၂၀၂၃ ဇွန်လ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနေ့အခမ်းအနားသို့ ယာယီသမ္မတ ဒူဝါလရှီးလနှင့်ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့တက်ရောက်
📌 ၂။ One Year Plan ရဲ့ Phase 3 ကို ရောက်ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး
📌 ၃။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမှာကျူးလွန်တဲ့အမှုပေါင်း၁၁၇မှုတွင် စကစဘက်ကကျူးလွန်မှု၁၀၈မှုရှိတယ်လို့ဆို
📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
📌 ၅။ ပေါင်းတည်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ (၂)ဦးသေဆုံး၊ (၄)ဦး အပြင်းအထန်ဒဏ်ရာရ
📌 ၆။ တောင်သာမြို့နယ် လှည်းကူးမတွင် အရပ်သားများကို စကစတပ်က ယနေ့မနက်လာရောက်ဖမ်းဆီးသွား
📌 ၇။ မုံရွာခရိုင် အမှတ်(၅)တပ်ရင်းAung San Force -ASFမှအမျိုးသမီးရဲဘော်များ သင်တန်းဆင်းပွဲကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနေ့အခမ်းအနားသို့ ယာယီသမ္မတ ဒူဝါလရှီးလနှင့်ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့တက်ရောက်
ဇွန်လ၂၇ရက်
ဇွန်လ၂၆ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရမှကျင်းပတဲ့ ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသော ယာယီသမ္မတ ဒူဝါလရှီးလမှ အခုလို ပြောကြားလိုက်ပါတယ်။
"မြန်မာနိူင်ငံမှာ နှစ်ပေါင်းများစွာနဲ့နွေဦးတော်လှန်ရေးအတွင်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို မြန်မာစစ်တပ်ကအဓိက ကျူးလွန်နေပြီး အရေးယူမခံရဘဲ လွတ်မြောက်နေတဲ့အကြမ်းဖက် အဖွဲ့အစည်းပဲ ဖြစ်နေပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အကြမ်းဖက် မြန်မာစစ်တပ်ကို ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကို နိူင်ငံတကာတရားစီရင်ရေးအထိရောက်ရှိအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်"လို့ဆိုပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှပြောကြားရာတွင်"ခေတ်အဆက်ဆက် အကြမ်းဖက်စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပြည်သူများ ခါးစည်းခံခဲ့ကြရပြီး ၄င်းတို့ ဆိုးဝါးသောအကျိုးဆက်များကို ကျနော်တို့ပြည်သူများအကြားခက်ခဲစွာ ရင်ဆိုင်ခဲ့ကြရပါတယ်။ဒါကြောင့် လိင်အကြမ်းဖက်မှုမှာ ရှင်သန်ခဲ့သူအားလုံးနဲ့အတူတကွရပ်တည်ပါကြောင်း ပြောကြားလိုပါတယ်။ဒီလိုရှင်ကျန်ရစ်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ခံနိူင်ရည်ရှိမှုများဟာ ကျနော်တို့အားလုံးအတွက် အင်အားကြီးမားသောလှုံဆော်မှုနှင့် အပြောင်းအလဲများဖော်ဆောင်နိူင်ရန်တွန်းအား တစ်ခု ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်တပ်ရဲ့ လိင်အကြမ်းဖက်၍ နစ်နာသူတို့ကို အမျိုးသားညီညွတ်ရေးအစိုးရက နေရာ ပြောင်းရွှေ့ရန်ကူညီခြင်း၊ ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးခြင်း၊ ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်ပေးခြင်းတို့လုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၂။ One Year Plan ရဲ့ Phase 3 ကို ရောက်ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး
ဇွန်လ၂၇ရက်
ဇွန်လ၂၇ရက်ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၂၁/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက One Year Plan ရဲ့ Phase 3 ကို ရောက်ရှိနေပြီဆိုတဲ့အကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
"နောက်တစ်ခု ပြောကြားလိုတာက One Year Plan ကိစ္စပါ။ အခုဆိုရင် Ministerial Meeting မှာ ၂ ကြိမ်တိုင်တိုင် စနစ်တကျ ဝိုင်းဝန်းဆွေးနွေး အကြံပြုပြီး သုံးသပ်ချက်တွေ၊ အကြံပြုချက်တွေနဲ့ review လုပ်နေတယ်လို့ သိရတာမို့ ဒါကိုလည်း ပြီးပြတ်အောင် သေသေချာချာ ဆက်လက် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ အားလုံးသိတဲ့ အတိုင်း အခုဆိုရင် One Year Plan ရဲ့ Phase 3 ကို ရောက်ရှိနေပြီ ဖြစ်တာမို့ လွန်ခဲ့တဲ့ ၈ လက ကျွန်တော်တို့ စဉ်းစားခဲ့ကြတဲ့ Strategic Goal တွေက အခုချိန် ဘယ်နေရာတွေမှာ အားသာချက် ရှိနေလဲ၊ ဘယ်နေရာတွေမှာ အားနည်းချက် ရှိနေသလဲဆိုတာတွေ သေချာ စီမံကြရတော့မယ့် အချိန်လည်း ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဇွန်လ (၂၇) ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (၂၁/၂၀၂၃) အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတကြီးဒူဝါလရှီးလ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်တကွ ဝန်ကြီး၊ ဒုဝန်ကြီး၊ အတွင်းဝန်များတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမှာကျူးလွန်တဲ့အမှုပေါင်း၁၁၇မှုတွင် စကစဘက်ကကျူးလွန်မှု၁၀၈မှုရှိတယ်လို့ဆို
ဇွန်လ၂၇ရက်
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမှာကျူးလွန်တဲ့အမှုပေါင်း၁၁၇မှုတွင် စကစဘက်ကကျူးလွန်မှု၁၀၈မှုရှိတယ်လို့ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးကပြောပါတယ်။
ဇွန်လ၂၆ရက် ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနေ့ အထိမ်းအမှတ် နှင့်စပ်လျဉ်း ၍အမျိုးသားညီညွတ်ရေး အစိုးရကကျင်းပတဲ့ အခမ်းအနားမှာအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးကပြောကြားခဲ့ပါတယ်။
"လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမှာကျူးလွန်တဲ့အမှုပေါင်း၁၁၇မှုထဲမှာ စကစဘက်ကကျူးလွန်တာ၁၀၈မှု၊ နောက်ပြည်သူအချင်းချင်းကျူးလွန်တာကတော့၉မှုဖြစ်တယ်။နောက် ဒီ့အပြင်ကို တော်လှန်ရေးအင်အားစုတွေက ကျူးလွန်တာလည်းရှိပါသေးတယ်။အဲဒါကတော့ ကျမတို့ဆီတိုင်ကြားတဲ့အမှုပေါင်း၁၃မှုရှိပါတယ်။ကျမတို့တရားရေးက အရေးယူလို့ရတာကို ချက်ခြင်းအရေးယူတာရှိသလို စကစဘက်ကကျူးလွန်တာတွေကို မှတ်တမ်းတင်ပြီး ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးကို အမှုတွေပို့ပေးတာရှိပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
ထို့အပြင်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမှာအမျိုးသားငယ်တွေပါတာလည်းတွေ့ရှိရပြီးတိုင်ကြားအမှုများအပြင် ကျော်ဇောသော အမှုများကိုလည်း စုံစမ်းစစ်ဆေး အတည်ပြု၍ နစ်နာသူများအား ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးခြင်းတို့လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
ဇွန် လ ၂၇ ရက်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၅/၂၀၂၃)ကို ဇွန်လ ၂၆ ရက်တွင်ကျင်းပခဲ့ပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာသော ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ
မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ပေါင်းတည်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ (၂)ဦးသေဆုံး၊ (၄)ဦး အပြင်းအထန်ဒဏ်ရာရ
ဇွန် ၂၇
ပေါင်းတည်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ (၂)ဦးသေဆုံး၊ (၄)ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဇွန်လ၂၇ရက် စစ်ရေးသတင်းကို ပေါင်းတည်PPDFကအတည်ပြုဆိုပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ် ကျေးရွာအုပ်စု လက်ပံခုံရွာနှင့် မအူကွင်းရွာကြားကျွန်းပင်ဘုအနီး ယာတဲ(၂)လုံးတွင် နားနေသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF) အဖွဲ့(၁) Tiger စစ် ကြောင်းက ဇွန်လ(၂၅)ရက်နေ့ နံနက်(၁၀း၁၅)နာရီခန့်တွင် အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ၎င်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲဝင် (၂)ဦးနေရာမှာတင် သေဆုံးသွားပြီး (၄)ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်လို့ဖော်ပြပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ၅မိနစ်မှ ၁၀မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်အန္တရာယ်မရှိဘဲ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာပြီးနောက် ၎င်းတို့နေခဲ့သော နေရာအား သွားရောက်စစ်ဆေးရာ MA3 ကျည်ဘောက်(၁)ခု၊ စက်ကလေးကျည်ဘောက်(၁)ခု၊ 5.56ကျည်အတောင့်(၂၀)၊ စစ်ယူနီဖောင်း၊ အရပ်ဝတ် အဝတ်အထည်နှင့် သွေးစွန်းနေသော ပတ်တီးစများကို သိမ်းဆည်းရရှိခဲ့ပါတယ်။
========================
📌📌 ၆။ တောင်သာမြို့နယ် လှည်းကူးမတွင် အရပ်သားများကို စကစတပ်က ယနေ့မနက်လာရောက်ဖမ်းဆီးသွား
ဇွန်လ၂၇
ဇွန်လ၂၇ရက်မှာ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာက အခုလိုအသိပေးဆိုပါတယ်။
"ဇွန်လ၂၇ရက်ယနေ့နံနက် ၅နာရီဝန်းကျင်က ဇရပ်ကြီးတွင်တပ်စွဲထားသော စခများ ဆိုင်ကယ် ၅စီးဖြင့် လှည်းကူးမသို့ရောက်ကာ ကိုကျော်စွာဝင်း နှင့်အတူ ၄ဦးအားထပ်မံဖမ်းဆီးသွား.ပါတယ်"လို့ဆိုပါတယ်။
ယမန်နေ့နံက်ပိုင်းက ကိုဖိုးအေး ဖမ်းဆီးခံရပြီး နောက်ကိုကျော်စွာဝင်းမစုကြည်လှိုင်နှင့် ၎င်း၏ဖခင်၊ဦးတင်မောင်ထွန်း ဦးကျော်အေး
တို့အား ထပ်မံဖမ်းဆီးခံရခြင်းဖြစ်ပါတယ်။
လှည်းကူးမနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးရန် စာရင်းနှင့်တကွ ပြုလုပ်နေသဖြင့် စစ်တပ်သတင်းပေးတိုင်ကြားသူရှိနေသည့်အတွက် သတိထားကြဖို့လိုအပ်တယ်လို့လည်းဆိုပါတယ်။
========================
📌📌 ၇။ မုံရွာခရိုင် အမှတ်(၅)တပ်ရင်းAung San Force -ASFမှအမျိုးသမီးရဲဘော်များ သင်တန်းဆင်းပွဲကျင်းပ
ဇွန် ၊ ၂၇ရက်
မုံရွာခရိုင် အမှတ်(၅)တပ်ရင်းAung San Force -ASFမှအမျိုးသမီးရဲဘော်များ သင်တန်းဆင်းပွဲကျင်းပခဲ့ပါတယ်။
ဇွန်လ၂၇ရက်မှာ မုံရွာခရိုင် အမှတ်(၅)တပ်ရင်း Aung San Force -ASF ကအတည်ပြုဆိုပါတယ်။
"ဇွန်လ၂၆ရက်နံနက် (၇:၀၀)နာရီ မှစ၍ (၉:၀၀)နာရီအထိ မုံရွာခရိုင်အမှတ် ( ၅ ) တပ်ရင်းမှ အမျိုးသမီးရဲဘော်များ အပတ်စဥ် ( ၂) သင်တန်းဆန်းပွဲကျင်းပခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲကို မုံရွာခရိုင်အမှတ် ( ၅ ) တပ်ရင်းမှ တပ်ရင်းမှူး ၊ ဒုတပ်ရင်းမှူး ၊တပ်ခွဲမှူးများ နှင့် မဟာမိတ်တပ်ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက် ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment