26th JUN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇွန်လ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချရမယ့် အချိန်ဖြစ်တဲ့အတွက် ပိုမိုစည်းလုံးကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါးဆို

📌 ၂။ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ဒါရိုက်တာ Ms. Henrietta Levin တို့ တွေ့ဆုံ၍ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေး

📌 ၃။ သုညနဲ့စခဲ့တဲ့ စစ်ရေးဟာ ယခုဆို ပြင်ဆင်ပြီးဖြစ်ကာ နေပြည်တော်ကို ဦးတည်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို

📌 ၄။ ပြည်သူလူထုသာ ဆက်လက်ထောက်ခံမြဲ ထောက်ခံပါက နွေဦးတော်လှန်ရေး ပြီးမြောက်အောင်မြင်ဖို့ ကြာမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြော

📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၆။ နွေဦးတော်လှန်ရေးနဲ့ပဲ စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်ပစ်မယ်လို့ ကာကွယ်ရေးဒုဝန်ကြီး ပြောကြားလိုက်

📌 ၇။ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ သီးသန့်တွေ့ဆုံဆွေးနွေး

📌 ၈။ မွန်ပြည်နယ် ရေးမြို့နယ် ပင်လယ်ကမ်းစပ်က နှစ်ကရင် ရဲစခန်းကို KNLA PDF ပူးပေါင်းတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ရာ စကစ တပ်များထိခိုက်သေဆုံးမှုရှိနိူင်

📌 ၉။ ကလေးမြို့တောင်ပိုင်း သာစည်ရွာကို စကစတပ်က မီးရှို့ဖျက်ဆီး၍ လူနေအိမ်များမီးလောင်ဆုံးရှုံး

📌 ၁၀။ ရေစကြိုမြို့နယ် ထန်းချောင်းကျေးရွာတွင် အင်အားသုံးဆယ်ပါ စကစစစ်ကြောင်းမိုင်းဆွဲခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချရမယ့် အချိန်ဖြစ်တဲ့အတွက် ပိုမိုစည်းလုံးကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါးဆို


ဇွန်လ၂၅

အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချရမယ့်အချိန်ဖြစ်တဲ့အတွက် ပိုမိုစည်းလုံးကြဖို့ ဇွန်လ၂၅ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားပါးပြောကြားလိုက်ပါတယ်။


"ဒီအချိန်ဟာ ကျွန်တော်တို့အားလုံးကြားမှာ အခုထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့ အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချရမယ့်အချိန်ဖြစ်တဲ့အတွက် ပိုမိုစည်းလုံးကြပါစို့လို့ တိုက်တွန်းလိုပါတယ်။"လို့ ဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက် စစ်ကောင်စီဟာ ဝါဒဖြန့် သတင်းတု သတင်းယောင်များအပြင် သွေးခွဲ သပ်လျိူမှုများကိုပါ ၄င်းတို့ စစ်အုပ်စုထောက်ခံသူများနဲ့ လုပ်ဆောင်နေလျက်ရှိပါတယ်။


========================


📌📌 ၂။ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ဒါရိုက်တာ Ms. Henrietta Levin တို့ တွေ့ဆုံ၍ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေး


ဇွန်လ၂၄

ဇွန်လ ၂၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီမှ ဦးကျော်ထွေးတို့သည် အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီမှ အရှေ့တောင်အာရှ ဒါရိုက်တာ Ms. Henrietta Levin နှင့် တွေ့ဆုံကာ မြန်မာ့အရေးအတွက် ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


အစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန တာဝန်ရှိသူ Mr. Liam McGum (Burma Desk) လည်း ပူးတွဲတက်ရောက်ခဲ့ကြပါတယ်။


ယင်းတွေ့ဆုံဆွေးနွေးမှုသည် အကျိုးရလဒ်ဖြစ်ထွန်းသည့် ဆွေးနွေးမှုဖြစ်ခဲ့ပြီး CRPH ဥက္ကဋ္ဌမှ မြန်မာနိုင်ငံ၏ လက်ရှိပဋိပက္ခများအား အမြန်ဆုံး အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးတွင် လိုအပ်နေသည့် ကိစ္စရပ်များ၊ အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ပြီး အမေရိကန်အစိုးရအနေဖြင့် ဆက်လက်ကူညီပေးစေလိုသည့် ကဏ္ဍများအား တောင်းဆို‌တိုက်တွန်းခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၃။ သုညနဲ့စခဲ့တဲ့ စစ်ရေးဟာ ယခုဆို ပြင်ဆင်ပြီးဖြစ်ကာ နေပြည်တော်ကို ဦးတည်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို


ဇွန်လ၂၅

သုညနဲ့စခဲ့တဲ့ စစ်ရေးဟာ ယခုဆို ပြင်ဆင်ပြီးဖြစ်ကာ နေပြည်တော်ကို ဦးတည်နေတယ်လို့ ဇွန်လ၂၄ရက်မှာ ပြုလုပ်တဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင်တွေ့ဆုံပွဲ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။


"စစ်ရေးဆိုရင် အစတုန်းက သုညနဲ့စခဲ့တာက အခုဆို ပြင်ဆင်ပြီးဖြစ်တယ်။ ကျနော်တို့ ကာကွယ်ရေးဝန်ကြီးက ဘာပြောလိုက်လဲဆိုရင် 

လမ်းအားလုံး နေပြည်တော်ကို သွားနေတယ်။ ကာကွယ်ရေးဝန်ကြီး အလကားပြောတာမဟုတ်ဘူး"လို့ ဝန်ကြီးကဆိုပါတယ်။


အမှတ်() စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ မေလအတွင်း တိုက်ပွဲပေါင်း (၅၀၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၄၉) ဦး သေဆုံး၍ (၆၈၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ပြည်သူလူထုသာ ဆက်လက်ထောက်ခံမြဲ ထောက်ခံပါက နွေဦးတော်လှန်ရေး ပြီးမြောက်အောင်မြင်ဖို့ ကြာမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြော


ဇွန်လ၂၅

ပြည်သူလူထုသာ ဆက်လက်ထောက်ခံမြဲထောက်ခံပါက နွေဦးတော်လှန်ရေးပြီးမြောက်အောင်မြင်ဖို့ ကြာမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဇွန်လ၂၅ရက်မှာ ပြောပါတယ်။


"တော်လှန်ရေးက ခုထိ မပြီးသေးဘူးလား နှစ်တောင်ရှိနေပြီဆိုကြတာ စစ်လက်နက်အပြည့်အစုံ၊ စနစ်တကျ လေ့ကျင့်ထားတဲ့ စစ်တပ်၊ နှစ်ပေါင်းများစွာ အဆင့်ဆင့် ရာထူးတက်ဖို့ သင်တန်းအဆင့်အဆင့် အောင်ပြီးသား စစ်ဗိုလ်ချုပ်တွေ ဦးစီးတဲ့ ကမ္ဘာစစ်တောင် နှစ်ကြာပါတယ်။ ကမ္ဘာ့အဆင့်မှီ စစ်လက်နက်ပိုင်ဆိုင်ထားတဲ့ ရုရှားတောင် ယူကရိန်းဝင်တိုက်တာ မပြီးသေးဘူး။ ကျနော်တို့က စစ်တိုက်ဖို့ (စစ်သားလုပ်ဖို့) တခါမှ စိတ်မကူးဖူးတဲ့ လူထုက လက်ဗလာ နဲ့ တော်လှန်ရင်း၊ ပြေးရင်းလွှားရင်း လက်နက်တပ်ဆင်နေရတာ၊ သင်တန်းတွေတက်နေရတာ၊ တပ်ရင်းတပ်ဖွဲ့တွေ စုစည်းနေရတာ ခုတော့ လက်နက်တပ်ဆင်ထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေ စုစည်းနိုင်ပြီ၊ တပ်ခွဲမှူးသင်တန်းတွေပြီးပြီ တပ်ရင်းမှူးတွေ လာတော့မယ်၊ ထောက်ပို့အတွက် NUGPay လည်ပတ်နေတာကြာပြီ၊ မကြာမှီ နိုင်ငံတကာချိတ်မဲ့ NUG ဗဟိုဘဏ် လာတော့မယ်၊ ပြည်သူ့အခွန်တွေ ပုံမှန် ဝင်နေပြီ၊ ပြည်သူလဲထောက်ခံမြဲ ထောက်ခံနေနေတယ် ဆိုရင်မကြာပါဘူး။ ပြီးမှာပါ"လို့ ဝန်ကြီးကဆိုပါတယ်။ 


၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ရက်မှာ ပြည်သူ့ခုခံ တွန်းလှန်စစ်များ စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးကြေညာပါတယ်။


၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးကို အဆုံးသတ်အတွက် အဆုံးအဖြတ်နှစ်အဖြစ် သတ်မှတ်ထားပြီး စစ်ရေးအရှိန်ကိုမြှင့်တင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာထားပါတယ်။


========================


📌📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


 ဇွန် ၂၅  ရက်

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၂၅/၂၀၂၃)ကို ဇွန်လ၂၅ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏမှ National Unity Government (NUG) Unityသည် တစ်‌ဦးတစ်ယောက်တည်းအနေဖြင့်ဆောင်ရွက်၍ မရကြောင်း၊ National သည် တိုင်းရင်းသားအားလုံးဖြစ်ပြီး Government သည် အုပ်ချုပ်သည့် အစိုးရအဖွဲ့ဖြစ်ကာ  အုပ်ချုပ်ရေးနှင့် တိုက်ခိုက်ရေးကို ဒွန်တွဲပြီး သွားနေရသည့်ကာလဖြစ်ကြောင်း၊ တစ်ဖက်မှာလည်း ပြည်သူလူထု၏ ယုံကြည်အားထားမှုကို အပြည့်အဝ ရရှိထားပြီးဖြစ်၍ စစ်အာဏာရှင်အား အမြစ်ဖြတ်ပြီးနောက် ပြည်သူလူထု၏ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်မှု မှန်မှန်ကန်ကန်ဖြင့် ညီညီညာညာ ဆောင်ရွက်ကြရန်"ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ နွေဦးတော်လှန်ရေးနဲ့ပဲ စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်ပစ်မယ်လို့ ကာကွယ်ရေးဒုဝန်ကြီး ပြောကြားလိုက်


ဇွန်လ၂၅ရက်

"နွေဦးတော်လှန်ရေးနဲ့ပဲ စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်ပစ်မယ်လို့ဇွန်လ (၂၅) ရက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(.က.) များ ဖွဲ့စည်းခြင်း () နှစ်ပြည့်သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး နိုင်ကောင်းရွက်မှ ပေးပို့သော သတင်းစကားမှာ ဆိုထားပါတယ်။


"ဒီနွေဦးတော်လှန်ရေးနဲ့ပဲ ငါတို့မြေပေါ်မှာ စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်မယ်။ စစ်အာဏာရှင်အောက်မှာ ငါတို့မျိုးဆက်သစ်တွေ အတိမ်မြုပ်မခံနိုင်သလို ငါတို့မြေပေါ်မှာလဲ စစ်အာဏာရှင်စနစ် ရှင်သန်ခွင့်ပြုမှာမဟုတ်ဘူး။ ဒါကြောင့် နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ့် အဆုံးသတ် တိုက်ပွဲဖြစ်တယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ပြည်သူ့ရဲဘော်များအနေနဲ့ ပြည်သူနဲ့ ထိတွေ့ ဆက်ဆံတဲ့အခါမှာ နွေးထွေးပျူငှာပြီး ဖေးမကူညီဖို့၊ ရဲဘော်အချင်းချင်းကြားဖြစ်စေ၊ မဟာမိတ်နဲ့ ဖြစ်စေ စည်းလုံးညီညွတ်ပြီး အပြန်အလှန်လေးစားမှုရှိရှိနဲ့ တော်လှန်ရေးခရီးကို လျှောက်လှမ်းကြဖို့ကိုလည်း ဒုဝန်ကြီးက ထပ်လောင်းဆိုပါတယ်။


========================


📌📌 ၇။ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ သီးသန့်တွေ့ဆုံဆွေးနွေး


ဇွန်လ၂၅

ဇွန်လ၂၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန နှင့် မြေပြင်တရားရုံး(၂၈)ရုံးမှ တရားသူကြီးများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး(/၂၀၂၃) ကိုကျင်းပခဲ့ပါတယ်။


အခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မေအောင်သူ၊ ရုံးအဖွဲ့မှူး ဒေါ်စုမေဉီး ညွှန်ကြားရေးမှူး  ဦးကျော်စိုး ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ မြေပြင်တရားရုံး(၂၈)ရုံးမှ မြို့နယ်တရားသူကြီးများ၊ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ ကြပါတယ်။


ကြားကာလတရားစီရင်ရေးဆိုင်ရာဉီးစီးဌာနညွှန်ကြားရေးမှူးချုပ် ဉီးရန်ကြီးအောင်မှ နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြေားကြားပြီး တက်ရောက်လာကြသော မြို့နယ်တရားသူကြီးများက မေးမြန်းဆွေးနွေးမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပါတယ်။


========================


📌📌 ၈။ မွန်ပြည်နယ် ရေးမြို့နယ် ပင်လယ်ကမ်းစပ်က နှစ်ကရင် ရဲစခန်းကို KNLA PDF ပူးပေါင်းတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ရာ စကစ တပ်များထိခိုက်သေဆုံးမှုရှိနိူင်


ဇွန်လ၂၅

မွန်ပြည်နယ် ရေးမြို့နယ် ပင်လယ်ကမ်းစပ်က နှစ်ကရင် ရဲစခန်းကို KNLA PDF ပူးပေါင်းတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ရာ စကစတပ်များ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဇွန်လ၂၅ရက်မှာ စစ်ရေးသတင်းကို ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲ အမှတ် ၃၊ တောင်ပိုင်းတိုင်းJ.O.Cက အသိပေးဖော်ပြပါတယ်။


"ဇွန်လ ၂၅ ရက် မနက်ပိုင်း ၁၁ နာရီ ၄၀ ခန့်မှာ ရေးမြို့နယ်အတွင်းက ပင်လယ်ကမ်းစပ်အနီးမှာရှိတဲ့ နှစ်ကရင်ရွာ ရဲစခန်းကို KNLA တပ်ရင်း (၂၇) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ နှစ်ဘက်ပစ်ခတ်မှုဟာ နှစ်နာရီကျော်ခန့် ကြာမြင့်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ရန်သူ့စခန်းကို အနီးကပ်ခြေမှုန်းဖို့ ဆောင်ရွက်စဉ် Mi 35P ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်"လို့ဆိုပါတယ်။


နှစ်ကရင်ရဲစခန်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံရဲတွေ စခန်းထိုင်ခြင်းမရှိသော်လည်း အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံ လှုပ်ရှားစစ်ကြောင်းက စစ်သားတွေရောက်ရှိစခန်းချနေတာဖြစ်လို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


တိုက်ပွဲဟာ မနက် ၁၁ နာရီ ၄၀ မိနစ်ခန့်ကနေ နေ့လည် နာရီထိဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားတွေ သေဆုံး၊ ဒဏ်ရာရမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ ကလေးမြို့တောင်ပိုင်း သာစည်ရွာကို စကစတပ်က မီးရှို့ဖျက်ဆီး၍ လူနေအိမ်များမီးလောင်ဆုံးရှုံး


ဇွန်လ၂၅ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်း သာစည်ရွာကို စကစတပ်က မီးရှို့ဖျက်ဆီး၍ လူနေအိမ်များ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဇွန်လ၂၅ရက်နေ့မှာ စကစတပ်များက မီးရှို့ဖျက်ဆီးတာလို့ ဒေသခံ သတင်းအရင်းအမြစ်တွေကဆိုပါတယ်။


" ကလေးမြို့ တောင်ပိုင်း သာစည်ရွာကို စကစတပ်က မီးရှို့တာ လူနေအိမ် လက်နက်ကြီးကျလို့ စလောင်တာက ၃အိမ် စကစမီးရှို့တာက ၁၂အိမ် စုစုပေါင်း ၁၅ လုံးထိ ရှိပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက် စစ်တပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းများဟာ တစ်နိုင်ငံလုံးမှာ အိုးအိမ်ပေါင်းခြောက်သောင်းကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အများစုမီးလောင်ဆုံးရှုံးခဲ့တာဟာ စစ်ကိုင်းတိုင်းဒေသက ဖြစ်ပါတယ်။


========================


📌📌 ၁၀။ ရေစကြိုမြို့နယ် ထန်းချောင်းကျေးရွာတွင် အင်အားသုံးဆယ်ပါ စကစစစ်ကြောင်းမိုင်းဆွဲခံရ


ဇွန်လ၂၅


မကွေးတိုင်း၊ ရေစကြိုမြို့နယ် ထန်းချောင်းကျေးရွာတွင် အင်အားသုံးဆယ်ပါ စကစ စစ်ကြောင်းမိုင်းဆွဲခံရတယ်လို့ ဇွန်လ၂၅ရက်မှာ ရေစကြိုပကဖက စစ်ရေးသတင်းကို အသိပေးဆိုပါတယ်။


"ဇွန်လ၂၄ရက် ည၁၀နာရီအချိန် ရေစကြိုမြို့နယ် ထန်းချောင်းကျေးရွာတွင် အင်အားသုံးဆယ်ပါ စကစစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


ခြောက်လုံးတွဲမိုင်းထိ၍ စကစတပ်ဖွဲ့ဝင် ငါးဦးလဲကျသွားပြီး တစ်ဦးမှာ လမ်းဘေးမြောင်းထဲ ကျသွားခဲ့ပါတယ်။


မိုင်းဆွဲတိုက်ခိုက်တဲ့ ရဲဘော်များ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စကစဘက်က နှစ်ဦးသေဆုံးကာ ငါးဦး ထက်မနည်း ထိခိုက်နိုင်တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment