၂၀၂၃ ဇွန်လ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမေရိကန်၏ စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုများကို ကြိုဆိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ ရန်သူ့စိုးမိုးနယ်မြေ ထိုးဖောက်ရေးနဲ့ မိမိစိုးမိုးနယ်မြေတွင်း အကောင်အထည်ဖော်ရေး စီမံချက်တွေ လုပ်ရမယ်လို့ ကာကွယ်ရေးဝန်ကြီးဆို
📌 ၃။ အီတလီနိုင်ငံရောမမြို့မှာ NO TIME LEFT ခေါင်းစဥ်ဖြင့် ညီလာခံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ အွန်လိုင်းမှ တက်ရောက်
📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၂၅/၂၀၂၃)ကျင်းပ
📌 ၅။ ရန်ကုန်တိုင်းစစ်ဒေသခွဲ၊ တပ်ရင်း ၅၁၀၁ မှ အမျိုးသမီး ရဲမေများ စုဖွဲ့လေ့ကျင့်
📌 ၆။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ဒုဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့သူ ၃၁ဦးကို ယနေ့အချိန်အထိ အကျဥ်းထောင်များတွင် ဖမ်းဆီးထား
📌 ၇။ မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ ဦးဆောင်ကျင်းပဖို့လုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းဖို့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ကို Justice For Myanmar က တောင်းဆို
📌 ၈။ ဝက်လက်မြို့နယ်က ထွက်ခွာလာတဲ့ စကစအင်အား၇၀ခန့်ကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းမှဆွဲမိုင်း ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့
📌 ၉။ ပုလောတွင် (၂) ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ (၁ဝ) ဦးခန့် သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမေရိကန်၏ စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုများကို ကြိုဆိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
ဇွန်လ၂၂ရက်
အမေရိကန်၏ စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုများကို ကြိုဆိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဇွန်လ၂၂ရက်မှာ Twitterမှာ ရေးသားဆိုပါတယ်။
စစ်ကောင်စီနှင့် နိုင်ငံခြားဈေးကွက်များအကြား အရောင်းအဝယ်ပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေမည့် ငွေကြေးအဖွဲ့အစည်းနှစ်ခုအပါအဝင် မြန်မာစစ်ကောင်စီအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ကြိုဆိုပါတယ်။ ၎င်းတို့၏ ၀င်ငွေစီးဆင်းမှုများကို ပိတ်ဆို့ရမှာ ဖြစ်တယ်"လို့ ယာယီသမ္မတ ကဆိုထားပါတယ်။
မြန်မာနိုင်ငံတွင် အာဏာရှင်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် အကြီးမားဆုံးဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို အရေးယူသတ်မှတ်မှုများဆောင်ရွက်ခြင်းမှာ
သမ္မတ၏ အမိန့်အမှတ် ၁၄၀၁၄အရ ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ ဇွန်လ၂၁ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
"ဤလှုပ်ရှားမှုသည် စစ်တပ်၏ နိုင်ငံခြားငွေလဲလှယ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်များနှင့် ၎င်းတို့၏ အရောင်းအဝယ်များကို ဖြတ်တောက်ပစ်လိုက်ပါတယ်။ စစ်အာဏာရှင်၏ ဘဏ္ဍာရေးကွန်ရက်များကို ဖျက်သိမ်းပြီး လက်ရှိဖြစ်ပေါ်နေသော တော်လှန်ရေးကို ပံ့ပိုးရန် နောက်ထပ် လုပ်ဆောင်မှုများကို ကျွန်ုပ်တို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း Twitterမှာ ရေးသားထားပါတယ်။
========================
📌📌 ၂။ ရန်သူ့စိုးမိုးနယ်မြေ ထိုးဖောက်ရေးနဲ့ မိမိစိုးမိုးနယ်မြေတွင်း အကောင်အထည်ဖော်ရေး စီမံချက်တွေ လုပ်ရမယ်လို့ ကာကွယ်ရေးဝန်ကြီးဆို
ဇွန်လ၂၂
ရန်သူ့စိုးမိုးနယ်မြေထိုးဖောက်ရေးနဲ့ မိမိစိုးမိုးနယ်မြေတွင်း အကောင်အထည်ဖော်ရေး စီမံချက်တွေ လုပ်ရမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။
ဇွန်လ၂၂ရက်မှာ ကာကွယ်ရေးဝန်ကြီး၏ သတင်းဌာနနှင့်အင်တာဗျုးကောက်နှုတ်ချက်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
"နေပြည်တော်ဟာ ရန်သူ့တပ်ရဲ့ အသည်းနှလုံး ဖြစ်တယ်။ ရန်သူ့စိုးမိုးနယ်မြေ ထိုးဖောက်ရေးနဲ့ မိမိစိုးမိုးနယ်မြေတွင်း အကောင်အထည်ဖော်ရေး စီမံချက်တွေလုပ်ရမယ်။ အထူးပြုလုပ်ရမယ့်အလုပ်တွေကို နယ်မြေအလိုက် အကောင်အထည်ဖော်ရမှာ ဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ နေပြည်တော်နယ်မြေအတွင်းမှာပါ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ဆင်ရေးများ ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၃။ အီတလီနိုင်ငံရောမမြို့မှာ NO TIME LEFT ခေါင်းစဥ်ဖြင့် ညီလာခံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ အွန်လိုင်းမှ တက်ရောက်
ဇွန်လ၂၂ရက်
ဇွန်လ ၂၁ ရက်နေ့၊ အီတလီနိုင်ငံ ရောမမြို့ရှိ ဥရောပကော်မရှင်ကိုယ်စားပြုဖြစ်သည့် ဥရောပပါလီမန်ရုံးခန်းမတွင် မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဒီမိုကရေစီအမြန်ဆုံးဖြစ်ထွန်းလာစေရေးအတွက် အချိန်မဖြုန်းရန် NO TIME LEFT ခေါင်းစဥ်ဖြင့် ညီလာခံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
Italia - Birmania Insieme အဖွဲ့မှ ဦးစီးပြုလုပ်သော ထိုညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဆာဆာ အွန်လိုင်းမှ တက်ရောက်ကာ ရဲရင့်သော မြန်မာတိုင်းရင်းသားပြည်သူများ၏ အောင်မြင်သည်အထိ တော်လှန်သွားမည့် နွေဦးတော်လှန်ရေးအား အဖက်ဖက်မှ ပံ့ပိုးကူညီပေးကြရန်အတွက် နိုင်ငံတကာမှ အရေးကြီးလုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြသွားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီဥက္ကဌ ဦးခွန်းမြင့်ထွန်းမှ နွေဦးတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုအတွက် အရေးပါသော ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးနှင့် စစ်ကိုင်းဖိုရိမ်တို့အကြောင်းများ တင်ပြဆွေးနွေးကာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ၏ အာဆီယံ သံတမန်ယာဥ်တန်းတိုက်ခိုက်မှုအပေါ် နိုင်ငံတကာမှ နှုတ်ဆိတ်နေပုံကို ဆက်လက်ပြောကြားသွားခဲ့ပါတယ်။
ညီလာခံဆွေးနွေးပွဲသို့ အီတလီအစိုးရလွှတ်တော်အမတ်များ၊ အစိုးရအဖွဲ့ဝင်များ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ သံတမန်များ တက်ရောက်ခဲ့ကြပြီး မြန်မာ့ရေးရာ ပတ်သက်ဆက်နွယ်နေသည့် တရုတ်၊ ရုရှတို့၏ ရပ်တည်မှု၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အမြတ်ထုတ်မှုများ အာဆီယံနိုင်ငံများဆိုင်ရာ ရပ်တည်မှုများနှင့် လုပ်ဆောင်ချက်များကို ဆွေးနွေးပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၂၅/၂၀၂၃)ကျင်းပ
ဇွန် လ ၂၂ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၅/၂၀၂၃)ကို ဇွန်လ၂၂ရက်နေ့က ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင် အလုပ်သမားဝန်ကြီး၊ နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၄/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ ရန်ကုန်တိုင်းစစ်ဒေသခွဲ၊ တပ်ရင်း ၅၁၀၁ မှ အမျိုးသမီး ရဲမေများ စုဖွဲ့လေ့ကျင့်
ဇွန်လ၂၂ရက်
ရန်ကုန်တိုင်းစစ်ဒေသခွဲ၊ တပ်ရင်း ၅၁၀၁ မှ အမျိုးသမီး ရဲမေများ စုဖွဲ့လေ့ကျင့်ခဲ့တယ်လို့ ဇွန်လ၂၂ရက်မှာ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ် တပ်ရင်း ၅၁၀၁က သတင်းထုတ်ပြန်ခဲ့ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဒေသခွဲ၊ တပ်ရင်း ၅၁၀၁ မှ အမျိုးသမီး ရဲမေများ၏ စုဖွဲ့လေ့ကျင့်မှု မှတ်တမ်းဓာတ်ပုံများ"လို့ ဖော်ထုတ်ပြသခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ မှာ ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကိုဖွဲ့စည်းကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တပ်ရင်း ၅၁၀၁ သည် တိုက်ရည်ခိုက်ရည်ကောင်းမွန်ပြီး အမိန့်နာခံမှု အားကောင်းသော စစ်သည်တော်ကောင်းများဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး အခြေခံစစ်ပညာသင်တန်းများ၊ မွမ်းမံသင်တန်းများသာမက မြို့ပြပြောက်ကျား အထူးမွမ်းမံသင်တန်းများပါ တက်ရောက်သင်ကြားထားသော စစ်သည်တော်များလည်းဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၆။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ဒုဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့သူ ၃၁ဦးကို ယနေ့အချိန်အထိ အကျဥ်းထောင်များတွင် ဖမ်းဆီးထား
ဇွန်လ၂၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ဒုဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့သူ ၃၁ဦးကို ယနေ့အချိန်အထိ အကျဥ်းထောင်များတွင် ဖမ်းဆီးထားတယ်လို့ ဇွန်လ၂၂ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့ကြပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် (၄၀) ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပါတယ်။ ထို (၄၀) ဦးအနက် မတရားသောပုဒ်မ အသီးသီးဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ (၂၇) ဦး အပါအဝင် (၃၁) ဦးမှာ လက်ရှိအချိန်ထိ အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ဆိုပါတယ်။
ဇွန်လ ၂၁ ရက်နေ့တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ပဲခူးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ ဝန်ကြီး ဦးထွန်းထွန်းဦးကို ပေါင်းတည်အကျဉ်းထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အမှု နှစ်မှုဖြင့် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပါတယ်။
ဦးထွန်းထွန်းဦးကို မေလ ၃၀ ရက်နေ့တွင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့၌ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၇။ မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ ဦးဆောင်ကျင်းပဖို့လုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းဖို့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ကို Justice For Myanmar က တောင်းဆို
ဇွန်လ၂၂ရက်
မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ ဦးဆောင်ကျင်းပဖို့ လုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းဖို့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ကို Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ ကမ္ဘာ့အသိုက်အဝန်းအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ မအောင်မြင် အလုပ်မဖြစ်ကြောင်း အထောက်အထားတွေ လိုအပ်နေသေးတယ်ဆိုရင် အာဆီယံရဲ့ အကြမ်းဖက်မှုနှိမ်နင်းရေးမှာ ပြည်သူတွေကို နေ့စဉ်အကြမ်းဖက်နေတဲ့ မြန်မာစစ်အုပ်စုတပ်ဖွဲ့တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ လုပ်ရပ်ဟာ လယ်ပြင်ဆင်သွားသလို လက်ဆုပ်လက်ကိုင် ငြင်းမရ ထင်ရှားတဲ့ သာဓက ဖြစ်ကြောင်း ပြောလိုပါတယ်"လို့ဆိုပါတယ်။
မြန်မာစစ်အုပ်စုနဲ့ ရုရှားအစိုးရတို့ ပူးတွဲဦးဆောင်မယ့် အဲဒီအစီအစဥ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုင်ရာ ADMM အပေါင်း ကျွမ်းကျင်ပညာရှင်များ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပမှာဖြစ်ပြီး သြဂုတ်လအတွင်း မြန်မာနိုင်ငံမှာ စားပွဲဝိုင်းဆွေးနွေးလေ့ကျင့်မှုတွေကို ပြုလုပ်ပြီး စက်တင်ဘာလအတွင်း ရုရှားနိုင်ငံမှာ လက်တွေ့စစ်ရေးလေ့ကျင့်ခန်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။
အလုပ်အဖွဲ့ဟာ ရုရှားနိုင်ငံ Khabarovsk မှာ ဇွန်လအတွင်း စစ်ရေးလေ့ကျင့်မှုအတွက် သူတို့ရဲ့ အဆုံးသတ် ပြင်ဆင်ရေးညီလာခံကို အာဆီယံအဖွဲ့ဝင်တွေနဲ့အတူ ဆွေးနွေးဖက် တရုတ်နဲ့ အိန္ဒိယတို့ ပါဝင်တက်ရောက် ခဲ့ပါတယ်။
အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ နယူးဇီလန်နိုင်ငံ တို့ကတော့ အဲဒီအစည်းအဝေးကို သပိတ်မှောက်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၈။ ဝက်လက်မြို့နယ်က ထွက်ခွာလာတဲ့ စကစအင်အား၇၀ခန့်ကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းမှဆွဲမိုင်း ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့
ဇွန်လ၂၂
ဇွန်လ၂၂ရက် နံနက်၈နာရီ၃၀အချိန်မှာ ဝက်လက်မြိုမှ ထွက်လာသော စကစအင်အား ၇၀ခန့် စစ်ကြောင်းကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းမှ ဆွဲမိုင်း ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Eagle Guerrilla Forceက ဆိုပါတယ်။
" ဝက်လက်မြို့မှ ထွက်လာသော စကစအင်အား (၇၀)ခန့်ကို Eagle Guerrilla Force. ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းမှဆွဲမိုင်း ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ သဖန်းကုန်းရွာနှင့် တကောင်းမင်းရွာကြားအရောက် ကျေးရွာအခေါ် (ဝက်သိုးကျောင်း) နှင့် ဖုတ်ကုန်းအနီးတွင် အဆင်သင့်ပြင်ဆင်ထားသော မိုင်းများဖြင့် ဆွဲလိုက်ရာ စကစတပ်က လေးဦးမှာ လွင့်စင်လဲကျသွားခဲ့ပါတယ်"လို့ဆိုပါတယ်။
စကစတပ်များမှာ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သောကြောင့် မိုင်းဆွဲရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး အထိအခိုက်မရှိဘူးလို့ဆိုပါတယ်။
========================
📌📌 ၉။ ပုလောတွင် (၂) ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ (၁ဝ) ဦးခန့် သေဆုံး
ဇွန်လ (၂၂) ရက်
ပုလောတွင် (၂) ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ (၁ဝ) ဦးခန့် သေဆုံးခဲ့တယ်လို့ ဇွန်လ၂၂ရက်မှာ စစ်ရေးသတင်းကို သတင်းနှင့် ပြန်ကြားရေးဌာန စစ်ဒေသခွဲ အမှတ် ၃ က ဆိုပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာသို့ စစ်ကြောင်း (၃)ကြောင်းဖြင့် ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဇွန်လ (၂ဝ) ရက်နေ့ နံနက် (၁၁) နာရီ (၄၀) မိနစ်ဝန်းကျင်တွင် မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမကြီး၌ ထိတွေ့တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများနှင့် အင်အား (၂ဝဝ) ခန့်ရှိသည့် ရန်သူ့တပ်များအကြား ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့၊ ည (၇) နာရီခန့်အထိ ထိတွေ့ပစ်ခတ်မှုများ အပြင်း အထန် အကြိမ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ (၂) ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ (၁ဝ)ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ ရန်သူ့အလောင်း(၁)လောင်း သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းမှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ရပါတယ်။
ပုလောမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တို့နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သဖြင့် ခရီးသွားပြည်သူများအနေဖြင့် မြိတ်-ပုလောလမ်းမကြီးအား အသုံးပြု၍ ခရီးသွားလာခြင်းအား မလိုအပ်ပဲ လုံးဝမပြုလုပ်ကြပါရန် မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းမှ မေတ္တာရပ်ခံ အကြံပြုထားပါသည်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment