၂၀၂၃ ဇွန်လ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်တပ်အား အမြစ်ပြတ်ချေမှုန်းနိုင်ရန် စုစည်းညီညွတ်စွာဖြင့် တိုက်ပွဲဝင်သွားဖို့ ကရင်နီအမျိုးသားနေ့သို့ ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့
📌 ၂။ NUG ပြည်ထောင်စုဝန်ကြီးများအပါအဝင်မြန်မာ သံအမတ်ကြီးတို့နှင့် အမေရိကန် နယူးယောက်လူထုတွေ့ဆုံပွဲ "နွေဦးတော်လှန်ရေးညီအကိုမောင်နှမများတက်ရောက်ရန်ဖိတ်ခေါ်
📌 ၃။ တယ်လီကျန်းမာအနေနဲ့ မြို့နယ်ပေါင်း၃၁၉မြို့နယ်နဲ့ ပြင်ပနိူင်ငံ၃၁နိူင်တို့ကလူနာပြသမှု အကြိမ်ပေါင်း၁၃၀၀၀၀ ကျော်အထိကုသပေးနိူင်ခဲ့
📌 ၄။ မတော်တဆ မှုတစ်ခုကြောင့် မုံရွာက PDFလက်နက်ထုတ်ရေးစခန်းမီးလောင်ပျက်စီး၍ တန်ဖိုးကျပ်သိန်းရာနဲ့ချီဆုံးရှုံး
📌 ၅။ မြန်မာစစ်တပ်ထံ အိန္ဒိယကဆွီဒင်ထုတ် လက်နက်ပစ္စည်းအစိတ်အပိုင်းတွေရောင်းချမှု ရပ်တန့်ဖို့ ဆွီဒင် ဆောင်ရွက်ရန် Justice For Myanmar တိုက်တွန်း
📌 ၆။ ကနီမြို့နယ် တွင် ဆုတောင်းသပိတ်ကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်တပ်အား အမြစ်ပြတ်ချေမှုန်းနိုင်ရန် စုစည်းညီညွတ်စွာဖြင့် တိုက်ပွဲဝင်သွားဖို့ ကရင်နီအမျိုးသားနေ့သို့ ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့
ဇွန်လ၂၁ရက်တွင် (၁၄၈) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာမှာ အခုလိုဖော်ပြပါ ရှိပါတယ်။
ယနေ့သည် ကရင်နီအမျိုးသားတရပ်လုံး တန်ဖိုးထားဂုဏ်ယူရသည့် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်သည်။ ယနေ့ကျရောက်သော (၁၄၈) နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို ကရင်နီ ပြည်သူတရပ်လုံးနှင့်အတူ ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုပါကြောင်းနှင့် ယနေ့ကြုံကြိုက် နေရသော အခက်အခဲ အတားအဆီးများအားလုံးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်လို့ဖော်ပြပါတယ်။
ကရင်နီပြည်သူများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှတမှုရရှိရေးအတွက် အာဏာရှင်အဆက်ဆက်ကို အစဉ်တစိုက်တွန်းလှန်ခဲ့ကြသည်နှင့် အားလျော်စွာ သမိုင်းအစဉ်အလာအားဖြင့် ကြီးမားလှတယ်လို့ဆိုပါတယ်။
ယနေ့ ဆင်နွှဲလျက်ရှိသော ပြည်သူ့နွေဦးတော်လှန်ရေးတွင် ကရင်နီအမျိုးသား ခေါင်းဆောင်ကြီးများ၊ မဟာမိတ် ကရင်နီအမျိုးသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ကရင်နီ ပြည်သူများ၏ ကြီးမားလှသော ကြိုးပမ်းအားထုတ်မှု၊ အရင်းအနှီးများနှင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ပေးဆပ်စွန့်လွှတ်မှုများကို အစဉ် အောက်မေ့ဦးညွှတ် ဂုဏ်ပြုရမှာဖြစ်တယ်လို့ဆိုပါတယ်။
နိုင်ငံရေး၊ စစ်ရေး၊ စိတ်ဓာတ်ရေးရာ စစ်မျက်နှာစာ အဘက်ဘက်တွင် မြန်ဆန်စွာ အင်အားပြုန်းတီး ချိနဲ့လာလျက်ရှိသော အကြမ်းဖက်စစ်တပ်အား အမြစ်ပြတ်ချေမှုန်းနိုင်ရန် ယခင်ထက်ပိုမို စုစည်းညီညွတ်စွာြဖင့် ကြိုးစားအားထုတ် ရုန်းကန်တိုက်ပွဲဝင်သွားကြရန်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူရေးနှင့် တရားမျှတမှုတို့ ပြည့်ဝထုံမွှမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို အားလုံးအတူတကွ လက်တွဲထူထောင်ကြပါစို့ဟု တိုက်တွန်းလျက် ယနေ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် ကျရောက်သော (၁၄၈) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ဤသဝဏ်လွှာအား ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါတယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။
========================
📌📌 ၂။ NUG ပြည်ထောင်စုဝန်ကြီးများအပါအဝင်မြန်မာ သံအမတ်ကြီးတို့နှင့် အမေရိကန် နယူးယောက်လူထုတွေ့ဆုံပွဲ "နွေဦးတော်လှန်ရေးညီအကိုမောင်နှမများတက်ရောက်ရန်ဖိတ်ခေါ်
ဇွန်လ၂၁ရက်
ယခုလ ဇွန်လ၂၄ရက်နေ့တွင် New York City မြို့တွင် မြန်မာပြည်၏အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) ဌာနအသီးသီး၏ဝန်ကြီးများဖြစ်သော ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်တို့နှင့်တကွ၊ မြန်မာပြည်ကိုယ်စားပြု (UN) အမြဲတမ်းသံအမတ်ကြီးဦးကျော်မိုးထွန်းတို့သည် နယူးယောက်မြို့မှာစုံလင်စွာရှိနေမည်ဖြစ်ရာ၊ နွေဦးတော်လှန်ရေးမောင်နှမများနှင့်နွေးထွေးစွာတွေ့ဆုံ၍ သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးနိုင်ရန် NYCBC အဖွဲ့မှ Queens ရပ်ကွက်ရှိ St. James Episcopal Church တွင်နေ့လည် (2PM-5PM) အတွင်းစုရုံးနိုင်ရန်စီစဉ်ထားရှိပါတယ်လို့ ဇွန်လ၂၁ရက်မှာ NYCBCက အသိပေးဆိုပါတယ်။
တော်လှန်ရေး၂နှစ်ကျော်ကာလအတွင်း စစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ရေးအတွက် နယ်ပယ်အသီးသီးတွင်ကျရာနေရာမှတိုက်ပွဲဝင်နေကြသော တော်လှန်ရေးအင်အားစုများ၊ တော်လှန်ရေးရဲဘော်များအား NYCBC မှနွေးထွေးလေးစားစွာဖြင့်ဖိတ်ကြားအပ်ပါတယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ တယ်လီကျန်းမာအနေနဲ့ မြို့နယ်ပေါင်း၃၁၉မြို့နယ်နဲ့ ပြင်ပနိူင်ငံ၃၁နိူင်တို့ကလူနာပြသမှု အကြိမ်ပေါင်း၁၃၀၀၀၀ ကျော်အထိကုသပေးနိူင်ခဲ့
ဇွန်လအတွင်း တယ်လီကျန်းမာ ၂နှစ်ပြည့်အခမ်းအနားမှာ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံက အခုလိုထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။
"အခုဆိုရင်တယ်လီကျန်းမာအနေနဲ့ မြို့နယ်ပေါင်း၃၁၉မြို့နယ်နဲ့ ပြင်ပနိူင်ငံ၃၁နိူင်တို့ကလူနာပြသမှု အကြိမ်ပေါင်း၁၃၀၀၀၀ ကျော်အထိကုသပေးနိူင်ခဲ့သလိုအထူးကုဆေးခန်း၂၅ခန်းအထိတိုးချဲ့ဖွင့်လှစ်နိူင်ခဲ့ပါတယ်။ဒါ့ကြောင့်မို့လို့အခုလိုအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်နေတဲ့CDMကျန်းမာရေးဝန်ထမ်းအားလုံးကို ကျေးဇူးတင်ဂုဏ်ယူကြောင်းပြောပါ့ရစေ"လို့ဆိုပါတယ်။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကို တည်ထောင်ဖွင့်လှစ်ခဲ့တာ ဇွန်လ၁၉ရက် ၂၀၂၃ခု နှစ် မှာ (၂) နှစ် တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။
တယ်လီကျန်းမာအနေနဲ့ လူနာများကို ဆေးကုသမှုပေးရုံတင်မကဘဲ ကျန်းမာရေးကိစ္စအဝဝကို တိုင်ပင်ဆွေးနွေးနိုင်ဖို့နဲ့ ကျန်းမာရေးအသိပညာများ မျှဝေဖို့အတွက် တယ်လီကျန်းမာ Facebook Page၊ Messenger၊ Telegram နဲ့ YouTube Channel တွေကို အဓိကထားပြီး အသုံးပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာလည်း တယ်လီကျန်းမာဟာ "တယ်လီကျန်းမာ Website" စာမျက်နှာကိုလည်း ခြေလှမ်း စတင်ပြီး လှမ်းလိုက်ပြီလို့သိရပါတယ်။
========================
📌📌 ၄။ မတော်တဆ မှုတစ်ခုကြောင့် မုံရွာက PDFလက်နက်ထုတ်ရေးစခန်းမီးလောင်ပျက်စီး၍ တန်ဖိုးကျပ်သိန်းရာနဲ့ချီဆုံးရှုံး
ဇွန်လ၂၁ရက်
ဇွန်လ၂၁ရက်မှာ မုံရွာခရိုင်တပ်ရင်း (၂၊၃၊၄)Chindwin Attack Force အဖွဲ့ကအခုလိုအသိပေးဆိုထားပါတယ်။
မတော်တဆ မှုတစ်ခုကြောင့်"ပျက်စီးဆုံးရှုံးမှုကတော့ ကြီးမားခဲ့ပါတယ်။Accident တစ်ခုကြောင့်ဖြစ်ခဲ့ရတာဆိုတော့လည်း ဘာတတ်နိုင်မှာလဲပေါ့။အစကနေပြန်ရုန်းကန်ကျရအုံးမှာပေါ့ဗျာ။မိဘပြည်သူကိုလဲအားနာပေမယ့် တတ်အားသရွေ့တော့ ဝိုင်းဝန်းကူညီပေးကျဖို့ ညှိုးငယ်စွာနဲ့အသိပေးလိုက်ပါတယ်"လို့ဆိုပါတယ်။
ဇွန်လ ၁၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့မှု ဖြစ်ပွားခဲ့ပြီးနောက် လက်နက်ခဲယမ်းများအပါအဝင် လက်နက်ထုတ်လုပ်သည့် တွင်ခုံစက်ပါမီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ မြန်မာစစ်တပ်ထံ အိန္ဒိယကဆွီဒင်ထုတ် လက်နက်ပစ္စည်းအစိတ်အပိုင်းတွေရောင်းချမှု ရပ်တန့်ဖို့ ဆွီဒင် ဆောင်ရွက်ရန် Justice For Myanmar တိုက်တွန်း
Stockholm International Peace Research Institute (SIPRI) ရဲ့ အချက်အလက်တွေအရ အိန္ဒိယနိုင်ငံ ဟာ ၂၀၁၇-၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ တတိယမြောက် အများဆုံး လက်နက်တင်သွင်းသူဖြစ်ပြီး၊ တရုတ်နိုင်ငံ (၃၆%) နှင့် ရုရှားနိုင်ငံ (၂၇ ရာခိုင်နှုန်း) တို့ပြီးလျှင် အိန္ဒိယနိုင်ငံက ၁၇ ရာခိုင်နှုန်းရှိပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်လာနေတဲ့ မြန်မာစစ်တပ်ဆီ စစ်လက်နက်ရောင်းချမှုတွေမှာ ဆွီဒင်နိုင်ငံရဲ့ ထင်ထင်ရှားရှား ပတ်သက်မှုတွေအပေါ် အလွန်စိုးရိမ်မိပါတယ်"လို့ဆိုထားပါတယ်။
ဆွီဒင်အစိုးရနဲ့ သူရဲ့လက်နက်ထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ မဟာဗျူဟာထုတ်ကုန်များကြီးကြပ်ရေး အဖွဲ့ (Inspectorate of Strategic Products-ISP) တို့အနေနဲ့ နိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်းမရှိ ကျူးလွန်နေတဲ့ တရားမဝင်မြန်မာစစ်အုပ်စုလက်ထဲကို ဆွီဒင်စစ်လက်နက် တွေ မရောက်ဖို့အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။
========================
📌📌 ၆။ ကနီမြို့နယ် တွင် ဆုတောင်းသပိတ်ကျင်းပ
ဇွန်လ၂၁ရက်
စစ်ကိုင်းတိုင်း၊ကနီမြို့နယ် တွင် ဆုတောင်းသပိတ်ကျင်းပခဲ့တယ်လို့ ကနီမြို့နယ်တော်လှန်ရေးအင်အားစုမှ တဆင့်သတင်းရရှိပါတယ်။
ကနီမြို့နယ် ကျေးရွာလေးရွာစုပေါင်း ၊ ကနီသပိတ်အင်အားစုဦးဆောင်ဆရာတော်မှ တလရ ဩဝါဒမြွက်ကြား၊ ဆုတောင်းမေတ္တာပို့သ ၊ကနီသပိတ်အင်အားစု ဦးဆောင်သူများမှ
တော်လှန်ရေး တရား ပြောကြားပြီး သပိတ်အင်အားစုအဖွဲ့ဝင် အကပညာရှင် ပန်တျာနိုင်အောင်မှ တော်လှန်ရေး တေးသီချင်းအကအလှများဖြင့် ကပြခဲ့တယ်လို့သိရပါတယ်။
ကနီမြို့နယ်ဟာ စကစတပ်များစစ်ကြောင်းထိုးမှုကြားထဲက နေ့စဥ်မပျက် တော်လှန်နေတဲ့မြို်နယ်တစ်ခုဖြစ်ပြီး လူထုသပိတ်များကိုလည်းဆင်နွှဲခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment