၂၀၂၃ ဇွန်လ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အိန္ဒိယနိုင်ငံ သြရိဿပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ရထားမတော်တဆမှုနှင့် စပ်လျဥ်း၍ ပြည်ထောင်စု ဝန်ကြီးဒေါ်ဇင်မာအောင် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
📌 ၂။ အာရီဇိုးနားပြည်နယ်တက္ကသိုလ်က NUG ပညာရေးဝန်ကြီးဌာနနဲ့ လက်တွဲဆောင်ရွက်ကြမည်ဟု ဒေါက်တာဇော်ဝေစိုး အသိပေးပြောကြား
📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
📌 ၄။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းစာမေးပွဲ မဖြေဆိုနိုင်ခဲ့သူများ ဇွန်လ ၁၅ ရက်နေ့အထိ ပြန်လည်စာရင်းပေးသွင်းနိုင်ပြီလို့ မင်းတပ်ပအဖအသိပေး
📌 ၅။ စစ်ဘေးသင့် ကချင်တိုင်းရင်းသားများအတွက် ရံပုံငွေ လမ်းလျှောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနှင့် ယူကေ NUG ကိုယ်စားလှယ် ဒေါက်တာသက်ကိုကို တို့လည်း တက်ရောက် အားပေး
📌 ၆။ ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်မြောက်မွေးနေ့မှာ "ပန်းနဲ့ ဆိုင်တဲ့လှုံ့ဆော်မှု” တစ်ရပ်ကို လုပ်ဆောင်မယ်လို့ဆို
📌 ၇။ နှစ်နှစ်ကျော်ကာလအတွင်း အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းခံရသည့် အမျိုးသမီး စုစုပေါင်း (၃၅၁၇) ဦး ထိ ရှိခဲ့
📌 ၈။ မကွေးတိုင်း၊ကျောက်ထုမြို့နယ်၊ စံတောင် အနီးတွင် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်း နှင့် ကာကွယ်ရေးတပ်များထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ ရန်သူဘက်မှ (၂)ဦးသေဆုံးကာ (၄)ဦးထိခိုက်
📌 ၉။ ချောင်းဦးမြို့ပေါ်က လဝကရုံးနား စကစတပ်ဖွဲ့ဝင်လေးဦးကို ပစ်ခတ်၍ လေးဦးစလုံး သေဆုံးကာ လက်နက်များကို သိမ်းဆည်းရမိ
📌 ၁၀။ အမေရိကန်နိုင်ငံ၊ဆန်ဖရန်စစ္စကိုမြို့တွင် "ရောင်နီလာရာလမ်း" ရုပ်ရှင်ပြသရာပရိတ်သတ် ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာတစ်သောင်းခွဲနီးပါးရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အိန္ဒိယနိုင်ငံ သြရိဿပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ရထားမတော်တဆမှုနှင့် စပ်လျဥ်း၍ ပြည်ထောင်စု ဝန်ကြီးဒေါ်ဇင်မာအောင် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
ဇွန်လ၄
အိန္ဒိယနိုင်ငံ သြရိဿပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ရထားမတော်တဆမှုနှင့် စပ်လျဥ်း၍ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ၄ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် အိန္ဒိယနိုင်ငံ သြရိဿပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရထားမတော်တဆမှုနှင့် စပ်လျဥ်းသည့် ဝမ်းနည်းကြောင်းသဝဏ်လွှာကို အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဂျေရှန်ကာထံသို့ ပေးပို့ခဲ့ပါတယ်လို့ဖော်ပြပါတယ်။
သဝဏ်လွှာတွင် မတော်တဆမှု ဖြစ်ပွားခဲ့ရသည့် အတွက် မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာ ပြည်သူများသည် အိန္ဒိယ ပြည်သူများနည်းတူ ပူဆွေးဝမ်းနည်းမိပါကြောင်း၊ အဆိုပါပူဆွေးဖွယ်ရာ အခိုက်အတန့်တွင် မြန်မာပြည်သူများသည် အိန္ဒိယပြည်သူများနှင့် အတူတကွရပ်တည်နေပါကြောင်း၊ အိန္ဒိယအစိုးရသည် အဆိုပါအကြပ်အတည်းကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါကြောင်း ရေးသားဖော်ပြထားပါတယ်။
ဇွန်လ ၂ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ဘလာသောခရိုင်၊ သြရိဿပြည်နယ်တွင် ခရီးသည်တင် ရထား ၂ စင်း တိုက်မိကာ လူပေါင်း ၂၈၈ ဦးထက် မနည်း အသက်ဆုံးရှုံးခဲ့ရပြီး၊ ၉၀၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၂။ အာရီဇိုးနားပြည်နယ်တက္ကသိုလ်က NUG ပညာရေးဝန်ကြီးဌာနနဲ့ လက်တွဲဆောင်ရွက်ကြမည်ဟု ဒေါက်တာဇော်ဝေစိုး အသိပေးပြောကြား
ဇွန် ၄၊ Radio NUG
အမေရိကန်ပြည်ထောင်စုကို မြန်မာပြည်အရေး ဆောင်ရွက်မှုများအတွက် ခရီးစဉ်ရောက်ရှိနေတဲ့ NUG ပြည်ထောင်စု ဒေါက်တာဇော်ဝေစိုး အာရီဇိုးနားပြည်နယ်တက္ကသိုလ်က တာဝန်ရှိသူများ ပညာရှင်များနဲ့ ဇွန်လ ၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲသည်တွေ့ဆုံဆွေးနွေးပွဲမှာ အမေရိကန်တက္ကသိုလ်နဲ့ NUG ၏ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြဖို့ သဘောတူညီမှုတွေ ရရှိခဲ့တယ်လို့ ဒေါက်တာဇော်ဝေစိုးက Radio NUG ကို ပြောကြားခဲ့ပါတယ်။
တက္ကသိုလ်ပညာရေးအတွက် အတူတူလက်တွဲလုပ်ကိုင်ဖို့ ၊ ပညာသင်ဆုများ စီစဉ်နိုင်ဖို့နဲ့ အွန်လိုင်းပညာသင်ကြားရေး ဖော်ဆောင်နိုင်ဖို့ ကိစ္စတွေ ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးလိုက်ပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
ဇွန် လ ၄ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၂/၂၀၂၃)ကို ဇွန်လ၄ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်သည့် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းစာမေးပွဲ မဖြေဆိုနိုင်ခဲ့သူများ ဇွန်လ ၁၅ ရက်နေ့အထိ ပြန်လည်စာရင်းပေးသွင်းနိုင်ပြီလို့ မင်းတပ်ပအဖအသိပေး
ဇွန်လ၄
အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းစာမေးပွဲ မဖြေဆိုနိုင်ခဲ့သူများ ဇွန်လ ၁၅ ရက်နေ့အထိ ပြန်လည်စာရင်းပေးသွင်းနိုင်ပြီလို့ စာမေးပွဲနဲ့ ပတ်သက်လို့ မင်းတပ်ပအဖက ဇွန်လ၄ရက်မှာ အသိပေးဆိုပါတယ်။
"မင်းတပ်မြို့နယ် ပညာရေးဘုတ်အဖွဲ့သည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန၏ နည်းပညာ ထောက်ပံ့ကူညီမှုနဲ့အတူ အခြေခံပညာ အထက်တန်းပြီးမြောက်ကြောင်း စာမေးပွဲကို ၂၀၂၃ ခုနှစ် ဧပြီလမှစ၍ မြို့နယ်အတွင်း စတင်ဖြေဆိုမှုများလုပ်နေရာ ယခုအခါ တစ်မြို့နယ်လုံး အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုစာမေးပွဲ မဖြေဆိုနိုင်ခဲ့သူများအနေဖြင့် ၂၀၂၃ ဇွန်လ ၁၅ ရက်နေ့အထိ စာမေးပွဲဖြေဆိုရန်အတွက် ပြန်လည်စာရင်းပေးသွင်းနိုင်ပြီး အထက်တန်းပြီးမြောက်ကြောင်း စာမေးပွဲကျင်းပမည့်နေရာနှင့်ရက်ကို ပြန်လည်သတ်မှတ်သွားမှာဖြစ်တယ်"လို့ဖော်ပြပါတယ်။
BECA (Basic Education Completion Assessment) အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဧပြီလအထိ online, offline ဖြေဆိုခဲ့ရာ online အနေဖြင့် ကျောင်းသားပေါင်း (၂၁၀၀၀) ကျော်ဖြေဆိုခဲ့ပြီး စာစစ်ဌာန (၃၂၉) ခုတွင် ကျောင်းသားပေါင်း (၃၈၈၇၇) ဦးဖြေဆိုခဲ့ပြီး PDF ရဲဘော်များလည်း ပါဝင်ဖြေဆိုခဲ့ကြပါတယ်။
========================
📌📌 ၅။ စစ်ဘေးသင့် ကချင်တိုင်းရင်းသားများအတွက် ရံပုံငွေ လမ်းလျှောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနှင့် ယူကေ NUG ကိုယ်စားလှယ် ဒေါက်တာသက်ကိုကို တို့လည်း တက်ရောက် အားပေး
စစ်ဘေးသင့် ကချင်တိုင်းရင်းသားများအတွက် ရံပုံငွေ လမ်းလျှောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနှင့် ယူကေ NUG ကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုတို့လည်း တက်ရောက် အားပေးခဲ့ပါတယ်။
ဇွန်လ၃ရက်နေ့ လန်ဒန်မြို့ Greenwich Royal Observatory တွင် စစ်ဘေးသင့် ကချင်တိုင်းရင်းသားများအတွက် ရံပုံငွေ လမ်းလျှောက်ပွဲကို Kachin Relief Fund အဖွဲ့မှ ဦးဆောင်ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။
ရံပုံငွေ လမ်းလျှောက်ပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနှင့် ယူကေ NUG ကိုယ်စားလှယ် ဒေါက်တာသက်ကိုကို တို့လည်း တက်ရောက် အားပေးခဲ့ကြပြီး Kachin Relief Fund မှ မအားထာန် နှင့် ကိုထိန်လင်းတို့မှ ကျေးဇူးတင်နှုတ်ဆက် စကား ပြောကြားခဲ့ပါတယ်။
အဆိုပါအခမ်းအနားကို ယူကေရောက် တော်လှန်ရေး မောင်နှမ တိုင်းရင်းသားပေါင်းစုံတို့ အတူတကွ လာရောက်ပါဝင်ခဲ့ကြပါတယ်။
========================
📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်မြောက်မွေးနေ့မှာ "ပန်းနဲ့ ဆိုင်တဲ့လှုံ့ဆော်မှု” တစ်ရပ်ကို လုပ်ဆောင်မယ်လို့ဆို
ဇွန်လ၄ရက်
ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်မြောက်မွေးနေ့မှာ "ပန်းနဲ့ ဆိုင်တဲ့လှုံ့ဆော်မှု” တစ်ရပ်ကို လုပ်ဆောင်မယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဆက်ဆံရေးတာဝန်ခံ ဦးဘိုဘိုဦးက ဇွန်လ၄ရက်မှာ ဆိုထားပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်မြောက်မွေးနေ့ ရက်မှာ "ပန်းနဲ့ ဆိုင်တဲ့လှုံ့ဆော်မှု” တစ်ရပ်လုပ်ကြပါမယ်"လို့ဆိုပါတယ်။
မေလ၂၈ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစည်းအဝေးက ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၇၈) နှစ်ပြည့်မွေးနေ့ပွဲကို လူထုလှုပ်ရှားမှုတခုအနေနဲ့ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်စစ်တပ်က နိူင်ငံတော်အာဏာကိုလုယူစဥ်ကတည်းက နိူင်ငံတော်အကြီးအကဲများဖြစ်သော သမ္မတဦးဝင်းမြင့်နှင့်နိူင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို မတရားဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
========================
📌📌 ၇။ နှစ်နှစ်ကျော်ကာလအတွင်း အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းခံရသည့် အမျိုးသမီး စုစုပေါင်း (၃၅၁၇) ဦး ထိ ရှိခဲ့
ဇွန်လ၄
နှစ်နှစ်ကျော်ကာလအတွင်း အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းခံရသည့် အမျိုးသမီး စုစုပေါင်း (၃၅၁၇) ဦးထိ ရှိခဲ့တယ်လို့ ဇွန်လအတွင်းမှာ burmese womens unionက အတည်ပြုဆိုထားပါတယ်။
အကြမ်း ဖက်စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက် နေ့မှ စ၍ ၂၀၂၃ ခုနှစ် မေလ ၂၉ ရက်နေ့ထိ အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းခံရသည့် အမျိုးသမီး စုစုပေါင်း (၃၅၁၇) ဦး ထိ ရှိခဲ့ပါတယ်။ ထိုသို့ ဖမ်းဆီး ထိန်းသိမ်းခံ ထားရသည့် အမျိုး သမီး (၈၅၉) ဦး သည် မတရားပြစ်ဒဏ်ချမှတ်ခြင်းကို ခံနေကြရပါတယ်လို့ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ် မေလအတွင်းတွင် အကြမ်း ဖက်စစ်တပ်၏ တဖက်သတ်အမိန့်ချ၍ ထောင်ဒဏ်ချခံရသည့် အမျိုးသမီး (၄၀) ဦး ထိ ရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ မကွေးတိုင်း၊ကျောက်ထုမြို့နယ်၊ စံတောင် အနီးတွင် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်း နှင့် ကာကွယ်ရေးတပ်များထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ ရန်သူဘက်မှ (၂)ဦးသေဆုံးကာ (၄)ဦးထိခိုက်
ဇွန်လ၄
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ စံတောင် အနီးတွင် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်းနှင့် ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ ရန်သူဘက်မှ (၂)ဦးသေဆုံးကာ (၄)ဦးထိခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းကို YDFက ဇွန်လ၄ရက်မှာ အသိပေးဆိုပါတယ်။
"ဇွန်လ (၃) ရက်နေ့ ၊ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်း၊ကျောက်ထုမြို့နယ်၊ စံတောင် အနီးတွင် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်း နှင့် (YDF) ဦးဆောင်သော ယောနကစစ်ကြောင်းနှင့် ဂန့်ဂေါခရိုင် တပ်ရင်း(၉)တပ်ခွဲ (၁) ယောချောင်းတပ်ခွဲ - ကျောက်ထု PDF ပူးပေါင်းစစ်ကြောင်းတို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး၊ ရန်သူဘက်မှ (၂)ဦးသေဆုံးကာ (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီမှ အင်အား ၁၈၀ ခန့်ပါဝင်သော စစ်ကြောင်းတစ်ကြောင်းသည် မကွေးတိုင်း၊ ကျောက်ထုမြို့နယ်အတွင်းရှိ စံတောင် ဘက်သို့ စစ်ကြောင်းထိုးလာခဲ့သောကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
တိုက်ပွဲ အတွင်း ရန်သူအကြမ်းဖက် စစ်တပ်ထံမှ ခဲယမ်းကျည်ဆံတချို့ကိုလည်း မိမိတို့ဖက်မှသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၉။ ချောင်းဦးမြို့ပေါ်က လဝကရုံးနား စကစတပ်ဖွဲ့ဝင်လေးဦးကို ပစ်ခတ်၍ လေးဦးစလုံး သေဆုံးကာ လက်နက်များကို သိမ်းဆည်းရမိ
ဇွန်လ၄
ချောင်းဦးမြို့ပေါ်က လဝကရုံးနား စကစတပ်ဖွဲ့ဝင်လေးဦးကို ပစ်ခတ်၍ လေးဦးစလုံး သေဆုံးကာ လက်နက်များကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဇွန်လ၄ရက်နေ့မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Farmers Revolution Force - မုံရွာခရိုင်တပ်ရင်း(၈)မှ သတင်းအတည်ပြုထုတ်ပြန်ထားပါတယ်။
ချောင်းဦးမြို့ပေါ်က လဝကရုံးနား စကစတပ်ဖွဲ့ဝင်လေးဦးဟာ ရုတ်တရက်ပစ်ခတ်တိုက်ခိုက်ခံရလို့ သေဆုံးခဲ့ပြီး စစ်ဆင်ရေးကို မိနစ်အနည်းငယ်သာအချိန်ယူဆင်င်နွှဲခဲ့တာဖြစ်ပါတယ်။
သေဆုံးသွားတဲ့ စကစတပ်များထံက BA 63 (G3) ၄လက်၊ ကျည်ဘောက် ၄ ခုနဲ့ ကျည် ၄၉ တောင့်ကိုသိမ်းယူနိူင်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၁၀။ အမေရိကန်နိုင်ငံ၊ဆန်ဖရန်စစ္စကိုမြို့တွင် "ရောင်နီလာရာလမ်း" ရုပ်ရှင်ပြသရာပရိတ်သတ် ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာတစ်သောင်းခွဲနီးပါးရရှိ
ဇွန်လ၄
အမေရိကန်နိုင်ငံ၊ဆန်ဖရန်စစ္စကိုမြို့တွင် "ရောင်နီလာရာလမ်း"ရုပ်ရှင်ပြသရာပရိတ်သတ် ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာတစ်သောင်းခွဲနီးပါးရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
ဇွန်လ၃ရက် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် "ရောင်နီလာရာလမ်း ရုပ်ရှင်ကိုပြသခဲ့တာဖြစ်ပါတယ်။
ဇွန်လ ၃ ရက်နေ့က ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် "ရောင်နီလာရာလမ်း" ရုပ်ရှင်နှင့်စျေးရောင်းပွဲကိုလည်း ပြုလုပ်ခဲ့ပြီး ဒါရိုက်တာ ကိုပေါက်၏ အနုပညာ ပန်းချီကား တစ်ချပ်ကိုလည်း လေလံတင် ရောင်းချခဲ့တယ်လို့သိရပါတယ်။
ရုပ်ရှင်ပွဲသို့ ထောက်ပို့ပရိတ်သတ် ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး စုစုပေါင်း ခန့်မှန်းခြေ ဒေါ်လာ ၁၅၀၀၀ ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment