19th JUN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇွန်လ ၁၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်၊ သတ္တိတွေနဲ့အမှတ်တရတွေကို  စံပြုအတုယူရမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ မင်းအောင်လှိုင်ဦးနဲ့ အကြမ်းဖက်စစ်တပ်ဟာ နိူင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၃။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ ဆုမွန်ကောင်းတောင်း

📌 ၄။ ဒေါ်အောင်ဆန်းစုကြည်အတူ ရပ်တည်လျက်ရှိကြောင်း NLD ပါတီ ဗဟိုအလုပ်ကော်မတီက ကြေညာချက်ထုတ်

📌 ၅။ မေရိကန်၊ နယူးယောက်တွင် လူထုခေါင်းဆောင်၏ ၇၈ နှစ်ပြည့်မွေးနေ့ ပွဲအခမ်းအနားသံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင်  အဝေးရောက် မြန်မာတိုင်းရင်းသား ၃၅၀ခန့်တက်ရောက်ခဲ့

📌 ၆။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးတောင်းဆို

📌 ၇။ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့တနေရာတွင်မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်"ဘန်နာအား ချိတ်ဆွဲ

📌 ၈။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက်၇၈နှစ်ပြည့်မွေးနေ့ မှာအမျိုးသမီးထု၏ ဂုဏ်ရည်ကို ရည်ညွှန်းသောအားဖြင့် နှင်းဆီပန်ပွင့်(၉၀၀)ဖြင့် ပန်းသပိတ်လှုပ်ရှားမှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ကဆင်နွှဲခဲ့

📌 ၉။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပကာ တော်လှန်သီချင်းနဲ့ကဗျာများရွတ်ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်၊ သတ္တိတွေနဲ့အမှတ်တရတွေကို  စံပြုအတုယူရမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


ဇွန်လ၁၉ရက်


ဇွန်လ၁၉ရက်ကျင်းပတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက် မွေးနေ့အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုမှာ ယာယီသမ္မတ ဒူဝါလရှီးလက ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ပြီး အခုလို့ ပြောကြားခဲ့ပါတယ်။


"ဒေါ်အောင်ဆန်းစုကြည်ဟာ စွန့်စားရဲတယ်။ဇွဲနပဲ သိပ်အားကြီးတယ်။လူထုလွတ်လပ်ခွင့်နဲ့လူထုအကျိုးစီးပွားအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့တစ်စိုက်မတ်မတ်အနစ်နာခံမှုဟာ တော်ရုံဘယ်သူမှ မမီနိူင်တဲ့ အဆင့်အတန်းမျိုးမှာရှိပါတယ်။ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်၊ သတ္တိ တွေနဲ့အမှတ်တရတွေကို သယ်ထားရမှာ မဟုတ်ဘဲ စံပြုအတုယူရမယ်လို့အထူးပြောချင်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် စေတနာကြီးမားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေဖို့လည်း ယာယီသမ္မတက ဆုမွန်စကားဆိုခဲ့ပါတယ်။


========================


📌📌 ၂။ မင်းအောင်လှိုင်ဦးနဲ့ အကြမ်းဖက်စစ်တပ်ဟာ နိူင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


ဇွန်လ၁၉ရက်


ဇွန်လ၁၉ရက်မှာကျင်းပတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက် မွေးနေ့အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မင်းအောင်လှိုင်ဦးနှင့် အကြမ်းဖက်စစ်တပ်ဟာ နိူင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။


"စစ်အာဏာရှင်တွေ ဟာ ယခုတခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မနာလိုဝန်တိုစိတ်ကြီးပြီး မုန်းတီးမှုတွေပါရှိနေတဲ့ဘစစ်ခေါင်းဆောင်တွေဟာ နေအိမ်အကျယ်ချုပ်အဆင့်တောင်မဟုတ်တော့ဘဲနဲ့ အကျဥ်းထောင်ထဲမှာ အကျဥ်းသူတစ်ယောက်အဖြစ် ချုပ်နှောင်ထားတာကိုလည်းအားလုံးသိရှိပြီးဖြစ်ပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ နိူင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ထဲမတရားဖမ်းဆီးပြီး မတရားချုပ်နှောင်ထားတာဟာ နိူင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတာဖြစ်ပြီး အဲဒီနောက်မှာလည်း စစ်ရာဇဝတ်မှုပေါင်း မြောက်များစွာ ဆက်လက်ကျူးလွန်ဆဲလည်းဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်တပ်ဟာ လူပေါင်း သုံးထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပြီး လူပေါင်းနှစ်သောင်းကျော်ကိုဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


========================


📌📌 ၃။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ ဆုမွန်ကောင်းတောင်း


ဇွန်လ၁၉ရက်


ဇွန်လ၁၉ရက် နေ့ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်ပြည့် မွေးနေ့ဖြစ်တဲ့အတွက်  အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များက ဆုမွန်ကောင်းတောင်းပေးသည့်စကားများအသီးသီးပြောကြားခဲ့ကြပါတယ်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို "ကျန်းမာပါစေ"လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကဆုမွန်ကောင်းစကားဆိုထားသလို ကာကွယ်ရေးဝန်ကြီးကလည်း "ကျန်းမာပါစေ"လို့ဆိုထားပါတယ်။


အလားတူ လူသားစာနာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း "ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ"လို့ဆိုထားပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ နိူင်ငံတော်၏ အာဏာကို အကြမ်းဖက်စစ်တပ်က လုယူရန်ကြိုးစားစဥ်ကတည်းကစစ်အုပ်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုမတရားချုပ်နှောင်ဖမ်းဆီးထားပါတယ်။


"ကျန်းမာစွာဖြင့်ပြည်သူတွေနဲ့အမြန်ဆုံးပြန်ဆုံတွေ့နိုင်ဖို့အတွက်ကျမတို့အစွမ်းကုန်ကြိုးစားပါ့မယ်လို့ဂတိပြုပါတယ်"လို့ NUG ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံကလည်းဆုမွန်ကောင်းတောင်းဆိုထားပါတယ်။


========================


📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်အတူ ရပ်တည်လျက်ရှိကြောင်း NLD ပါတီ ဗဟိုအလုပ်ကော်မတီက ကြေညာချက်ထုတ်


ဇွန်လ၁၉ရက်


ဇွန်လ (၁၉ ) ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ပြည်သူသို့ အခုလို အသိပေးထုတ်ပြန်ခဲ့ပါတယ်။


ယနေ့ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက်မွေးနေ့ အခမ်းးအနားတွင် တက်ရောက်အားပေးပါသော၊ ဂုဏ်ပြုအမှတ်တရစကား ပြောကြားပေးပါသော ပုဂ္ဂိုလ်များ၊ သဝဏ်လွှာပေးပို့ပါသော အဖွဲ့အစည်းများနှင့် ကမ္ဘာတလွှားတွင် မွေးနေ့ပွဲကျင်းပပြီး လွတ်မြောက်ရေးအတွက်ဆုတောင်းမေတ္တာပို့သပေးပါသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၊ ပြည်တွင်းတွင် မွေးနေ့အမှတ်တရ ဆောင်ရွက်ကြသူများ အားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျေးဇူးအထူးတင်ရှိပါတယ်လို့ဖော်ပြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းချိန်မှစတင်၍ ၁၅ နှစ်ကျော်ကာလ အကျဥ်းချခံခဲ့ရပြီး၊ ၂၀၂၁ ဖေဖေါ်ဝါရီ ရက် စစ်တပ်မှအာဏာသိမ်းမှုကိုစတင် ကျူးလွန် သည်နှင့်တပြိုင်နက် ဖမ်းဆီးအကျဥ်းချခံ ထားရသည်မှာ ယနေ့အချိန်ထိ နှစ်ကျော်ပြီဖြစ်ပါတယ်လို့ဆိုပါတယ်။


မြန်မာပြည်သူများလိုလားတောင့်တသော ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး ပန်းတိုင် သို့ ရောက်ရှိရေးကြိုးပမ်းအားထုတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးနည်းလမ်း ကိုသာ တစိုက်မတ်မတ်စွဲကိုင်ခဲ့တယ်လို့ဆိုပါတယ်။


ယနေ့ထက်တိုင်ပြည်သူလူထုတစ်ရပ်လုံး၏ချစ်ခင်မြတ်နိုးမှု ၊ယုံကြည်အားကိုးမှု၊ တို့ဖြင့် လူထုခေါင်းဆောင်ဟု သတ်မှတ်ခံထားရသူဖြစ်သလို၊ အနိုင်ရပါတီခေါင်းဆောင်လည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့အရေးပြဿနာများကို ဖြေရှင်းရာတွင် ခြွင်းချန်ထား၍မရသော၊ အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်ဟု မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရှုမြင် ပါတယ်လို့ဆိုပါတယ်။


သို့ဖြစ်ပါ၍ စစ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် ဒေါ်အောင်ဆန်းစုကြည် နှင့်  တွေ့ဆုံဆွေးနွေးမှု့မပါဝင်ဘဲ ပြေလည်ရေး လမ်းစ ရရှိ နိုင်မည် မဟုတ် ဟုယုံကြည်ပါသောကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီး ထိန်းသိမ်း ခံထားရသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ခြွင်းချက် မရှိ အမြန်ဆုံး လွတ်မြောက်နိုင်ရေး အတွက်မိတ်ဆွေနိုင်ငံများနှင့်အတူ၊ပြည်တွင်းပြည်ပ မိတ်ဖက်အင်အားစုများ အားလုံးနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီကဆိုပါတယ်။


========================


📌📌 ၅။ မေရိကန်၊ နယူးယောက်တွင် လူထုခေါင်းဆောင်၏ ၇၈ နှစ်ပြည့်မွေးနေ့ ပွဲအခမ်းအနားသံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင်  အဝေးရောက် မြန်မာတိုင်းရင်းသား ၃၅၀ခန့်တက်ရောက်ခဲ့


ဇွန်လ၁၉ရက


 ဇွန်လ ၁၈ရက် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် (၇၈)နှစ်ပြည့်မွေးနေ့ပွဲကိုကျင်းပခဲ့ပါတယ်။


အခမ်းအနားတွင်  အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများ၊ တောထဲရောက်နေကြသည့် ပြည်သူ့ဘက်တော်သားတွေ၊ ပြည်တွင်းတွင် ပုံစံမျိုးစုံဖြင့် တော်လှန်နေကြသည်ြ ပြည်သူများ အပါအဝင်၊ မြန်မာပြည်ကြီးတစ်ခုလုံး အာဏာရူး စနစ်ဆိုးကြီးအောက်မှ လွတ်မြောက်နိုင်ရေး ဆုတောင်းပွဲကို ကျင်းပခဲ့တယ်လို့သိရပါတယ်။


အခမ်းအနားသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင်  အဝေးရောက် မြန်မာတိုင်းရင်းသား ၃၅၀ခန့်တက်ရောက်ခဲ့ပြီး ဘာသာကြီးလေးရပ်ကို ကိုယ်စားပြုသူများကလည်း ဆုတောင်းစကားများ အသီးသီးပြောကြားခဲ့ကြပါတယ်။


အလားတူ အမေရိကန်ပြည်ထောင်စု Indiana ပြည်နယ် Fort Wayne မြို့မှာဒေါ်အောင်ဆန်းစုကြည်ရဲ့(၇၈)နှစ်မြောက်မွေးနေ့အခမ်းအနားကိုကျင်းပခဲ့ပါတယ်


 (၇၈)နှစ်မြောက် အမေစုမွေးနေ့ ပွဲ၊ အမေစုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးဆုတောင်းပွဲနဲ့ စတုဒိသာအလှူပွဲကို တစ်ပေါင်းတည်းကျင်းပခဲ့တာဖြစ်ပါတယ်။


အလားတူ ကမ္ဘာ့ နိူင်ငံအသီးသီးမှာ ယနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့(၇၈)နှစ်မြောက်မွေးနေ့ကို ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း၊မွေးနေ့ အခမ်းအနားများကျင်းပ၍ တော်လှန်ရေးအသိနှိုးဆော်ခြင်းတို့လုပ်ဆောင်ခဲ့ကြပါတယ်။


========================


📌📌 ၆။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးတောင်းဆို


ဇွန်လ၁၉ရက်


ဇွန်လ၁၉ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက အခုလိုအသိပေးစာကို ဖော်ပြလာပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သူမ၏ (၇၈) နှစ်မြောက် မွေးနေ့တွင် ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။ ၂၀၂၁-ခုနှစ် ဖေဖော်ဝါရီလ -ရက်နေ့မှစတင်၍နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုထားသည့် ပြင်သစ်နိုင်ငံ၏ တောင်းဆိုချက်ကိုလည်း သူကထပ်မံတောင်းဆိုလိုက်တယ်"လို့ဆိုထားပါတယ်။


အသက်၇၈နှစ်ပြည့်ပြီ ဖြစ်သည့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်ကောင်စီက ပုဒ်မပေါင်းများစွာတပ်၍ ထောင်ဒဏ်နှစ်ရှည်ချမှတ်ကာမတရားချုပ်နှောင်ဖမ်းဆီးထားပါတယ်။


========================


📌📌 ၇။ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့တနေရာတွင်မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်"ဘန်နာအား ချိတ်ဆွဲ


ဇွန်လ ၁၉ ရက်


ဇွန်လ၁၉ရက်နေ့တွင် ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့တနေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံနှင့်အတူ 'We Miss You' ဟူသော စာသားပါ ဘန်နာတခုအား YRF Soft Strike Community မှ ချိတ်ဆွဲခဲ့ပါတယ်။


"ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး ယနေ့အချိန်ထိ ပြင်ပ ဧည့်သည်များနှင့် တွေ့ဆုံခွင့်မရဘဲ စစ်ကောင်စီနှင့် ဆက်နွယ်သူများဖြင့်သာ တွေ့ဆုံခွင့်ရပါတယ်။ ပြည်သူလူထုအနေဖြင့် အချိန်အတိုင်းအတာ နှစ်ကျော်လာသည်အထိ မတွေ့ရ မကြားရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်အား အစဉ်အမြဲကိုပင် အောက်မေ့ သတိရလျက်ရှိနေပါတယ်။ တချိန်ချိန်မှာကျွန်မတို့ပြည်သူတွေ အရမ်းတော်တယ်ဟူသော စကားသံနှင့်အတူ ရွှင်ပြုံး အားရသောမျက်နှာဖြင့် မိန့်ခွန်းပြန်လည်ပြောကြားမည့်ရက်အား စောင့်မျှော်နေသူများလည်း ရှိတယ်"လို့ YRFကဖော်ပြပါတယ်။


နောက်နှစ်မွေးနေ့တွင် ပြည်သူများနှင့်အတူမွေးနေ့ကျင်းပခွင့် ရပါစေကြောင်းနှင့် မွေးနေ့ရှင်အပါအဝင် မတရား အဖမ်းဆီးခံရသူများအားလုံး တော်လှန်ရေးအောင်ပွဲနှင့်အတူ အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်တယ်လို့YRFကဆိုပါတယ်။


========================


📌📌 ၈။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက်၇၈နှစ်ပြည့်မွေးနေ့ မှာအမျိုးသမီးထု၏ ဂုဏ်ရည်ကို ရည်ညွှန်းသောအားဖြင့် နှင်းဆီပန်ပွင့်(၉၀၀)ဖြင့် ပန်းသပိတ်လှုပ်ရှားမှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ကဆင်နွှဲခဲ့


ဇွန်၁၉ရက်


 ဇွန်လ၁၉ရက်တွင် ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊မြင်းခြံခရိုင်တပ်ရင်း()သည် ပြည်သူများမြတ်နိုးလေးစားတန်ဖိုးထားရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက်၇၈နှစ်ပြည့်မွေးနေ့ မှာ မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည် နှင့် တကွ အဓမ္မဖမ်းဆီးခံထားရသော ရဟန်းရှင်လူ၊ကျောင်းသားပြည်သူ နိုင်ငံရေးအကျဉ်းသားများနှင့် တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာထမ်းရွက်ခဲ့ကြသည့် အမျိုးသမီးထု၏ ဂုဏ်ရည်ကို ရည်ညွှန်းသောအားဖြင့် နှင်းဆီပန်းပွင့်(၉၀၀)ဖြင့် ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်လို့ဆိုပါတယ်။


ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ဟာ စစ်အာဏာရှင် စနစ်ကျဆုံးရေး လက်နက်ကိုင်ခုခံတွန်းလှန်နေသည့် တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။


========================


📌📌 ၉။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပကာ တော်လှန်သီချင်းနဲ့ကဗျာများရွတ်ဆို


ဇွန်လ (၁၉) ရက်


 ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ၁၉ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရုံး၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားအစီအစဉ် () ရပ်ဖြင့် ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


အခမ်းအနားအစီအစဉ်အရ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်အား အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် သစ္စာအဓိဌာန် ချက်အား ရွတ်ဆိုခြင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်​​ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောရှားမှ ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အမှတ်တရအမှာစကားပြောကြားခြင်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ PDF ရဲဘော် များမှ " အရှုံးမပေးနဲ့ မိငယ်ရေ " သီချင်းဖြင့် သီဆိုဂုဏ်ပြုခြင်းနှင့် အမှတ်တရ ကဗျာရွတ်ဆိုခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။


အဆိုပါ အခမ်းအနားတွင် စစ်ဆင်ရေးဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာန၊ စစ်ထောက်လှမ်းရေးဌာန၊ ပြည်သူ့လုံခြုံရေးဌာန၊ စိတ်ဓာတ်စစ်ဆင်ရေးနှင့် သတင်းပြန်ကြားရေးဌာန၊ ဆက်သွယ်ရေးဌာနခွဲ၊ မှတ်တမ်းဌာနခွဲ၊ ဘဏ္ဍရေးဌာနခွဲတို့မှ တာဝန်ရှိသူအသီးသီးတို့လည်း တက်ရောက်ဂုဏ်ပြုခဲ့ကြတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment