၂၀၂၃ ဇွန်လ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အာဏာရှင်တွေဖန်တီးတဲ့ အကြောက်တရားများကို စုပေါင်းအားနဲ့ ဖယ်ရှားကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ စစ်အာဏာရှင်စနစ်ဆိုး နောက်ဆုံးဖြစ်စေရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက် တိုက်ပွဲဝင်ကြစေဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တိုက်တွန်း
📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးတက်ရောက်
📌 ၄။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် စောလျင်စွာချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ အမြန်ဆုံးပြန်လည်ထွန်းကားရေးတို့ ဆောင်ရွက်ရန်လိုအပ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၅။ "အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်အပြီးသိမ်းစို့"ကမ်ပိန်းရက်ပေါင်း ၂၀ အတွင်း အပြီးရောင်းချပြီး အညာဒေသရဲ့ မီးရှို့ခံလိုက်ရတဲ့ တော်လှန်မိသားစုတွေဆီ ပို့ပေးမယ်လို့ဆို
📌 ၆။ Federal Wings ဒရုန်းများမှ မြင်းမူမြို့မရဲစခန်းနှင့် မြင်းမူမြို့နယ်ထွေအုပ်ရုံးများအား တိုက်ခိုက်ရာ ရဲစခန်းအဆောက်အအုံ (၂) လုံး နှင့် ထွေအုပ်ရုံးအဆောက်အအုံ (၃) လုံးများပေါ် တိုက်ရိုက်ထိမှန်ခဲ့
📌 ၇။ ကောလင်းမြို့ KBZ ဘဏ်(၂)အနီးစကစတပ်သားများ ကင်းချိန်းပြီးအပြန်တွင် မိုင်းဆွဲခဲ့ရာ တစ်ဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရ
📌 ၈။ ရေးမြို့နယ်ရှိ ကျေးရွာများတွင် ရွာသားများကို အနိုင်ကျင့်ငွေကြေးတောင်းခံတဲ့ ပျူခေါင်းဆောင်တစ်ဦး ရေးဘီလူးအဖွဲ့ ရှင်းလင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အာဏာရှင်တွေဖန်တီးတဲ့ အကြောက်တရားများကို စုပေါင်းအားနဲ့ ဖယ်ရှားကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဇွန်လ၂၆
စစ်အာဏာရှင်တွေဖန်တီးတဲ့ အကြောက်တရားများကို စုပေါင်းအားနဲ့ ဖယ်ရှားကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇွန်လ၂၆ရက် ကျင်းပတဲ့ (၄၇) နှစ်မြောက် ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့ အခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။
''စစ်အာဏာရှင်ပေးတဲ့အကြောက်တရားတွေက လူသာမန်တွေအတွက် ကြောက်စရာဖြစ်ပါတယ်။ သို့သော် အဲဒီအကြောက်တရားတွေကို မလွန်ဆန်နိုင်ရင် တရားမျှတမှုနဲ့ လွတ်လပ်ခြင်းတွေ သားစဥ်မြေးဆက် ပျောက်ဆုံးသွားနိုင်တာကတော့ ပိုပြီးတောင်ကြောက်စရာကောင်းလွန်းပါတယ်။ တရားမျှတမှုနဲ့ လွတ်လပ်ခြင်း မရှိရင် စစ်မှန်တဲ့လုံခြုံငြိမ်းချမ်းမှုနဲ့ ကိုယ်ပိုင်ပြဌာန်းရွေးချယ်နိုင်ခွင့်တွေ ဘယ်တော့မှ မရလာနိုင်ပါဘူး။ ဒါကြောင့် စစ်အာဏာရှင်တွေဖန်တီးတဲ့ အကြောက်တရားများကို စုပေါင်းအားနဲ့ဖယ်ရှားကြရမှာ ဖြစ်ပါတယ်။''လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိူင်ငံတော်အာဏာကို အကြမ်းဖက်လုယူပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၂။ စစ်အာဏာရှင်စနစ်ဆိုး နောက်ဆုံးဖြစ်စေရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက် တိုက်ပွဲဝင်ကြစေဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တိုက်တွန်း
ဇွန်လ၂၆
စစ်အာဏာရှင်စနစ်ဆိုး နောက်ဆုံးဖြစ်စေရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက် တိုက်ပွဲဝင်ကြစေဖို့ ဇွန်လ၂၆ရက်မှာ ကျင်းပပြုလုပ်တဲ့ (၄၇) နှစ်မြောက် ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပါတယ်။
"နွေဦးတော်လှန်ရေးမှာလည်း ချင်းတိုင်းရင်းသားတို့ရဲ့ ကဏ္ဍပေါင်းစုံကနေ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရေးမှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်နေကြတဲ့အတွက်လည်း ကျွန်တော်တို့အဖို့ ခွန်အားတစ်ရပ်ဖြစ်စေပါတယ်။ အာဏာရှင်များကို အမြစ်ပြတ်တိုက်ထုတ်ရာမှာ အန္တရာယ်ကတော့ အမြဲရှိနေပါတယ်။ ဒါပေမယ့် မိမိတို့ခေတ်မှာ အာဏာရှင်ကို အမြစ်ပြတ် မတိုက်ထုတ်နိုင်ခဲ့ဘူး ဆိုရင်တော့ဖြင့် နောက်လာနောင်သား မျိုးဆက်သစ်များအတွက် ပိုပြီး ကြီးမားတဲ့အန္တရာယ် ဖြစ်လာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ဆိုး မိမိတို့မျိုးဆက်သာ နောက်ဆုံးဖြစ်စေရမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လက် တိုက်ပွဲဝင်ကြစေဖို့ကိုလည်း လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။”လို့ဆိုပါတယ်။
လက်ရှိမှာ စစ်ရေးအရှိန်ကို မြှင့်တင်လျက်ရှိပြီး အကြမ်းဖက် စစ်အုပ်စုကို ၂၀၂၃ ခုနှစ်တွင် ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့လည်း NUG က အသိပေးကြေညာထားပါတယ်။
========================
📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးတက်ရောက်
ဇွန်လ၂၆ရက်
ဇွန်လ၂၆ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၁၂/၂၀၂၃)ကို ကျင်းပခဲ့ပြီး ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးတက်ရောက်ခဲ့ပါတယ်။
"တော်လှန်ရေးသည် ပြည်သူ့အားကြောင့်သော်လည်းကောင်း တော်လှန်ရေး ရဲဘော်များ၏ စိတ်ဓာတ်ခွန်အားကြောင့်သော်လည်းကောင်း တိုးတက်ပြောင်းလဲလာပြီဖြစ်ပါကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးသည် ပြည်သူ၏ ဆန္ဒနှင့်အညီ အမှန်တရားကို ဖော်ထုတ်ပြီး ပြည်သူ့ကိုယ်စား ကြိုးစားဆောင်ရွက်ပေးနေရသည့်အဖွဲ့ဖြစ်ကြောင်း၊ စီမံခန့်ခွဲရေးနှင့် ပြည်သူ့ဝန်ဆောင်မှုသည် ဆက်စပ်ဆောင်ရွက်ရသည့် ကဏ္ဍတစ်ခုဖြစ်၍ အင်မတန်မှ အရေးကြီးပါကြောင်း၊ ညီညာစွာ တရားမျှတစွာဖြင့် စံပြစီမံခန့်ခွဲမှသာ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ခြင်း ဖြစ်မည်ဖြစ်ကြောင်း"ပြည်ထဲရေး ဒုဝန်ကြီး ခူးထဲဘူးကဆိုပါတယ်။
ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှမူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ဒုဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူစုံစမ်းထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် စောလျင်စွာချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ အမြန်ဆုံးပြန်လည်ထွန်းကားရေးတို့ ဆောင်ရွက်ရန်လိုအပ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
ဇွန်လ၂၆ရက်
ဇွန်လ ၂၃ ရက်မှာ ပြုလုပ်သည့် “International Day of Women in Diplomacy” အထိမ်းအမှတ်နေ့အား ဂုဏ်ပြုချီးမြှင့်သည့် အဆင့်မြင့်ဖိုရမ်၌ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် စောလျင်စွာချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ အမြန်ဆုံးပြန်လည်ထွန်းကားရေးတို့ ဆောင်ရွက်ရန်လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။
"မိမိတို့၏ ပြည်သူများသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကိုသာမက ကျားမတန်းတူညီမျှမှုနှင့် သံတမန်ရေးရာကဏ္ဍအပါအဝင် အခြားနယ်ပယ် အသီးသီးတွင်လည်း အမျိုးသမီးများ၏ အခန်းကဏ္ဍကို ပိုမိုချဲ့ထွင်နိုင်ရန် လိုလားကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် စောလျင်စွာချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ အမြန်ဆုံးပြန်လည်ထွန်းကားရေးနှင့် ရွေးကောက်ခံအရပ်သားအစိုးရမှတဆင့် ပြည်သူ့အာဏာ ပြည်သူ့ထံ လျင်မြန်စွာပြန်လည်ရရှိရေးတို့ကို ဆောင်ရွက်ရန် လိုအပ်ကြောင်း"ဆိုပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်မူ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတည်ထောင်ရေးတို့ အတွက် အမျိုးသမီးများအား အဓိကမောင်းနှင်အားများအဖြစ် သတ်မှတ်ကြောင်း၊ သံတမန်ရေးရာကဏ္ဍရှိ အမျိုးသမီးတို့၏ အခန်းကဏ္ဍအား မြှင့်တင်ရေးအတွက် ပံ့ပိုးပေးရာတွင် ဆက်လက်ပါဝင်နေမည်ဟု ကတိကဝတ်ပြုကြောင်း သံအမတ်ကြီးကပြောကြားခဲ့ပါတယ်။
========================
📌📌 ၅။ "အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်အပြီးသိမ်းစို့"ကမ်ပိန်းရက်ပေါင်း ၂၀ အတွင်း အပြီးရောင်းချပြီး အညာဒေသရဲ့ မီးရှို့ခံလိုက်ရတဲ့ တော်လှန်မိသားစုတွေဆီ ပို့ပေးမယ်လို့ဆို
ဇွန်လ၂၆
"အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့” ကမ်ပိန်းရက်ပေါင်း ၂၀ အတွင်း အပြီးရောင်းချပြီး အညာဒေသရဲ့ မီးရှို့ခံလိုက်ရတဲ့ တော်လှန်မိသားစုတွေဆီ ပို့ပေးမယ်လို့ ဇွန်လ၂၆ရက်မှာ EODက အသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ စစ်အုပ်စု မီးရှို့လို့ ပြာကျသွားတဲ့ အိမ်ခြေစုစုပေါင်း ၆၄၂၆၇ အိမ် ရှိတယ်။ ရွာပေါင်း ၁၁၉၉ ရွာ
မီးလောင်ပြင်ဖြစ်သွားတယ်။ အညာနေတံလျှပ်တွေအောက်မှာ မရပ်မနားပြေးလွှားတိမ်းရှောင်ရင်း စစ်အုပ်စုရဲ့ ရက်စက်မှုအပေါင်းကို အရှုံးမပေးစတမ်း အာခံတော်လှန်နေကြတယ်။ ဒီတစ်ခေါက် EOD က ဖော်ဆောင်မယ့် Campaign ကတော့ အညာရဲ့ တော်လှန်ခွန်အားတွေကို ကုစား၊ အားဖြည့် ပြန်လည်ထူထောင်မယ့် Campaign ပဲ ဖြစ်ပါတယ်။ မင်းအောင်လှိုင် မတော်မတရား ရယူပိုင်ဆိုင်ထားတဲ့ ၆မိုင်ခွဲ အင်းလျားအိမ်ကို အစုရှယ်ယာထုတ်ရောင်းခဲ့တာ၊ ဒေါ်လာ ၄ သန်းခန့် ရောင်းချခဲ့ပြီးပါပြီ။ လက်ကျန်အစုရှယ်ယာ ၃ သောင်း၊ တစ်စုလျင် ဒေါ်လာ ၁၀၀ ဖြင့်၊ ဒေါ်လာ ၃ သန်းကို ရက်ပေါင်း ၂၀ အတွင်း အပြီးရောင်းချပြီး အညာဒေသရဲ့ မီးရှို့ခံလိုက်ရတဲ့ တော်လှန်မိသားစုတွေဆီ ပို့ပေးပါမယ်"လို့ဆိုပါတယ်။
Campaign ကာလအတွင်း အစုရှယ်ရောင်းရငွေများကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှတဆင့် အရေးပေါ် ကုစားကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်ပြီး မြေပြင်ပံ့ပိုးမှုများကိုလည်း ထင်သာမြင်သာစွာ အချိန်နဲ့တပြေးညီ တင်ပြအစီရင်ခံသွားမယ်လို့သိရပါတယ်။
========================
📌📌 ၆။ Federal Wings ဒရုန်းများမှ မြင်းမူမြို့မရဲစခန်းနှင့် မြင်းမူမြို့နယ်ထွေအုပ်ရုံးများအား တိုက်ခိုက်ရာ ရဲစခန်းအဆောက်အအုံ (၂) လုံး နှင့် ထွေအုပ်ရုံးအဆောက်အအုံ (၃) လုံးများပေါ် တိုက်ရိုက်ထိမှန်ခဲ့
ဇွန်လ၂၆
Federal Wings ဒရုန်းများမှ မြင်းမူမြို့မရဲစခန်းနှင့် မြင်းမူမြို့နယ်ထွေအုပ်ရုံးများအား တိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ၂၆ရက်မှာ စစ်ရေးသတင်းကို Federal Wings ဒရုန်းအဖွဲ့ကဆိုပါတယ်။
"Federal Wings ဒရုန်းအဖွဲ့မှ ဇွန်လ၂၄ရက် ညဦးပိုင်းတွင် စစ်ရေးပစ်မှတ်များဖြစ်သော စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ မြင်းမူမြို့မရဲစခန်းနှင့် မြင်းမူမြို့နယ်ထွေအုပ်ရုံးများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ရဲစခန်းအဆောက်အအုံ (၂) လုံးနှင့် ထွေအုပ်ရုံးအဆောက်အအုံ (၃) လုံးများပေါ် တိုက်ရိုက်ထိမှန်ခဲ့ပါတယ်"လို့ဆိုပါတယ်။
စစ်ကောင်စီဖက်မှ ထိခိုက်မှုများရှိကြောင်းသိရှိရပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်အား ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါ ရဲစခန်းနှင့် ထွေအုပ်ရုံးသည် စစ်ကောင်စီတပ်ဖွဲ့များစခန်းချတပ်စွဲသည့်နေရာများဖြစ်ပြီး Drone Jammer များဖြင့် ကာကွယ်ထားသောနေရာများဖြစ်ကြောင်း သိရှိရပါတယ်။
========================
📌📌 ၇။ ကောလင်းမြို့ KBZ ဘဏ်(၂)အနီးစကစတပ်သားများ ကင်းချိန်းပြီးအပြန်တွင် မိုင်းဆွဲခဲ့ရာ တစ်ဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရ
ဇွန်လ၂၆
ကောလင်းမြို့ KBZ ဘဏ်(၂)အနီးစကစတပ်သားများ ကင်းချိန်းပြီးအပြန်တွင် မိုင်းဆွဲခဲ့ရာ တစ်ဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။
ဇွန်လ၂၆ရက်မှာ The Secret Warrior Kawlin မှ ခစစ်ရေးသတင်းကိုအတည်ပြုဆိုပါတယ်။
"ဇွန်လ၂၄ ရက်နေ့ ကောလင်းမြို့ KBZ ဘဏ်(၂)အနီး နံနက် 5:50 တွင် Secret Warrior Kawlin မှစကစတပ်သားများ ကင်းချိန်းပြီးအပြန်တွင် မိုင်းဆွဲခဲ့ရာ ပွဲချင်းပြီး တစ်ဦးကျဆုံးကာ တစ်ဦးကပြင်းထန်ဒဏ်ရာရရှိတယ်"လို့ဆိုပါတယ်။
မိုင်းကွဲအပြီး စကစတပ်သားများမှ ဖြစ်စဉ်ဖြစ်ရာသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းပစ်ခဲ့မှုကြောင့် ပြည်သူ (၅) ဦးထပ်မံထိခိုက် ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။
ဖြစ်စဉ်အပြီး(၅) မိနစ်အတွင်း စျေးသူစျေးသားများအား စကစ တပ်သားများမှ ရိုင်းပြစွာ မောင်းထုတ်ခဲ့ကြောင်းလည်းသိရပါတယ်။
========================
📌📌 ၈။ ရေးမြို့နယ်ရှိ ကျေးရွာများတွင် ရွာသားများကို အနိုင်ကျင့်ငွေကြေးတောင်းခံတဲ့ ပျူခေါင်းဆောင်တစ်ဦး ရေးဘီလူးအဖွဲ့ ရှင်းလင်း
ဇွန်လ၂၆
ရေးမြို့နယ်ရှိ ကျေးရွာများတွင် ရွာသားများကို အနိူင်ကျင့်ငွေကြေးတောင်းခံတဲ့ ပျူခေါင်းဆောင်တစ်ဦး ရေးဘီလူးအဖွဲ့ ရှင်းလင်းလိုက်ပါတယ်လို့ ဇွန်လ၂၆ရက်မှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အသိပေးဆိုပါတယ်။
"အစင်ရွာ.ကျားတန်း.ဇီဖြူသောင်ရွာ.ဓမင်ဆိပ်ရွာ.ပင်လယ်ဝဆိတ်ကလေးရွာ.အဘော်ရွာ.ဒူးယားရွာတွေမှာ ဗိုလ်ကျအနိုင်ကျင့်ငွေတောင်းနေတဲ့ ပျူခေါင်းဆောင် စိုးအောင်ကိုအနားပေးလိုက်ပါတယ်"လို့ဆိုပါတယ်။
ရေးဘီလူးအဖွဲ့ဟာ မွန်ပြည်နယ်အတွင်းရှိ စကစ နဲ့ နီးကပ်ထိစပ်နေသောနေရာများကို ရှင်းလင်းခဲ့ပြီး ဇွန်လအတွင်း စကစ တပ်သား လေးဦး စစ်မှုထမ်းဟောင်း နှစ်ဦး လဝက လုပ်ငန်းဆောင်ရွက်သူတစ် ဦး စုစုပေါင်း ခုနစ် ဦးကို ရေးဘီလူးအဖွဲ့သားများမှ ရှင်းလင်းထားနိုင်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment