၂၀၂၃ ဇွန်လ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ (၄၇)နှစ်မြောက် ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့ အခမ်းအနားကို ယာယီသမ္မတ ဒူဝါလရှီးလနှင့်ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့တက်ရောက်
📌 ၂။ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ၄၇ နှစ်မြောက် ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့အဖြစ် ကြေညာချက်ထုတ်ပြန်
📌 ၃။ NUG Payကို ယုံကြည်စွာ သုံးစွဲပြီး နွေဦးအောင်ပွဲရသည့်အထိ မဆုတ်မနစ်ထောက်ပို့ပါဝင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင် တိုက်တွန်းပြောကြား
📌 ၄။ လက်ရှိစစ်တပ်ဟာ စစ်မှန်တဲ့ ပြည်သူ့ဝန်ထမ်းတွေမဟုတ်တဲ့အတွက် တွန်းလှန်ပစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အစားထိုးရမယ်"လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား
📌 ၅။ လန်ဒန်မြို့မှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ပွဲနှင့် နွေဦးတော်လှန်ရေး ရံပုံငွေ စျေးရောင်းပွဲ ကိုဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနှင့် မြေး ၂ ဦးတက်ရောက်
📌 ၆။ ငါန်းမြာရဲစခန်းတွင်အစည်းအဝေးပြုလုပ်နေစဥ်ဒရုန်းနဲ့တိုက်ခိုက်ခံရ၍ ၆ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ (၄၇)နှစ်မြောက် ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့ အခမ်းအနားကို ယာယီသမ္မတ ဒူဝါလရှီးလနှင့်ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့တက်ရောက်
ဇွန်လ၂၆ရက်
ဇွန်လ၂၆ရက်တွင်ကျင်းပသော (၄၇)နှစ်မြောက် ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို တက်ရောက်လာတဲ့ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုထည့်သွင်းပြောကြားလိုက်ပါတယ်။
"ကျနော်တို့ ပြည်သူတွေဟာ စစ်အာဏာရှင် ဆက်ဆက်ကပေးတဲ့ ပူပင်သောက ဒုက္ခကိုခံစားလာခဲ့ကြရပါတယ်။အခုလည်း စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင်လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ကျနော်တို့အားလုံး ခုခံတော်လှန်နေကြရတာဖြစ်ပါတယ်။
စစ်အာဏာရှင် ယန္တရားအောက်မှ ဖိနှိပ်ညှင်းဆဲခြင်းလက်မှ နောက်တွန့်မသွားတဲ့ သတ္တိသွေးဟာဘယ်လောက်နီသလဲ။ ဘယ်လောက်ရဲသလဲဆိုတာကို ဆလိုင်းတင်မောင်ဦးက သက်သေခံနေတာ ဖြစ်ပါတယ်။ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်ဟာ စစ်အာဏာရှင်ကို ကျနော်တို့ လုံးဝတွန့်ဆုတ်မသွားအောင် သတိပေးနှိုးဆော်နေတယ်လို့" ပြောချင်ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားရာတွင် "ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေဟာ ၄င်းတို့ကို ဆန့်ကျင်ငြင်းပယ်သူတွေကို နိူင်ငံရေးအကျဥ်းသားတွေကို လူသားချင်းစာနာမှု၊ လူသားဂုဏ်သိက္ခာ စတာတွေကို ထည့်သွင်းစဥ်းစားခြင်းအလျဥ်းမပြုဘဲ အငြိုးအာဃတကြီးစွာ ညှင်းပန်းနှိပ်စက် ဖမ်းဆီးခြင်းသာမက သေဒဏ်ချမှတ်ခြင်း၊သေဒဏ်ကိုအတည်ပြုခြင်း စတဲ့အပြုအမူတွေ ပြုကျင့်လေ့ရှိပါတယ်။
ယခုလည်းအာဏာသိမ်းစစ်ကောင်စီဟာ ခေတ်အဆက်ဆက် အာဏာရှင်တွေ ပြုကျင့်လေ့ရှိသလိုပြုကျင့် နေတာဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ ပြည်သူတွေကိုအကြောက်တရားနဲ့ ထိန်းချုပ်လေ့ရှိပါတယ်။ပြည်သူတွေရဲ့ စိတ်ထဲကို အကြောက်တရားတွေ သွတ်သွင်းပြီး တရားမျှတမှုနဲ့ လွတ်မြောက်မှု တွေဟာ စစ်ဖိနပ်အောက်မှာ ဒူးထောက်သွားဖို့၊ လူ့အခွင့်အရေးနဲ့တူညီ မျှခြင်းတွေကို လစ်လျူ ချက်တွေပေါ်လာအောင်ဖန်တီးပေးလေ့ရှိပါတယ်"လို့ဆိုပါတယ်။
အာဏာရှင်စနစ်ကိုဆန့်ကျင်အံတုခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ စစ်အာဏာရှင်တွေက ရက်စက်စွာကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၂။ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ၄၇ နှစ်မြောက် ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့အဖြစ် ကြေညာချက်ထုတ်ပြန်
ဇွန် ၂၆ ၊ ၂၀၂၃
ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က ဒီနေ့ကျရောက်တဲ့ ၄၇ နှစ်မြောက် ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့ အဖြစ် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
ကြေညာချက်ထဲမှာ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အတွက် နည်းမျိုးစုံ ဖြင့်ကျရာကဏ္ဍအသီးသီးမှာ ပါဝင်ဆောင်ရွက်နေကြသူများအားလုံးအနေနဲ့ ဆလိုင်းတင်မောင်ဦးရဲ့ ပြောကြား ချက်များအား ရင်ဝယ်ပိုက်ပြီး ရှေ့ဆက်ချီတက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်တယ်လို့ ဖော်ပြထားပါတယ်။
ဆလိုင်းတင်မောင်ဦးက ချင်းလူမျိုး တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်အာဏာရှင် စနစ်အား ဆန့်ကျင်အံတုတဲ့ ၎င်းရဲ့လုပ်ဆောင်ချက်က ချင်းလူမျိုးများအပါအဝင် မြန်မာ နိုင်ငံသူနိုင်ငံသားများ အတွက် သာမက၊ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်အံတုကြသူတိုင်း စံနမူနာထားလေးစား အသိအမှတ်ပြုရန် ထိုက်တန်တဲ့အရာဖြစ်လို့ ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့ကို ပြည်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံးမှာ နှစ်စဥ်ကျင်းပပြုလုပ်နိုင်ရန် အလေးအနက်တိုက်တွန်းတယ်လို့ ဖော်ပြထားပါတယ်။
ဆလိုင်းတင်မောင်ဦးက “စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး (I will never kneel down under military boots.)” ဆိုပြီး ၎င်းအား ကြိုးပေးသတ်ဖြတ်ရန်ပြင်ဆင်နေတဲ့ စစ်အာဏာရှင် လက်ပါးစေ များကို ပြတ်ပြတ်သားသားပြောကြားခဲ့သလို “မင်းတို့ ငါ့ရဲ့ခန္ဓာကိုယ်ကိုသတ်လို့ရချင်ရမယ်။ ဒါပေမယ့် ငါ့ရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ မရနိုင်ဘူး (You can kill my body but you can never kill my belief and what I stood for.)” ဆိုပြီးတော့လည်း ရဲရဲတောက်ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသေးသရွေ့ ကာလပတ်လုံး မိမိတို့ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများက လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် လုံခြုံငြိမ်းချမ်းခြင်းများကို ရရှိခံစားနိုင်မဲ့ အခြေအနေ မရှိဘူးဆိုပြီးတော့လည်း ICNCC က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
📌📌 ၃။ NUG Payကို ယုံကြည်စွာ သုံးစွဲပြီး နွေဦးအောင်ပွဲရသည့်အထိ မဆုတ်မနစ်ထောက်ပို့ပါဝင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင် တိုက်တွန်းပြောကြား
ဇွန်လ၂၆
ဇွန်လ၂၆ရက်မှာ တစ်နှစ်ပြည့် NUG Payရဲ့ အစီရင်ခံစာထုတ်ပြန်ရာမှာ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်က အခုလိုဆိုလိုက်ပါတယ်။
"တော်လှန်ရေးလိုအပ်ချက်အတွက် NUG Payကိုဖန်တီးလည်ပတ်ခဲ့တာ တစ်နှစ်ပြည့်မြောက်ခဲ့ပါပြီ။ တော်လှန်ပြည်သူတွေရဲ့ လုံခြုံဘေးကင်းစွာ ထောက်ပို့နိူင်ရေးက NUG Payရဲ့အန္တိမရည်မှန်းချက်ပါပဲ။ လက်တွေ့မှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ငွေကြေးယန္တရားကနေ သီးသန့်လွတ်ကင်းတဲ့ငွေကြေးဝန်ဆောင်မှုကို
ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်နိူင်ခဲ့တဲ့အတွက် သုံးစွဲသူပြည်သူများနဲ့ NUG Payအဖွဲ့သားများကို အထူးမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။တော်လှန်ပြည်သူများအနေဖြင့်လည်း NUG payကို ယုံကြည်စွာသုံးစွဲ ပြီးနွေဦးအောင်ပွဲရသည့်အထိ မဆုတ်မနစ် ထောက်ပို့ပါဝင်ပေးကြပါလို့ မေတ္တာ ရပ်ခံတိုက်တွန်းအပ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့သော NUGPay သည် တစ်နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ပြီးသိသာထင်ရှားသော အချက်အလက်များအနေဖြင့် တစ်နှစ်တာအတွင်းတွင်-သုံးစွဲသူစုစုပေါင်း နှစ်သောင်းရှစ်ထောင်ကျော်စျေးကွက်အတွင်းလည်ပတ်နေသော DMMK ပမာဏ ၁၅.၂ ဘီလျံနှင့်DMMK အား အသုံးပြု၍ ငွေပေးငွေယူ (Transaction) ပြုလုပ်ခဲ့သော စုစုပေါင်းတန်ဖိုးမှာ ၃၁၂ ဘီလျံထိ ရှိခဲ့ပါတယ်လို့ဖော်ပြပါတယ်။
တစ်နှစ်တာ ကာလအတွင်း အခက်အခဲ စိန်ခေါ်မှုပေါင်း များစွာကြားမှ တော်လှန်ရေးအားမာန်ဖြင့် အားမလျှော့တမ်း ပါဝင်ခဲ့ကြပါသော NUGPay သုံးစွဲသူပြည်သူများ၊ NUGPay ကိုယ်စားလှယ်အေးဂျင့်များ၊ NUGPay အဖွဲ့သားများအားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။
========================
📌📌 ၄။ လက်ရှိစစ်တပ်ဟာ စစ်မှန်တဲ့ ပြည်သူ့ဝန်ထမ်းတွေမဟုတ်တဲ့အတွက် တွန်းလှန်ပစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အစားထိုးရမယ်"လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား
ဇွန်လ၂၆
ဇွန်လ၂၆ရက်မှာ အာဏာသိမ်း ဖက်ဆစ်စစ်တပ်နှင့်ပတ်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အခုလို သုံးသပ်ပြောကြားလိုက်ပါတယ်။
အစိုးရတရပ်ရဲ့ ယန္တရားဟာ လည်ပတ်ပေး (အလုပ် လုပ်ပေး) တဲ့ဝန်ထမ်းမရှိရင် အစိုးရ ဆိုတာဖြစ်မလာဘူး။ တယောက်ထဲ ထိုင်ပြီးအစိုးရလုပ်မရသလို အာဏာရှင်လဲ လုပ်လို့မရဘူး။ ဒီတော့ CDM လုပ်တာ အောင်မြင်ဖို့ ဆိုရင် လူညီဖို့တော့လိုတာပေါ့။ ရဲ၊ စစ်သား၊ ဥပဒေ ဝန်ထမ်း နဲ့ ထွေအုပ်တွေဟာ အဓိကကျတယ်။ ခက်တာက အဲ့ဒီဝန်ထမ်းတွေ လိုက်လာသူနည်းတယ်။ ပြည်သူ့ဝန်ဆောင်မှုပေးတဲ့ မီးရထား၊ ပညာရေး နဲ့ ကျန်းမာရေး ဝန်ထမ်းပဲ များလာတာဆိုတော့ CDM အထိုက်အလျှောက်အောင်မြင်တယ် ဆိုပေမယ့် အာဏာရှင် ယန္တရားလုံးဝရပ်သွားအောင် မလုပ်နိုင်ခဲ့ဘူး။ CDM လုပ်တာ အကျိုးမရှိတာမဟုတ် လူမညီတာကြောင့်ပါ။ ဂန္ဒီက အင်္ဂလိပ်ကိုလိုနီ အစိုးရ ယန္တရားရပ်ပစ်နိုင်ခဲ့တယ်။ ကျနော်တို့မလုပ်နိုင်ခဲ့ကြဘူး။ ဒီတော့ ဆောက်နဲ့ထွင်းရမဲ့ဟာကို တူနဲ့ထုနေရပြီပေါ့။ ဒီလက်ရှိစစ်တပ်ဟာ စစ်မှန်တဲ့ ပြည်သူ့ဝန်ထမ်းတွေမဟုတ်ဘူး၊ တွန်းလှန်ပစ်ရမယ်၊ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အစားထိုးရမယ်"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိူင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူ ရုံးမတက်နဲ့ရုန်းထွက် CDMလုပ်ဆောင်သည့် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းအများစုပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၅။ လန်ဒန်မြို့မှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ပွဲနှင့် နွေဦးတော်လှန်ရေး ရံပုံငွေ စျေးရောင်းပွဲ ကိုဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနှင့် မြေး ၂ ဦးတက်ရောက်
ဇွန်လ၂၆ရက်
ဇွန်လ ၂၅ ရက်နေ့တွင် လန်ဒန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ပွဲနှင့် နွေဦးတော်လှန်ရေး ရံပုံငွေ စျေးရောင်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနှင့် မြေး ၂ ဦးတက်ရောက်၍ မွေးနေ့ကိတ်ခွဲပေးခဲ့ကြပါတယ်လို့ NUG UKနိူင်ငံ ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထို့နောက်ကိုထိန်လင်းမှ မွေးနေ့ဆုတောင်းစကားပြောကြားရာ အမေစုနှင့်တကွ မတရားဖမ်းဆီးခံရသော ပြည်သူများ အားလုံးကို အမြန်ဆုံးပြန်လွှတ်ရန် တောင်းဆိုခဲ့ပါတယ်။
မွေးနေ့ပွဲသို့ ယူကေရောက် မြန်မာပြည်သူ တထောင်ခန့် တက်ရောက်ခဲ့ကြပြီး ယူကေ NUG ကိုယ်စားလှယ်များဖြစ်ကြသော ဦးမောင်မောင်အောင်နှင့် ဒေါက်တာ သက်ကိုကို တို့လည်း တက်ရောက်၍ မွေးနေ့အမှတ်တရ ဂုဏ်ပြုစကားပြောကြားခဲ့ကြပါတယ်။
========================
📌📌 ၆။ ငါန်းမြာရဲစခန်းတွင်အစည်းအဝေးပြုလုပ်နေစဥ်ဒရုန်းနဲ့တိုက်ခိုက်ခံရ၍ ၆ဦးသေဆုံး
ဇွန်လ၂၆ရက်
ဇွန်လ ၂၅ ရက်မှာ စစ်ရေးသတင်းကို Danger Force LPDFကအခုလိုအတည်ပြုထုတ်ပြန်ပါတယ်။
" မန္တလေးတိုင်း၊မြင်းခြံခရိုင်၊ငါးဇွန်မြို့နယ်၊ငါန်းမြာရဲစခန်းတွင်အစည်းအဝေးပြုလုပ်နေစဥ် အင်အား(၃၀)ခန့်ရှိသောစကစတပ်များကိုဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ယင်းတိုက်ခိုက်မှုတွင် ၎င်းတို့ စခန်းတွင်းရှိ အဆောက်ဦနှင့် ကတုတ်ကျင်းများပေါ်သို့ ဒရုန်းဖြင့် ဗုံးသီး(၁၂)လုံးဖြုတ်ချနိုင်ခဲ့သည့်အတွက် ယင်းတိုက်ခိုက်မှုတွင် အစည်းအဝေးပြုလုပ်နေကြသော စကစနှင့်ရဲများထဲမှ (၆)ဦးသေဆုံး၍(၁၀)ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိအချိန်တွက် ၎င်းရဲစခန်းအား အင်အားထပ်ဖြည့်ထားတယ်လို့သိရပါတယ်။
တိုက်ခိုက်မှုကို - Danger Force LPDF၊ ကျောက်ဆည်ခရိုင်တပ်ရင်း-၁(နဂါးနီတပ်ရင်း)၊-ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း-၇(zeroပြောက်ကျားတပ်ဖွဲ့)၊ရွှေဘိုခရိုင်တပ်ရင်း-၁၅နှင့် ဆားတောင်မိုးကြိုး (Local pdf) အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment