(၁၃-၆-၂၀၂၃) မနက်ခင်း ပြည်တွင်းသတင်းများ


 

(၁၃-၆-၂၀၂၃) မနက်ခင်း ပြည်တွင်းသတင်းများ


၁။ ကရင်နီပြည်ရဲ့ ခုခံစစ်ဟာ ပြည်နယ်ဧရိယာနဲ့ မမျှအောင်သာလွန်ကြီးမားနေပြီး အကြမ်းဖက်စစ်တပ်ကိုအထိနာဆုံးတိုက်ခိုက်နိုင်တဲ့ ပြည်နယ်တစ်ခုလည်းဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

============

ဇွန်လ၁၂ရက်


ကရင်နီပြည်ရဲ့ ခုခံစစ်ဟာ ပြည်နယ်ဧရိယာနဲ့ မမျှအောင်သာလွန်ကြီးမားနေပြီး အကြမ်းဖက်စစ်တပ်ကိုအထိနာဆုံးတိုက်ခိုက်နိုင်တဲ့ ပြည်နယ်တစ်ခုလည်းဖြစ်တယ်လို့ ဇွန်လ၁၂ရက်မှာ ကျင်းပတဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ICE ဖွဲ့စည်းခြင်းအခမ်းအနားမှာ  ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။


"အခုလည်း ကရင်နီပြည်ရဲ့ ခုခံစစ်ဟာ ပြည်နယ်ဧရိယာနဲ့ မမျှအောင်သာလွန်ကြီးမားနေတာတွေ့ပါတယ်။ကရင်နီပြည်သူတွေ ကြံ့ကြံ့ခံနိုင်မှုနဲ့ အရေးတော်ပုံတပ်သားတွေ ရဲရင့်မှုဟာ အင်မတန်ကို အံ့သြစရာကောင်းလှပါတယ်။ တကယ်တော့ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင် ခုခံတွန်းလှန်စစ်မှာ ကရင်နီပြည်ဟာအစောဆုံးတိုက်ပွဲဝင်တဲ့ ပြည်နယ်ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ကို အထိနာဆုံးတိုက်ခိုက်နိုင်တဲ့ ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုအနေအထားတစ်ခုအထိရောက်ဖို့ဆိုတာ မလွယ်ပါဘူး။ ကရင်နီပြည်အတွင်းက ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးအမျှော်အမြင်နဲ့ ကရင်နီလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကရင်နီစစ်ခေါင်းဆောင်တွေရဲ့ စစ်ရေးအမျှော်အမြင်တွေဟာ အဓိကအခန်းကဏ္ဍကပါဝင်နေပါတယ်။ ဒါ့အပြင် ကရင်နီလူထုရဲ့ ရဲရင့်မှုတွေဟာ အင်မတန်အရေးပါအရာရောက်ကြောင်းတွေ့ရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ကရင်နီပြည်နယ်ဟာ စစ်ရေးအရ အရေးကြီးသော နယ်မြေဖြစ်နေပြီး စစ်ကောင်စီမှ မြေပြင်ဝေဟင်ပူးတွဲ၍ အသည်းအသန် စစ်ကြောင်းထိုးနေရတယ်လို့သိရပါတယ်။

-------------------

၂။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း

=============

ဇွန်လ၁၂

ဇွန်လ ၁၁ ရက်နေ့၊  ၁၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်းအစီအစဉ် ပထမနေ့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  ရှမ်းပြည်နယ်တို့မှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြားခဲ့ပါတယ်။


တွေ့ဆုံပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားရာတွင် “ယခုကဲ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံတင်ပြ ဆွေးနွေးခွင့်ရခြင်းသည် အင်မတန်အရေးကြီးသည့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည့် သမိုင်းဝင်ခြေလှမ်းတစ်ခုကို ရရှိဖို့ မျှော်လင့်ယုံကြည်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။


ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လဆန်းအထိ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဥ်း၍ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက မြေပြင်အခြေအနေများ၊ လိုအပ်ချက်များ၊ လွှတ်တော်လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်စေရန် အကြံပြုချက်များ တင်ပြကာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊  ရှမ်းပြည်နယ်တို့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။

-------------------

၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

==============

 ဇွန်လ၁၂ ရက်

အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းတို့ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး(၁၁/၂၀၂၃)ကို ဇွန်လ၁၂ရက်မှာ ကျင်းပခဲ့ရာ အစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ လုပ်ငန်း‌ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှမူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်​အုပ်ချုပ်​ရေး ​ဆောင်ရွက်​နေမှုများ၊ ကြုံ​တွေ့​နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့  တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းတို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါတယ်။

-------------------

၄။ အမှတ်(၁) စစ်ဒေသမှာ မေလအတွင်း တိုက်ပွဲပေါင်း (၅၀၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူစကစတပ်ဖွဲ့ဝင်များ (၄၄၉) ဦး သေဆုံး

==============

ဇွန်လ၁၂ရက်

အမှတ်(၁) စစ်ဒေသမှာ မေလအတွင်း တိုက်ပွဲပေါင်း (၅၀၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူစကစတပ်ဖွဲ့ဝင်များ (၄၄၉) ဦး သေဆုံးခဲ့တယ်လို့ ဇွန်လ၁၂ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်အသိပေးထုတ်ပြန်ပါတယ်။


"အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ မေလအတွင်း တိုက်ပွဲပေါင်း (၅၀၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၄၉) ဦး သေဆုံး၍ (၆၈၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


ကာကွယ်ရေးတပ်ဖွဲ့ဘက်မှရဲဘော် (၄၁) ဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး (၁၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


ရန်သူ့ထံမှ လက်နက်မျိုးစုံ (၂၄)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ပါတယ်။


တိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

-------------------

၅။ အီတလီနိုင်ငံ ရောမမြို့၌ မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းစေရန် NO TIME LEFT ခေါင်းစဥ်ဖြင့် အထွေထွေညီလာခံအား ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကိုယ်တိုင် တက်ရောက်ဆွေးနွေးသွားမယ်

============

ဇွန်လ၁၂

အီတလီနိုင်ငံ ရောမမြို့၌ မြန်မာနိုင်ငံတွင်းစစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းစေရန် NO TIME LEFT ခေါင်းစဥ်ဖြင့် အထွေထွေညီလာခံအား ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကိုယ်တိုင် တက်ရောက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။


ဇွန်လ ၂၁ ရက်နေ့၊ နေ့လယ် ၂ နာရီအချိန်တွင် အီတလီနိုင်ငံ ရောမမြို့၌ မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းစေရန် NO TIME LEFT ခေါင်းစဥ်ဖြင့် အထွေထွေညီလာခံကြီးကို ကျင်းပသွားမှာ ဖြစ်ပါတယ်။


မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ နည်းဗျူဟာများနှင့် ရည်မှန်းချက်များအကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် CTUM လက်ထောက်အတွင်းရေးမှူး ဒေါ်စန္ဒာစိုး၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အဖွဲ့ဝင်၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီဥက္ကဌ ဦးခွန်းမြင့်ထွန်းတို့မှ အသီးသီး ပါဝင်ဆွေးနွေးသွားကြမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကိုယ်တိုင် တက်ရောက်ဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။


ညီလာခံကို အီတလီ - မြန်မာ အတူတကွ Italia - Birmania Insieme အဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးလေ့လာခြင်းစင်တာ နှင့် BASE အဖွဲ့အစည်းတို့မှ ပူးပေါင်းစီစဥ်ကာ ရောမမြို့စည်ပင်သာယာရေးကော်မတီနှင့် ဥရောပ မြေထဲပင်လယ်ဒေသ ဖလှယ်ဆွေးနွေးခြင်း ကွန်ရက်တို့မှ ပံ့ပိုးထောက်ခံကာ ကျင်းပမှာဖြစ်တယ်လို့ဆိုပါတယ်။

-------------------

၆။ ကရင်နီလူငယ်တွေ တော်လှန်ရေးကြီးထဲမှာပဲ အဆုံးမသိ ကာလရှည်ကြာနစ်မျောပြီး ပျောက်ဆုံးသွားတာမျိုးကိုလုံး၀ မဖြစ်စေချင်ဘူးလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဆို

============

ဇွန်လ၁၂ရက်

ကရင်နီလူငယ်တွေတော်လှန်ရေးကြီးထဲမှာပဲ အဆုံးမသိ ကာလရှည်ကြာနစ်မျောပြီး ပျောက်ဆုံးသွားတာမျိုးကိုလုံး၀ မဖြစ်စေချင်ဘူးလို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဥက္ကဌ ခူဦးရယ်က ပြောပါတယ်။


ဇွန်လ၁၂ရက်နေ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမိတ်ဆက်ခြင်းမှာ ဥက္ကဌခူဦးရယ်က ဆိုပါတယ်။


"ကျနော်တို့အမျိုးသားကရင်နီလူငယ်တွေ … ဒီတော်လှန်ရေးကြီးထဲမှာပဲ အဆုံးမသိ ကာလရှည်ကြာနစ်မျောပြီး မိမိတို့ဘ၀အိမ်မက် မျှော်လင့်ချက်ပန်းတိုင်များ ပျောက်ဆုံးသွားတာမျိုးကိုလုံး၀ မဖြစ်စေချင်ပါဘူး။ ဒီအချက်တွေကြောင့် စိန်ခေါ်မှုပေါင်းမျာစွာ ကြားကနေပဲ ဒီအုပ်ချုပ်ရေးကောင်စီကို အစပြုလိုက်ရတာလည်းဖြစ်ပါတယ်"လို့ဆိုပါတယ်။


ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို  ဥက္ကဌ - ခူးဦးရယ်(KNPP)၊ ဒုဥက္ကဌ - ခွန်းဘီထူး(KNDF)၊ အထွေထွေအတွင်းရေးမှူ - ခူးပလုရယ် ၊ တွဲဖက်အတွင်းရေးမှူး(၁) - ဇူးပဒုမ္မာ၊

တွဲဖက်အတွင်းရေးမှူး(၂) - ဗညားခွန်အောင်၊ ဘဏ္ဌာရေးမှူး - မော်ဖိုးမြာ တို့နဲ့ စတင်ဖွဲ့စည်းလိုက်ပါတယ်။

-------------------

၇။ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ မတရားမီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရသော ကျေးရွာတစ်ရွာမှ အိမ်ထောင်စု (၁၄၁) စုအတွက် "ချစ်ချစ်ခင်ခင် မိသားစု " (ဂျပန်) နှင့် မြို့နယ် ပကဖ တို့ပူးပေါင်း၍ အိုးခွက်ပန်းကန်များကူညီပံ့ပိုး

==============

ဇွန်လ၁၂ရက်

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ မတရားမီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရသော ကျေးရွာတစ်ရွာမှ အိမ်ထောင်စု (၁၄၁) စုအတွက် "ချစ်ချစ်ခင်ခင် မိသားစု " (ဂျပန်) နှင့် မြို့နယ် ပကဖ တို့ပူးပေါင်း၍ အိုးခွက်ပန်းကန်များ ကူညီပံ့ပိုးပေးခဲ့ပါတယ်လို့ ဇွန်လ၁၂ရက်မှာ ချောင်းဦးမြို့နယ် ပကဖကအသိပေးဆိုပါတယ်။


ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ မတရားမီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရသော ကျေးရွာတစ်ရွာမှ အိမ်ထောင်စု (၁၄၁) စုအတွက် "ချစ်ချစ်ခင်ခင် မိသားစု "(ဂျပန်)နှင့် မြို့နယ် ပကဖ တို့ပူးပေါင်း၍ တစ်အိမ်ထောင်လျှင် ဒန်အိုးကြီး(၁)လုံး၊ ဒယ်အိုး(၁)လုံး၊ စတီးဇွန်း (၁)ဒါဇင်၊ ထမင်းစားစတီးဇလုံ(၃)လုံး နှုန်းစီဖြင့် ဒန်အိုး(၁၄၁)လုံး၊ ဒယ်အိုး(၁၄၁)လုံး၊ စတီးဇွန်း(၁၄၁)ဒါဇင် နှင့် ထမင်းစားစတီးဇလုံ (၅၆၆)လုံးတို့အား ပေးအပ်ကူညီခဲ့ပါတယ်"လို့ဆိုပါတယ်။


မြို့နယ် ပကဖ အနေဖြင့် မြို့နယ်၏ ကာကွယ်ရေးလုပ်ငန်းများသာမက စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ခြင်း၊ အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သောကျေးရွာများကို စွမ်းနိုင်သမျှ ကူညီစောင့်ရှောက်ခြင်းများကို အလှူရှင်များ ဒေသခံပြည်သူများနှင့် လက်တွဲ ဆောင်ရွက်လျှက်ရှိတယ်လို့ဆိုပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ တစ်နိုင်ငံလုံးမှာ အိုးအိမ်ပေါင်းခြောက်သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

-------------------

၈။ မြိုင်မြို့နယ်မှာ စကစနဲ့ပျူကားများကို မြိုင်ပကဖနဲ့ ကာကွယ်ရေးတပ်များ တိုက်ခိုက်၍ ထိခိုက်သေဆုံးသူများရှိ

=============

ဇွန်လ၁၂ရက်

မြိုင်မြို့နယ်မှာ စကစနဲ့ ပျူကားများကို မြိုင်ပကဖနဲ့ ကာကွယ်ရေးတပ်များတိုက်ခိုက်၍ ထိခိုက်သေဆုံးသူများရှိတယ်လို့ သတင်းရရှိပါတယ်။


ဇွန်လ၁၂ရက်နံနက် ၀၇ ၁၉မိနစ်အချိန်တွင်တစ်ကြိမ်၊ နေ့ခင်း၂နာရီ ၄၅မိနစ်တွင်တစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ ကအတည်ပြုဆိုပါတယ်။


ဇွန်လ၁၂ရက်နံနက် ၀၇၁၉မိနစ်အချိန်တွင် စက်မှု၂ ဘက်မှလာသော စကစတပ်နဲ့ ပျူ ကားနှစ်စီးအား မြိုင်မြို့တောင်ဘက် ကျည်းပင်ကန်ရွာအနီးအရောက်တွင်  မိုင်းသုံးလုံးပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် နောက်မှပါလာသော ယာဉ်တစ်စီး မိုင်းထိ၍ ယာဉ်ပေါ်ပါလာသော စကစတပ်ဖွဲ့ဝင်တစ်ဦးမိုင်းထိမှန်ပြီး စကစ တပ်များက မြိုင်ဆေးရုံပို့ဆောင်ကြတယ်"လို့ဆိုပါတယ်။


ထို့နောက် နေ့ခင်း၂နာရီ ၄၅မိနစ်တွင် မြိုင်မြို့ဘက်မှ စကစကား တစ်စီး ရိက္ခာကားတစ်စီး စက်မှု၂ဘက် သို့ပြန်လည်ထွက်ခွာလာပြီး ရှေ့ပြေးကင်းများမှ ၄၀ မမများလက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်၍ ထွက်ခွာလာရာ ဝက်ကျုံးဆယ် အကျော်တွင် စကစနဲ့ပျူ ၁၈ဦးခန့်ပါ မော်တော်ယာဉ်အား မီတာ၃၀ခန့်အကွာမှ အနီးကပ် ကင်းပုန်းဝပ်၍  အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါဖြစ်စဥ်တွင် စကစဘက်က သုံးဦးထက်မနည်းသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။


၄င်းနောက် မြိုင်မြို့ဘက်မှစကစ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေ၍ ဆုတ်ခွာခဲ့ရာတွင် လက်နက်ကြီးထိမှန်၍ အပြစ်မဲ့ကလေးငယ် ခန့်မှန်းအသက်ရှစ်နှစ်ခန့်ကလေးဉီးခေါင်းတွင် လက်နက်ကြီး ၆၀ မမ ထိမှန်ခဲ့တယ်လို့သိရပါတယ်။

-------------------

အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။

------------------


Share:

No comments:

Post a Comment