၂၀၂၃ ဇွန်လ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စိုးမိုးထိန်းချုပ်နယ်မြေတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိလာနေသလို မြို့နယ်ပေါင်း(၁၇၀)ကျော်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီးဖြစိတယ်လို့ ဝန်ကြီးချုပ်အသိပေး
📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းတက်ရောက်
📌 ၃။ စစ်အုပ်စုနှင့်လက်ပါးစေများကြောင့် သေဆုံးခဲ့ရသူ လူသုံးထောင်ကျော်တွင် စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ မန္တလေးတို့ အများဆုံးပါဝင်
📌 ၄။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေရှိ စကစတပ် ဒုံသမိတံတားဂိတ်အား KNUနဲ့PDF ပူးပေါင်းတပ်များတိုက်ခိုက်၍ စကစဘက်က သေဆုံးထိခိုက်သူရှိကာ သေနတ်ငါးလက် သိမ်းဆည်းရမိ
📌 ၅။ တော်ဝင်ဒေါင်းတပ်ရင်းတွင် တာ၀န်ထမ်းဆောင်ရန် CDM ဆရာ၀န် အမျိုးသားများ အလိုရှိ
📌 ၆။ ယင်းမာပင်မြို့ပေါ် က စစ်ကောင်စီလက်အောက်ခံ ခရိုင်စုပေါင်းရုံးနဲ့ ရဲစခန်းကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်
📌 ၇။ တောင်ငူအခြေစိုက် အမှတ်(၁၀၁၅) လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီး ဆိုင်ကယ်နဲ့ သွားလာစဥ် ပစ်ခတ်ရှင်းလင်းခံရ
📌 ၈။ အားယူထပျံ အောက်ချင်းအားမာန်” သိန်းငါးထောင်ကမ်ပိန်း ချင်းပြည်နယ် စစ်ရေးအတွက်အရေးကြီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စိုးမိုးထိန်းချုပ်နယ်မြေတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိလာနေသလို မြို့နယ်ပေါင်း(၁၇၀)ကျော်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီးဖြစိတယ်လို့ ဝန်ကြီးချုပ်အသိပေး
ဇွန်လ၁
စိုးမိုးထိန်းချုပ်နယ်မြေတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိလာနေသလို မြို့နယ်ပေါင်း(၁၇၀)ကျော်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
ဇွန်လ ၁ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၂၂/၂၀၂၃)ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
"တော်လှန်ရေးကာလ (၂)နှစ်ကျော်အတွင်း စိုးမိုးထိန်းချုပ်နယ်မြေတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိလာနေသလို အခြားထင်သာတဲ့ အရွေ့အဖြစ် မြို့နယ်ပေါင်း(၁၇၀)ကျော်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး တာဝန်ခံတွေ ခန့်အပ်ကာ ကဏ္ဍစုံစုံလင်လင်နဲ့ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်တစ်ခုချင်းစီ၏ အခြေအနေအမှန်များကို စနစ်တကျစုစည်းထားရန်နှင့် ဝန်ကြီးဌာနအချင်းချင်းကြား တိုင်ပင်ဆွေးနွေး ဖလှယ်ကြရန် တိုက်တွန်းလိုကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးကာလရှည်ကြလာသည့်အတွက် ပြည်သူက ပြည်သူကို ထောက်ပံ့ပေးနိုင်မှုအခြေအနေတွေကို အားလုံး နားလည်ပြီးဖြစ်၍ ဘဏ္ဍာငွေ အလေအလွင့်မရှိစေရေးနဲ့ ထိထိရောက်ရောက်စနစ်တကျ သုံးစွဲနိုင်ရန် အရေးကြီးကြောင်း ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းတက်ရောက်
ဇွန် လ ၁ ရက်
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (၄/၂၀၂၃)ကို ဇွန်လ ၁ရက်နေ့က ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာသော ဝန်ကြီးဌာန တာဝန်ရှိသူများမှ ဌာန၏လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များနှင့်လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ စစ်အုပ်စုနှင့်လက်ပါးစေများကြောင့် သေဆုံးခဲ့ရသူ လူသုံးထောင်ကျော်တွင် စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ မန္တလေးတို့ အများဆုံးပါဝင်
ဇွန်လ၁ရက်
စစ်အုပ်စုနှင့် လက်ပါးစေများကြောင့် သေဆုံးခဲ့ရသူ လူသုံးထောင်ကျော်တွင် စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ မန္တလေးတို့ အများဆုံးပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPက ဇွန်လ ၁ရက်နေ့မှာ အသိပေးဖော်ပြပါတယ်။
အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၃ခုနှစ်၊ မေလ (၃၁) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် သေဆုံးအချက်အလက်များအရ စုစုပေါင်းလူ ၃၅၉၆ဦး သေဆုံးခဲ့ပြီး စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ မန္တလေးတို့အများဆုံးပါဝင်ခဲ့ပါတယ်။
သေဆုံးသူများထဲတွင် အမျိုးသမီး ၅၂၄ ဦး၊ ကလေးသူငယ် ၃၉၄ဦး ပါဝင်ကာ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူများမှာ အရေအတွက် ၁၂၄၁ဦးရှိခဲ့ပါတယ်
========================
📌📌 ၄။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေရှိ စကစတပ် ဒုံသမိတံတားဂိတ်အား KNUနဲ့PDF ပူးပေါင်းတပ်များတိုက်ခိုက်၍ စကစဘက်က သေဆုံးထိခိုက်သူရှိကာ သေနတ်ငါးလက် သိမ်းဆည်းရမိ
ဇွန်လ၁ရက်
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေရှိ စကစတပ် ဒုံသမိတံတားဂိတ်အား KNUနဲ့PDF ပူးပေါင်းတပ်များ တိုက်ခိုက်၍ စကစဘက်က သေဆုံးထိခိုက်သူရှိကာ သေနတ်ငါးလက် သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဇွန်လ ၁ရက်နေ့ မနက်ပိုင်းမှာ မွန်ပြည်နယ် သထုံမြို့နယ် ဒူးရင်းဆိပ်ရွာအနီးရှိ စကစ ဒုံသမိတံတားဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
တိုက်ခိုက်မှုတွက် စကစဘက်က ရဲနဲ့ စကစတပ်ဖွဲ့ဝင်တချို့သေဆုံးမှုတို့ရှိပြီး အရေအတွက်ကို စီစစ်အတည်ပြုနေဆဲ ဖြစ်ပါတယ်။
အဆိုပါထိတွေ့မှုတွင် စကစ တပ်ဖွဲ့များထံက လက်နက်ငါးလက်နဲ့ ကျည်ဆံအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ တော်ဝင်ဒေါင်းတပ်ရင်းတွင် တာ၀န်ထမ်းဆောင်ရန် CDM ဆရာ၀န် အမျိုးသားများ အလိုရှိ
ဇွန်လ၁ရက်
တော်ဝင်ဒေါင်းတပ်ရင်းတွင် တာ၀န်ထမ်းဆောင်ရန် CDM ဆရာ၀န် အမျိုးသားများ အလိုရှိတယ်လို့ဇွန်လ၁ရက်နေ့မှာ Royal Peacock Column ကအသိပေးဆိုပါတယ်။
"တော်ဝင်ဒေါင်းတပ်ရင်းတွင် တာ၀န်ထမ်းဆောင်ရန် CDM ဆရာ၀န် (Male) အလိုရှိပါတယ်။ ကျွန်တော်တို့ တော်၀င်ဒေါင်းတပ်ရင်း ရှေ့တန်းစစ်မျက်နှာပြင်တွင် တာ၀န်ထမ်းဆောင်နေသော ရဲဘော်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဆရာ၀န်ယောင်္ကျားလေး အရေးပေါ်လိုအပ်ပါတယ်"လို့ဆိုပါတယ်။
တာ၀န်ထမ်းဆောင်လိုသော ဆရာဝန်များအနေနဲ့ တော်၀င်ဒေါင်းတပ်ရင်း Page cb တွင်လာရောက်ဆက်သွယ်စုံစမ်းနိုင်တယ်လို့ဆိုထားပါတယ်။
========================
📌📌 ၆။ ယင်းမာပင်မြို့ပေါ် က စစ်ကောင်စီလက်အောက်ခံ ခရိုင်စုပေါင်းရုံးနဲ့ ရဲစခန်းကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်
ဇွန်လ၁ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ် က စစ်ကောင်စီလက်အောက်ခံ ခရိုင်စုပေါင်းရုံးနဲ့ ရဲစခန်းကို ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ဇွန်လ ၁ရက်နေ့မှာ စစ်ရေးသတင်းကို ဗိုလ်သူရိန် ယင်းမာပင်PDFကအသိပေးဆိုပါတယ်။
"ယင်းမာပင်မြို့ပေါ် က စစ်ကောင်စီလက်အောက်ခံ ခရိုင်စုပေါင်းရုံးနဲ့ ရဲစခန်းကို ကျွန်တော်တို့ညီနောင် မဟာမိတ်များပူးပေါင်းပြီး မနက်ခင်း ၄နာရီကစတင်ကာ လက်နတ်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊လက်နတ်ငယ်များနဲ့လည်း အနီးကပ်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိခဲ့ဘူးလို့သိရှိရပြီး စကစဘက်ကထိခိုက်ပျက်စီးမှုများကို အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၇။ တောင်ငူအခြေစိုက် အမှတ်(၁၀၁၅) လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီး ဆိုင်ကယ်နဲ့ သွားလာစဥ် ပစ်ခတ်ရှင်းလင်းခံရ
ဇွန်လ၁ရက်
တောင်ငူအခြေစိုက် အမှတ်(၁၀၁၅) လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီး ဆိုင်ကယ်နဲ့ သွားလာစဥ် ပစ်ခတ်ရှင်းလင်းခံရတယ်လို့ သတင်းရရှိပါတယ်။
ဇွန်လ၁ရက်နေ့မှာ ပဲခူးတိုင်း စစ်ဒေသခွဲ က စစ်ရေးသတင်းကို အတည်ပြုဖော်ပြပါတယ်။
ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၁၀၁၅) လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီးရဲနိုင်ကို မေလ (၃၁)ရက်နေ့၊ ညနေ(၅:၃၀)နာရီခန့်တွင် အမြန်လမ်း ၁၅၄ မိုင်၊ ၈ ဖာလုံ၌ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၆ (ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က ပစ်ခတ်ရှင်းလင်းခဲ့ပြီး ၎င်း၏ဖုန်းနှင့် ဆိုင်ကယ်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၁၀၁၅) တောင်ငူအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ထောက်လှမ်းရေးမှူး ဒုဗိုလ်မှူးကြီးရဲနိုင်သည် တော်လှန် ရေးတပ်ဖွဲ့များ၏ သတင်းကို စုံစမ်းထောက်လှမ်း၍ အရပ်ဝတ်ဖြင့် သွားလာနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်၏ ဒုဗိုလ်မှူးကြီးရဲနိုင်မှာ သေဆုံးသွားခဲ့ပြီး ၎င်း၏ဖုန်းနှင့် ဆိုင်ကယ်ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၈။ အားယူထပျံ အောက်ချင်းအားမာန်” သိန်းငါးထောင်ကမ်ပိန်း ချင်းပြည်နယ် စစ်ရေးအတွက်အရေးကြီး
ဇွန်လ၁ရက်
“အားယူထပျံ အောက်ချင်းအားမာန်” သိန်းငါးထောင်ကမ်ပိန်း ချင်းပြည်နယ် စစ်ရေးအတွက်အရေးကြီးတယ်လို့ သတင်းရရှိပါတယ်။
လူထုတူမီးတော်လှန်ရေး အရှိန်မြှင့်တင်နိုင်ဖို့အတွက် “အားယူထပျံ အောက်ချင်းအားမာန်” ဆိုတဲ့ခေါင်းစဉ်နဲ့ Fundraising Campaign ကို မေလ၊ (၁၉) ရက်မှ စတင်ပြီး ဇွန်လ (၁၉) ရက်အထိ ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။
“အားယူထပျံ အောက်ချင်းအားမာန်” စီမံကိန်းဟာ CDF-Mindat အနေဖြင့်အင်မတန် ခွန်အားဖြစ်မည့် စီမံကိန်းဖြစ်သည့်အလျောက် ပြည်သူလူထုအနေဖြင့်ပါဝင်ဖို့လည်းလိုအပ်တယ်လို့ဆိုထားပါတယ်။
ကမ်ပိန်းတွင်ပါဝင်လိုသူ များအနေနဲ့ CDF-Mindatရဲ့ လူမှုကွန်ရက်မှာ Fundraising ကိုယ်စားလှယ်များကို အသိပေးဖော်ပြထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment