၂၀၂၃ ဇွန်လ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ရုရှားနှင့် တရုတ် အပါအဝင် မြန်မာစစ်တပ်ကို ပံ့ပိုးပေးသည့် နိုင်ငံများနှင့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူသင့်တယ်လို့ ဝန်ကြီးဒေါက်တာဆာဆာပြောကြား
📌 ၂။ NUGအစိုးရဟာ အိမ်နီးချင်းနိူင်ငံများနဲ့လည်း ဆက်ဆံရေးကောင်းမွန် အဆင်ပြေချင်တယ်လို့ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာန ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်သည် ပြင်သစ်အောက်လွှတ်တော်အမတ် EELV ပါတီအဖွဲ့၀င် Mrs Sandrine Rousseau နှင့် တွေ့ဆုံ
📌 ၄။ "MFTBနဲ့ MICBကို ယူအက်စ်ကပိတ်ဆို့အရေးယူလိုက်တဲ့ သက်ရောက်မှုကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်း
📌 ၅။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ၏ အင်းတော်လက်နက်ကြီးကုန်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်ငါးနှစ်အရွယ်ကလေးငယ်အပါအဝင်အရပ်သားများထိခိုက်ဒဏ်ရာရ
📌 ၆။ အားယူထပျံ အောက်ချင်းအားမာန်ဇူလိုင်၄ရက်နေ့အထိ ကမ်ပိန်းရက်ထပ်မံတိုးမြှင့်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ရုရှားနှင့် တရုတ် အပါအဝင် မြန်မာစစ်တပ်ကို ပံ့ပိုးပေးသည့် နိုင်ငံများနှင့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူသင့်တယ်လို့ ဝန်ကြီးဒေါက်တာဆာဆာပြောကြား
ဇွန်လအတွင်းကျင်းပတဲ့ အီတလီနိုင်ငံ ရောမမြို့မှာ NO TIME LEFT ခေါင်းစဥ်ဖြင့် ညီလာခံဆွေးနွေးပွဲ တွင် ရုရှားနှင့် တရုတ် အပါအဝင် မြန်မာစစ်တပ်ကို ပံ့ပိုးပေးသည့် နိုင်ငံများနှင့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူသင့်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောကြားခဲ့ပါတယ်။
"စစ်အုပ်စုရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အီတလီနဲ့ အီတလီ၊ EU အဖွဲ့ဝင်နိုင်ငံတွေကနေတဆင့် အောက်ပါ လုပ်ဆောင်ချက်တွေကို ထည့်သွင်းစဉ်းစားဖို့ တောင်းဆိုပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလိုလားတဲ့ အခိုက်အတန့်တွေကို ပံ့ပိုးပေးဖို့နဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့ သူတို့ရဲ့ ဘဏ္ဍာရေး ဘဏ်လုပ်ငန်းနဲ့ ကွန်ရက်တွေ အပါအဝင် မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအပေါ် ပြင်းထန်တဲ့ ပစ်မှတ်ထား အရေးယူမှုတွေ ချမှတ်ဖို့ EU အစိုးရတွေနဲ့ EU အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။ MOGE နှင့် ရုရှားနှင့် တရုတ် အပါအဝင် မြန်မာစစ်တပ်ကို ပံ့ပိုးပေးသည့် နိုင်ငံများနှင့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူရန် EU မိတ်ဖက်များအတွက် ထောက်ခံချက်ပေးထားပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
စစ်အုပ်စုကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် လူပေါင်း ၂၂,၅၃၁ ဦးကို မတရားဖမ်းဆီးခဲ့ပါတယ်။
ထို့အပြင် ကွပ်မျက်ခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် လေးဦးအပါအဝင် လူ ၁၅၆ ဦးကို သေဒဏ်ချမှတ်ခဲ့ပါတယ်။
========================
📌📌 ၂။ NUGအစိုးရဟာ အိမ်နီးချင်းနိူင်ငံများနဲ့လည်း ဆက်ဆံရေးကောင်းမွန် အဆင်ပြေချင်တယ်လို့ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
ဇွန်လ၂၃
ဇွန်လအတွင်း အမေရိကန်ခရီးစဥ်မှာ အိမ်နီးချင်းနိူင်ငံများနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အခုလိုပြောကြားခဲ့ပါတယ်။
"ကျနော်တို့ဟာ တရုတ်နဲ့လည်းဆက်သွယ်တယ်။ တပြင့် အိမ်နီးနားချင်းနိူင်ငံတွေလည်းနဲ့ဆက်သွယ်ပါတယ်။ကမ္ဘာ့နိူင်ငံတွေနဲ့လည်းဆက်သွယ်တယ်။ကျနော်တို့အစိုးရဟာ တကယ်တော့ အိမ်နီးနားချင်းနိူင်ငံတွေနဲ့လည်း အဆင်ပြေချင်ပါတယ်။အဆင်ပြေမှလည်း ဖြစ်မှာပေါ့"ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ ကိုရီးယား၊ဂျပန်၊ပြင်သစ်နိူင်ငံ၊ သြစတြေးလျနိူင်ငံ၊ နော်ဝေနိူင်ငံတို့မှာ NUGကုိယ်စားလှယ်ရုံးများဖွင့်လှစ်ထားပြီး အမေရိကန်ဝါရှင်တန်ဒီစီတွင်လည်း နိူင်ငံခြားရေးဝန်ကြီးရုံးကို ဖွင့်လှစ်ထားရှိကာ နိူင်ငံတကာဆက်ဆံရေးများတိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာန ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်သည် ပြင်သစ်အောက်လွှတ်တော်အမတ် EELV ပါတီအဖွဲ့၀င် Mrs Sandrine Rousseau နှင့် တွေ့ဆုံ
ဇွန်လ ၂၃
ဇွန်လ (၂၂)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာန ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်သည် ပြင်သစ်အောက်လွှတ်တော်အမတ် EELV ပါတီအဖွဲ့၀င် Mrs Sandrine Rousseau နှင့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG ပြင်သစ်ကိုယ်စားလှယ်ရုံးကထုတ်ပြန်ပါတယ်။
အဆိုပါတွေ့ဆုံပွဲ တွင် ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် မှ မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်အတွင်းတိုးတက်လာသောအခြေအနေများအပါအ၀င် ပြင်သစ် အောက်လွှတ်တော်အနေဖြင့် CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များနှင့် ပုံမှန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် မြန်မာ့အရေးနှင့်ပတ်သက်၍ ပြင်သစ်အောက်လွှတ်တော်မှ ပြင်သစ်အစိုးရကို မြန်မာ့အရေးအတွက်ပိုမိုအားပေးထောက်ခံပေးရန် တိုက်တွန်းခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ "MFTBနဲ့ MICBကို ယူအက်စ်ကပိတ်ဆို့အရေးယူလိုက်တဲ့ သက်ရောက်မှုကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်း
ဇွန်လ၂၃ရက်နေ့ စုံစမ်းမေးမြန်းမှုတွေအရ မြန်မာ ကျပ်ငွေတန်ဖိုးဟာကျဆင်းမှုတွေ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။
ဇွန်လ ၂၂ ရက်နေ့ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၃၀၃၀ အထိ ပေါက်စျေးရှိကာထိုင်းနယ်စပ်ကုန်သွယ်ရေးမှာလည်း ကျပ် ၁သိန်းကို ဘတ်ငွေ ၁၁၅၀ထိသာ ပေါက်စျေးရှိတော့တယ်လို့သိရပါတယ်။
"MFTBဘဏ်နဲ့ MICBဘဏ်ကို ယူအက်စ်ကပိတ်ဆို့အရေးယူလိုက်တဲ့ဟာက သက်ရောက်မှုရှိနေပြီလို့ပြောရမှာပေါ့။ရန်ကုန်မှာဆို ရွှေကိုင်၊ငွေကိုင်ထားတဲ့သူတွေကပါ အခြေအနေကြည့်နေပြီ။ ပြောရရင် ရှေ့ဆက်ပိုဆိုးမယ့်အခြေအနေရှိတယ်"လို့ မြန်မာနယ်စပ် ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ( MFTB ) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် ( MICB ) တို့ကို အမေရိကန် အစိုးရ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုကို ဇွန်လ၂၁ရက်ကကြေညာခဲ့ပါတယ်။
စကစဘက်ကတော့ ဒီလို ပိတ်ဆို့အရေးယူမှုကြောင့် သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ လိမ်လည်သတင်းထုတ်ပြန်ထားပါသေးတယ်။
========================
📌📌 ၅။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ၏ အင်းတော်လက်နက်ကြီးကုန်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်ငါးနှစ်အရွယ်ကလေးငယ်အပါအဝင်အရပ်သားများထိခိုက်ဒဏ်ရာရ
ဇွန်လ၂၃
ဇွန်လ၂၃ရက်မှာ အင်းတော် တော်လှန်ရေးအင်အားစုက အခုလိုအတည်ပြုဆိုပါတယ်။
"စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ၏ အင်းတော်လက်နက်ကြီး ကုန်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်မှုရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
ဇွန်၂၁ရက်နေ့ ညနေ၆နာရီ အချိန်ခန့်တွင် အင်းတော်လက်နက်ကြီးကုန်းမှ နဘားရွာဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နဘားလမ်းဆုံအနီး စော်မော်ချောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပင်ဝယ်ရွာမှ သုံးဘီးမောင်းသူ အသက်၄၀ကျော်အရွယ် အမျိုးသားတစ်ဦး ဝမ်းဗိုက်ထိခိုက်ခဲ့ကြောင်း သိရပါတယ်။
ဇွန်လ၂၂ရက် နေ့လည်ပိုင်းအချိန်တွင်လည်း နဘားရွာဘက်သို့ လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်ခဲ့ပြီး ကမ်းနီရွာအနီးတို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် လယ်ထဲတွင်ရှိနေသော ၅နှစ်အရွယ်ကလေးတစ်ဦးနှင့် အသက်၂၀ကျော်အရွယ် မိခင်တစ်ဦး ထိခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ အားယူထပျံ အောက်ချင်းအားမာန်ဇူလိုင်၄ရက်နေ့အထိ ကမ်ပိန်းရက်ထပ်မံတိုးမြှင့်
ဇွန်လ၂၃
ဇွန်လ၂၃ရက်နေ့မှာ ကမ်ပိန်းနဲ့ပတ်သက်လို့ CDFမင်းတပ်က အခုလိုအသိပေးဆိုပါတယ်။
"တော်လှန်ရေးမပြီးသေးသလို ကမ်ပိန်းလည်း မပြီးသေးဘူး။ကမ်ပိန်းTarget လည်း မပြည့်မီသေးဘူး။ ကမ်ပိန်းကာလကို ဇွန်လ (၄) ရက်နေ့အထိ သက်တမ်းတိုးထားကြတယ်နော် ။ ဆက်လက် ဝန်းရံ အားဖြည့်ပေးကြပါဦး"လို့ဆိုထားပါတယ်။
ကျပ်သိန်းငါးထောင်ကမ်ပိန်းဖြစ်တဲ့“အားယူထပျံ အောက်ချင်းအားမာန်” ဆိုတဲ့ခေါင်းစဉ်နဲ့ Fundraising Campaign ကို မေလ၊ (၁၉) ရက် မှ စတင်ခဲ့ပါတယ်။
“အားယူထပျံ အောက်ချင်းအားမာန်” စီမံကိန်းဟာ CDF-Mindat အနေဖြင့်အင်မတန် ခွန်အားဖြစ်မည့် စီမံကိန်းဖြစ်သည့်အလျောက် ပြည်သူလူထုအနေဖြင့်ပါဝင်ဖို့လည်းလိုအပ်တယ်လို့ဆိုထားပါတယ်။
ကမ်ပိန်းတွင်ပါဝင်လိုသူ များအနေနဲ့ CDF-Mindatရဲ့ လူမှုကွန်ရက်မှာ Fundraising ကိုယ်စားလှယ်များကို အသိပေးဖော်ပြထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment