22nd JUN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇွန်လ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စာရေးဆရာ ညီပုလေးကွယ်လွန်မှု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ ဝမ်းနည်းကြောင်း စကားဆို

📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း အီတလီနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန တာဝန်ရှိသူတို့နှင့် တွေ့ဆုံ၍ စစ်ကောင်စီအပေါ် စစ်လက်နက်နှင့် အသုံးအဆောင် ပစ္စည်းများ ဖြတ်တောက် တားဆီးနိုင်ရေးဆွေးနွေးခဲ့

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ တရားရေးဝန်ကြီးတက်ရောက်

📌 ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အလုပ်သမားရေးရာကော်မတီမှ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေမည့် လုပ်ငန်းအစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး 

📌 ၅။ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးပါးသွားကြသူများ၏ ကျန်ရစ်သူမိသားစုများကို  စိတ်ခွန်အားပေးခြင်း အစီအစဉ်များဆောင်ရွက်ခဲ့ 

📌 ၆။ မဟာမိတ်ပူးပေါင်းတပ်များက ရေးနှင့် သံဖြူဇရပ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ် နေ့စဉ်လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးနေ

📌 ၇။ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကြောရေးတွင် သတ်ဖြတ်ခံရသူများထဲတွင် အမျိုးသား ၈၈ဦးပါဝင်ကာ မန္တလေးတိုင်းမှာ အများဆုံးသေဆုံးခဲ့ရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စာရေးဆရာ ညီပုလေးကွယ်လွန်မှု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ ဝမ်းနည်းကြောင်း စကားဆို


ဇွန်လ၂၁

စာရေးဆရာ ညီပုလေးကွယ်လွန်မှု အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်များဝမ်းနည်းကြောင်း စကားဆိုခဲ့ပါတယ်။


ဇွန်လ၂၁ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယခုလိုဆိုခဲ့ပါတယ်။


"မာစေ သာစေ အသက်ရာကျော်ရှည် အရေးတော်ပုံ အောင်ရမယ် အရေးတော်ပုံ အောင်ကိုအောင်ရမယ်"မနှစ်က ကျွန်တော့မွေးနေ့မှာ (ဆရာညီပုလေး) အဲသလိုမွေးနေ့ဆုတောင်း လှမ်းပို့ခဲ့တာ သတိရတယ်။ တိုင်းပြည်ကောင်းရာမွန်ရာကို အမြဲလိုလားတဲ့ လူထုမိသားစုဝင်တစ်ဦး ဆုံးပါးသွားတဲ့အတွက် နှမျောတသ ဖြစ်ရပါတယ်။ ရေးတော်ပုံအောင်တဲ့အထိ ကျွန်တော်တို့ ဆက်လက်ချီတက်ပါ့မယ်အကြောင်း ကတိပြုပါတယ်။ အကိုကောင်းရာမွန်ရာရောက်ပါစေ"လို့ ဝန်ကြီးက ဆိုထားပါတယ်။


လူထုဒေါ်အမာနှင့် လူထုဦးလှတို့ရဲ့ အငယ်ဆုံးသား စာရေးဆရာညီပုလေးဟာ ဇွန်လ၂၁ရက် နံနက်ပိုင်းမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

"ဆရာညီပုလေး ( နိုင်ငံရေး သမား စာရေးဆရာ ) ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် မိသားစုနှင့် ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်။ မြန်မာစာပေအနုပညာလောကအတွက် သာမက နိုင်ငံရေး ရပ်တည်ချက် ဖြတ်သန်းမှု တန်ဖိုးများက ဆရာရေးထိုးခဲ့တဲ့ မှတ်ကျောက်တွေ အဖြစ်ချန်ရစ်ခဲ့ပါပြီဆရာ။ ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ နားခိုနိုင်ပါစေ"လို့ နိင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ဆိုထားပါတယ်။


စာရေးဆရာညီပုလေးဟာ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့ရဲ့ ပဉ္စမမြောက်သားငယ်ဖြစ်ပြီး စာပေ အနုပညာ နယ်ပယ်မှာ ထင်ရှားသူတစ်ဦးလည်းဖြစ်ပါတယ်။


အမျိုးသားစာပေဆုကိုထက်မြက်သောဓားသွားပေါ်က ချိုမြမြပျားရည်စက်စာအုပ်ဖြင့်ရရှိခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း အီတလီနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန တာဝန်ရှိသူတို့နှင့် တွေ့ဆုံ၍ စစ်ကောင်စီအပေါ် စစ်လက်နက်နှင့် အသုံးအဆောင် ပစ္စည်းများ ဖြတ်တောက် တားဆီးနိုင်ရေးဆွေးနွေးခဲ့


ဇွန်လ၂၁

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း အီတလီနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာနတာဝန်ရှိသူတို့နှင့် တွေ့ဆုံ၍ စစ်ကောင်စီအပေါ် စစ်လက်နက်နှင့် အသုံးအဆောင် ပစ္စည်းများ ဖြတ်တောက် တားဆီးနိုင်ရေးဆွေးနွေးခဲ့တယ်လို့ ဇွန်လ၂၁ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးဆိုပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် အီတလီနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန Deputy Director General , Principal Director for Asia, Oceania ed Antarctica. Directorate General for Globalization ဖြစ်သူ Alessandra Schiavo ITALIA-BIRMANIA.INSIEME ဥက္ကဌ ဖြစ်သူ Enzo Scotti Cecilia Brighi  တို့နှင့်ဇွန်လ ၁၉ ရက်နေ့တွင် အီတလီနိုင်ငံ ရောမမြို့ရှိ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန ရုံးခန်းတွင် တွေ့ဆုံခဲ့တယ်လို့ဖော်ပြပါတယ်။


နှစ်ဖက်တွေ့ဆုံရာမှာ-

() ပိုမိုထိရောက်မှုရှိသော စီးပွါးရေးပိတ်ဆို့မှုများ လုပ်ဆောင်သွားနိုင်ရေးနှင့် အကြမ်းဖက်စစ်အုပ်စုထံ စီး၀င်နေသော ငွေကြေးစီးဆင်းမှု လမ်းကြောင်းများ တားဆီးဆောင်ရွက်နိုင်ရေး 

() စစ်လက်နက်နှင့် အသုံးအဆောင် ပစ္စည်းများ ဖြတ်တောက် တားဆီးနိုင်ရေး 

() ပြစ်ဒဏ်ကင်းလွတ်နေမှုအပေါ် ရပ်တန့်ကာ တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။


 ဒါ့အပြင်NUG ကို မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုမှု ရရှိစေရေးကူညီပေးရန် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ကူညီပေးရန် အနာဂတ်ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးလုပ်ငန်းစဥ်များတွင် လိုအပ်သော နည်းပညာအကူအညီ နှင့် ပညာတော်သင်အစီအစဥ်များ တိုးမြှင့်ဆောင်ရွက်ပေးရန် စသည်တို့ကိုလည်း လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးက တောင်းဆိုခဲ့ပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ တရားရေးဝန်ကြီးတက်ရောက်


ဇွန်   ၂၁  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၉/၂၀၂၃)ကို ဇွန်လ၂၁ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အလုပ်သမားရေးရာကော်မတီမှ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေမည့် လုပ်ငန်းအစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး 


ဇွန်လ၂၁ရက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အလုပ်သမားရေးရာကော်မတီသည် နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေနိုင်မည့် လုပ်ငန်းအစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတကာအကူအညီများ ရရှိနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဇွန်လ (၂၀) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဆွေးနွေးပွဲတွင် အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှူး ဒေါက်တာခင်မကြီးက တွေ့ဆုံ ဆွေးနွေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ ယခုလို ပုံမှန်တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လမ်းစများ တွေ့လာနိုင်မည် ဖြစ်ကြောင်း၊ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကဏ္ဍများ ရှိလာမည်ဟုလည်း ယုံကြည်ပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာသူများက CDM များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် စစ်ဘေးရှောင်ပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး အစီအစဥ်များ၊ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေနိုင်မည့် လုပ်ငန်းအစီအစဥ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတကာအကူအညီများ ရရှိနိုင်ရန်နှင့် ချိတ်ဆက်လုပ်ဆောင်သွားနိုင်မည့် fund raising ဆိုင်ရာကိစ္စရပ်များအပေါ်  အပြန်အလှန် ညှိနှိုင်းဆွေးနွေး၍ ရှေ့ဆက်လုပ်ငန်းစဥ်များနှင့် စပ်လျဥ်းသည့် သဘောတူညီမှုများ ချမှတ်နိုင်ခဲ့ကြပါတယ်။


အစည်းအဝေးသို့ အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးပါးသွားကြသူများ၏ ကျန်ရစ်သူမိသားစုများကို  စိတ်ခွန်အားပေးခြင်း အစီအစဉ်များဆောင်ရွက်ခဲ့ 


ဇွန်လ ၂၁ 

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးပါးသွားကြသူများ၏ ကျန်ရစ်သူမိသားစုများကို  စိတ်ခွန်အားပေးခြင်း အစီအစဉ်များဆောင်ရွက်ခဲ့တယ်လို့ ဇွန်လ၂၁ရက်မှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးဆိုပါတယ်။


"လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးပါးသွားကြသူများ၏ ကျန်ရစ်သူမိသားစုဝင်များ အထူးသဖြင့် အိမ်ထောင်ဦးစီး အမျိုးသားနှင့် သား/သမီးဆုံးရှုံးခဲ့ရသည့် အိမ်ထောင်ရှင်အမျိုးသမီးများမှာ ကြီးမားသည့် စိတ်ဒဏ်ရာကို ခံစားနေကြရပါတယ်။ ယင်းသို့သောအခြေအနေတွင် ထိခိုက်ခံစားနေရသည့် အမျိုးသမီးများ၏ သောကပရိဒေဝများကို သက်သာလျော့ပါးစေရန်အလို့ငှာ ဆရာတော်အရှင်ထာဝရနှင့် စိတ်ပညာရှင်များကို ဖိတ်ကြား၍  စိတ်ခွန်အားပေးခြင်းကို  မြေပြင်တာဝန်ခံများနှင့်ချိတ်ဆက်၍ ()ရက်တာ ဆောင်ရွက်ပေးခဲ့ပါတယ်"လို့ဆိုပါတယ်။


ပထမရက်တွင် ဆရာတော် အရှင်ထာဝရက ပဇီကြီးကျေးရွာရှိ ကျန်ရစ်သူမိသားစုဝင်များအား စိတ်ခွန်အားဖြစ်စေမည့် တရားတော်များချီးမြင့်၍ အားပေးစကားများပြောကြားခဲ့ပြီး ဒုတိယရက်တွင် ကျန်ရစ်သူ အိမ်‌ထောင်ရှင်အမျိုးသမီးများအတွက် အမျိုးသမီး Psychologist က နှစ်သိမ့်ဆွေးနွေးခြင်းနှင့် စိတ်ခွန်အားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါတယ်။


အဆိုပါ စိတ်ခွန်အားပေးခြင်း အစီအစဉ်ကို ဆရာတော် အရှင်ထာဝရ၊ Mind healers- စိတ်ခွန်အားပေးသူများအဖွဲ့နှင့် တိုင်ပင်ဖော်မှ (Psychosocial support) ပညာရှင်များပူးပေါင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ပဇီကြီးကျေးရွာကို ဧပြီ၁၁ ရက်နေ့တွင် လေကြောင်းမှ လူမဆန်စွာ တိုက်ခိုက်ခဲ့မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူ (၁၅၇)ဦး သေဆုံးခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသူ (၃၂)ဦး ရှိခဲ့ပါတယ်။


========================


📌📌 ၆။ မဟာမိတ်ပူးပေါင်းတပ်များက ရေးနှင့် သံဖြူဇရပ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ် နေ့စဉ်လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးနေ


ဇွန်လ(၂၁) ရက်နေ့ 

မဟာမိတ်ပူးပေါင်းတပ်များက ရေးနှင့် သံဖြူဇရပ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ် နေ့စဉ်လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးနေတယ်လို့ ဇွန်လ၂၁ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (စစ်ရုံးချုပ်) က သတင်းထုတ်ပြန်ပါတယ်။


မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် (အမှတ်- ပြည်ထောင်စုလမ်းမကြီးပေါ်) မော်တော်ယာဉ်သွားမှုနှင့် ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ကြောင်းများနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) တို့ ပူးပေါင်းကာ နေ့စဉ်မပြတ် လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးလျက်ရှိတယ်လို့ ဖော်ပြပါတယ်။


ဇွန်လ ၁၈ ရက်နေ့က စတင်ပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် () နေရာ ခွဲ၍ စစ်ဆေးလျက်ရှိရာ ဇွန်လ(၁၈) ရက်နေ့တွင် စစ်ဆေးရေးပြုလုပ်ရာ မှတဆင့် ရန်သူ့တပ်နှင့်ဆက်နွယ်သူ () ဦးကို ဖမ်းဆီးရမိခဲ့ပြီး အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။


မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အမှတ်() ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်  ပုံမှန်စစ်ဆေးရေးပြုလုပ်သွားမည်ဖြစ်ပြီး ခရီးသွားမိဘပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးပါရန် အသိပေးကြေညာထားပါတယ်။


========================


📌📌 ၇။ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကြောရေးတွင် သတ်ဖြတ်ခံရသူများထဲတွင် အမျိုးသား ၈၈ဦးပါဝင်ကာ မန္တလေးတိုင်းမှာ အများဆုံးသေဆုံးခဲ့ရ


ဇွန်လ၂၁ရက်

ဇွန်လ၂၁ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကြောရေးတွင် သတ်ဖြတ်ခံရသူများထဲတွင် အမျိုးသား ၈၈ဦးပါဝင်ကာ မန္တလေးတိုင်းမှာ အများဆုံး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


 " ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကြောရေးတွင် သတ်ဖြတ်ခဲ့သူ အရေအတွက်မှာ အမျိုးသမီး () ဦးနှင့် အမျိုးသား (၈၈) ဦး စုစုပေါင်း (၉၁) ဦး ရှိပြီး မန္တလေးတိုင်းမှာ (၂၀) ဦးဖြင့် အများဆုံး သေဆုံးခဲ့ရပါတယ်"လို့ဆိုပါတယ်။


စစ်ကြောရေးတွင်သတ်ဖြတ်ခံရသူများမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ (၄၅) ဦး၊ ၂၀၂၂ ခုနှစ်တွင် (၃၂) ဦးနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ ၂၁ ရက်နေ့အထိ (၁၄) ဦး သေဆုံးခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment