတွေ့တယ်။ ကျနော်တို့နိူင်ငံက လက်နက်တင်ပို့နေတာတွေ့တယ်ဆိုရင် ဒီဟာတွေလည်း တရားစွဲလို့ရအောင် သေချာစောင့်ကြည့်လေ့လာနေတဲ့အနေအထားဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ရုရှားနိူင်ငံမှ ယူကရိန်းနိူင်ငံကို ကျူးကျော်စစ်ပွဲ ဆင်နွှဲနေပြီး နိူင်ငံတကာက ရုရှားနိူင်ငံကို အရေးယူပိတ်ဆို့မှုများဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။


========================


၄။ စစ်တပ်မှ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရာ၌ သန်စွမ်းသူများဖြစ်စေ၊ မသန်စွမ်းသူများဖြစ်စေ ခွဲခြားခြင်းမရှိဘဲ ကျူးလွန်လျက်ရှိနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


ဇွန်လ၁၆ရက်


ဇွန်လ ၁၅ ရက်မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ဝင် နိုင်ငံများ၏ (၁၆) ကြိမ်မြောက် ညီလာခံ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောကြားခဲ့ပါတယ်။


 "အဓိကအားဖြင့် စစ်တပ်မှ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရာ၌ မြန်မာနိုင်ငံအတွင်း နေထိုင်သူများအား သန်စွမ်းသူများဖြစ်စေ၊ မသန်စွမ်းသူများဖြစ်စေ၊ အမျိုးသား၊ အမျိုးသမီး၊ ကြီးသည်၊ ငယ်သည်မဟူ ခွဲခြားခြင်းမရှိဘဲ ကျူးလွန်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ အဆိုပါထိရှလွယ်သောအုပ်စုများသည် ဘက်ပေါင်းစုံထောက်ပံ့ကူညီမှုများကို အထူးလိုအပ်လျက်ရှိကြောင်း၊ အထူးသဖြင့် ၎င်းတို့၏ အခြေအနေသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြသည့်အတွက် အသက်ကယ်ဆယ်ရေး အကူအညီ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စားနပ်ရိက္ခာလုံလောက်မှုနှင့် အခြားသော လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီများကို အဓိကလိုအပ်လျက်ရှိကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


ဒါ့အပြင် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့်အညီ မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်နိုင်ရေးတို့အတွက် နိုင်ငံတကာအနေဖြင့် ထိရောက်မှုရှိသော ပံ့ပိုးကူညီမှုများကို အရေးတကြီး ဆက်လက်ထောက်ပံ့ပေးရန် လိုအပ်ပြီး သို့မှသာ မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို သာမက စစ်အာဏာရှင်များအောက် ဆိုးရွားသောဒုက္ခများ ခံစားနေကြရသည့်၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့အား လိုလားတောင့်တနေသည့် ပြည်သူများ၏ အခွင့်အရေးများကိုပါ မြှင့်တင်ကာကွယ် ပေးနိုင်မှာဖြစ်တယ်လို့ သံအမတ်ကြီးကဆိုပါတယ်။


========================


၅။ မြောင်မြို့နယ် နနွင်းကိုင်းရွာရှိ နာရေးအိမ်သို့ အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပစ်ခတ်၍ အရပ်သားတစ်ဦးကျည်ထိမှန်သေဆုံးမြေ


ဇွန်လ၁၆ရက်


ဇွန်လ၁၅ရက် နံနက်ပိုင်းမှာ စကစတပ်စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်  နနွင်းကိုင်းရွာကို ဝင်ရောက်စီးနင်းခဲ့တာလို့ တော်လှန်ရေးအင်အားစုများထံကသိရပါတယ်။


"မြောင်နယ် ကျောက်ရစ်စခန်းရဲ့ ညဘက်မှထွက်လေ့ရှိတဲ့ စစ်ကြောင်းဟာ ဇွန်လ၁၅ရက်နံနက် ၆နာရီခန့် မှာတော့ သနပ်ကုန်းရွာတွင်တစ်ဖွဲ့ နနွင်းကိုင်းရွာတွင်တစ်ဖွဲ့ရောက်ရှိလာခဲ့ပါတယ်။နနွင်းကိုင်းရွာသို့ တိတ်တဆိတ်ရောက်ရှိလာစဥ်  နာရေးရှိသောအိမ်သို့  စကစတပ်များရောက်ရှိလာပြီး ပြည်သူများ ထွက်ပြေးကြရာ စကစတပ်များမှ လိုက်လံပစ်ခတ်၍ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်"လို့ဆိုပါတယ်။


စကစတပ်များရောက်နေကြောင်း သတင်းရသည်နှင့် ကာကွယ်ရေးအဖွဲ့များမှစုပေါင်းလာရောက်ခဲ့ကြသော်လည်း ထိုစစ်ကြောင်းဟာ ချက်ခြင်းပြန်ဆုတ်သွားခဲ့၍ ထိတွေ့တိုက်ပွဲမဖြစ်ပွားခဲ့ဘူးလို့သိရပါတယ်။


========================


၆။ အောင်လံလွှင့်ချီနွေဦးထီလက်မှတ်ကို ဇွန်လအတွက် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံနဲ့ထုတ်ဝေထား


ဇွန်လ၁၆


ဇွန်လ၁၉ရက်ဟာ နိူင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်။"June လအတွက် နွေဦးထီ အမေစုမွေးနေ့ရှိတဲ့လဖြစ်လို့ ထီလတ်မှတ်ကလေးကို အမေစုပုံနဲ ထုတ်ထားတာဖြစ်ပြီး အမှတ်တရအနေနဲ့ဝယ်ဖို့လည်း ကောင်းပြီး ဇွန်လ ၃၀ရက်နေ့မှ ထီဖွင့်မှာဖြစ်ပြီး သိန်းတရာ ဆုအပြင်ဆုမဲပေါင်းများစွာရဲ့ ကံထူးရှင်လည်းဖြစ်နိုင် တော်လှန်ရေး လည်း ကူညီပါဝင်ရာရောက်ပါတယ်"လို့ဂျပန် နွေဦးစာချုပ်အရောင်းကိုယ်စားလှယ်ကဆိုထားပါတယ်။


 အောင်လံလွှင့်ချီ နွေဦးထီကို pag Messenger မှ ၂၄နာရီ ပတ်လုံးလည်း ထီထိုးနိူင်ပြီ ဖြစ်ကာ လျင်မြန်လွယ်ကူစွာထီထိုးနိူင်ရေးကိုလည်း လုပ်ဆောင်ထားပါတယ်။


တစ်ဆက်တည်းမှာပဲ CDM Success Committee မှ ကြီးမှူး၍ CDM တစ်ဦးနွေဦးထီတစ်စောင် ထောက်ပို့ Campaignစတင်ပြီလို့ ဇွန်လ၁၆ရက်မှာ CDM Success Committee ကအသိပေးဆိုထားပါတယ်။


"CDM Success Committee မှ ကြီးမှူး၍ CDM တစ်ဦးနွေဦးထီ ထောက်ပို့ Campaign ပါ။ထီ စောင် မှ စတင်ဝယ်ယူကာ ပြည်သူ့ဝန်ထမ်း CDMer  များ ကို လက်ဆောင် ပေးနိုင်ရန် ကူညီပေးပါမယ်"လို့ဆိုထားပါတယ်။


ထီ၁၀ စောင်နှင့်အထက် ဝယ်ယူသူ ကို လက်ဆောင် postcard လေး ထုတ်ဝေ ပြီးပေးအပ်သွားမှာဖြစ်ပါတယ်။


အောင်လံလွှင့်ချီနွေဦးထီရောင်းရငွေဟာ CDMဝန်ထမ်းများကို လစဥ်ထောက်ပံ့ပေးအက်နေတာလည်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment