၁၃ - ၆ -၂၀၂၃ ( ညပိုင်း ပြည်တွင်းသတင်းများ)



၁၃ - ၆ -၂၀၂၃ ( ညပိုင်း ပြည်တွင်းသတင်းများ)

၁။ကရင်ပြည်နယ်မှာ စစ်ရေးအတွက် လက်နက်ခဲယမ်းများလိုအပ်ချက်ရှိလာတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

၂။စစ်ကောင်စီအပေါ် သံတမန်ရေး၊ စီးပွားရေးဆိုင်ရာ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ပေး‌ရေး နယူးဇီလန်လွှတ်တော်အမတ် Hon. Ms. Vanushi Walters နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး

၃။အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာကျင်းပမည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ အဖြူရောင် တီရှပ်များဝတ်ဆင်၍ ဆင်နွှဲမည်

၄။​မြောင်မြို့နယ်၊ကျောက်ရစ်ရဲစခန်းနှင့် စကစတပ်အထိုင်ချထားသည့်ကျောက်ရစ်ဆေးရုံအား(Shar Htoo wow)နည်းပညာဖြင့် ဒရုန်းများနှင့်ပစ်ခတ်တိုက်ခိုက်

၅။စစ်ကိုင်းတိုင်းက ရွှေဘိုခရိုင် အမှတ် - ၁၇ တပ်ရင်းမှ မြွေပွေးရဲဘော်တွေ အတွက် သိန်းတစ်ထောင်ကမ်ပိန်းစတင်



၁။ကရင်ပြည်နယ်မှာ စစ်ရေးအတွက် လက်နက်ခဲယမ်းများလိုအပ်ချက်ရှိလာတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

============


ကရင်ပြည်နယ်မှာ စစ်ရေးအတွက် လက်နက်ခဲယမ်းများလိုအပ်ချက်ရှိလာတယ်လို့ ဇွန်လအတွင်းကျင်းပတဲ့ (၂၅) ကြိမ်မြောက် နာဂိုယာသင်္ကြန် ပွဲမှ ရရှိသော အလှူငွေနှင့် အလှူရှင်များစုပေါင်း အလှူငွေပေးအပ်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။


"ပြည်သူကို ပြည်သူသာလျှင် အားကိုးပြီး သွားနေရတာပါ။ အခုလို ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ သင်္ကြန်ဖြစ်မြောက်ရေးကော်မတီ မှ နှစ်ရှည်လများ စိတ်ဓာတ်မကျဘဲနဲ့ အလှူငွေများ ကောက်ခံပေးလို့ အထူးပင် ကျေးဇူး တင်ကြောင်း၊ ကရင်ပြည်နယ်မှာ မထင်မှတ်ဘဲနဲ့ တိုက်ပွဲများဖြစ်ပွားပြီး လိုအပ်ချက်တွေ များလာကြောင်း နှုတ်ခန်းနီများနဲ့ ငှက်ပျောဖူးလိုအရာများက တကယ်လိုအပ်တဲ့အရာများ ဖြစ်ကြောင်း၊ အခုလိုအချိန်မျိုးမှာ ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ သင်္ကြန်ဖြစ်မြောက်ရေးကော်မတီ က  လိုအပ်နေသော အလှူငွေများ ပေးလှူပေးလို့ အထူးပင် ကျေးဇူးတင်ရှိကြောင်း"ဆိုခဲ့ပါတယ်။


အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းနှင့်

နိုင်ငံတကာရောက် အဖွဲ့အစည်းများ ပါဝင်သည့် fundraiser များတာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။

-----------------------

၂။စစ်ကောင်စီအပေါ် သံတမန်ရေး၊ စီးပွားရေးဆိုင်ရာ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ပေး‌ရေး နယူးဇီလန်လွှတ်တော်အမတ် Hon. Ms. Vanushi Walters နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး

==================

ဇွန်လ၁၃ရက်


ဇွန်လ၁၂ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ နိူင်ငံတကာဆက်ဆံရေးအ ဖွဲ့မှ အခုလို သတင်းထုတ်ပြန်ခဲ့ပါတယ်။


နယူးဇီလန်လွှတ်တော်အမတ် Hon. Ms. Vanushi Walters နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့သည်ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကောင်စီအပေါ် သံတမန်ရေး၊ စီးပွားရေးဆိုင်ရာ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ပေး‌ရေး၊ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုအပေါ် တိုက်ရိုက်ပံ့ပိုးကူညီမှုများ ပေးအပ်ရေးနှင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် နယ်စပ်ရှိ မြန်မာပြည်သူများအား နိုင်ငံရေးခိုလှုံခွင့်ပေးအပ်ရေး အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်နိုင်ရေး နယူးဇီလန်အစိုးရအား တိုက်တွန်းပေးရန် CRPH လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုဆွေးနွေးခဲ့ပါတယ်။


နယူးဇီလန်အမတ်မှ CRPH နှင့် လွှတ်တော်ကိုယ်စားလှယ်များအား အကူအညီပေးအပ်နိုင်ရေးအပါအဝင် အစိုးရအား ဆောင်ရွက်ရန်တိုက်တွန်းချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကာ ဆက်လက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားနိုင်ရန် တွေ့ဆုံချိတ်ဆက်မှုများအား စဉ်ဆက်မပြတ် ပြုလုပ်သွားရန် သဘောတူညီခဲ့ကြပါတယ်။ 


ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး မိုင်းလမင်းထွန်း၊ (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံသို့ တက်ရောက်ခဲ့သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။

-------------------

၃။အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာကျင်းပမည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါ အဖြူရောင် တီရှပ်များဝတ်ဆင်၍ ဆင်နွှဲမည်

===========

ဇွန်လ၁၃


ဇွန်လ၁၃ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အစီအစဥ်နဲ့ပတ်သက်လို့ အခမ်းအနားကျင်းပရေးအဖွဲ့ NYCBCကအမှုဆောင် ဦးနေတင်မြင့်က Radio NUG ကိုယခုလိုပြောကြားထားပါတယ်။


 ((((((ဦးနေတင်မြင့်-NYCBCကအမှုဆောင် )))))


အခမ်းအနားအစီအစဉ်အရ ဘာသာကြီးလေးခုမှဆုတောင်းမေတ္တာပို့သခြင်း၊ ဖိတ်ကြားထားသောအထူးဧည့်သည်တော်များမှအမေစုနဲ့ပက်သက်၍အမှတ်တရစကားပြောကြားခြင်း၊အမေစုနဲ့တိုက်ပွဲဝင်ပြည်သူအားလုံးအတွက်ခွန်အားဖြည့်သီချင်းများနဲ့ဖျော်ဖြေခြင်း၊ မွေးနေ့ကိတ်ခွဲပြီးအားလုံးအတွက်ဆုမွန်ကောင်းတောင်းဆိုမှာဖြစ်ပါတယ်။


ဆက်လက်ပြီးတော့လည်း "ဇွန်လ၂၄ရက်နေ့တွင် New York City မြို့တွင် မြန်မာပြည်၏အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) ဌာနအသီးသီး၏ဝန်ကြီးများဖြစ်သော ဒေါက်တာဇော်ဝေစိုး၊ ဦးထင်လင်းအောင်တို့နှင့်တကွ၊ မြန်မာပြည်ကိုယ်စားပြု (UN) အမြဲတမ်းသံအမတ်ကြီးဦးကျော်မိုးထွန်းတို့သည် နယူးယောက်မြို့ရှိ နွေဦးတော်လှန်ရေးမောင်နှမများနှင့်နွေးထွေးစွာတွေ့ဆုံသွားမှာဖြစ်ပြီး တက်ရောက်လာသည့်ပြည်သူများမှမေးမြန်းဆွေးနွေးနိုင်ရန် စီစဥ်ထားကာ နယ်ပယ်အသီးသီးတွင်ကျရာနေရာမှတိုက်ပွဲဝင်နေကြသော တော်လှန်ရေးအင်အားစုများ၊ တော်လှန်ရေးရဲဘော်များအား NYCBC မှဖိတ်ကြားထားတယ်လို့သိရပါတယ်။

---------------------

၄။​မြောင်မြို့နယ်၊ကျောက်ရစ်ရဲစခန်းနှင့် စကစတပ်အထိုင်ချထားသည့်ကျောက်ရစ်ဆေးရုံအား(Shar Htoo wow)နည်းပညာဖြင့် ဒရုန်းများနှင့်ပစ်ခတ်တိုက်ခိုက်

===========

ဇွန်လ၁၃


စစ်ကိုင်းတိုင်း၊ ​မြောင်မြို့နယ်၊ကျောက်ရစ်ရဲစခန်းနှင့် စကစတပ်အထိုင်ချထားသည့်ကျောက်ရစ်ဆေးရုံအား(Shar Htoo wow)နည်းပညာကိုအသုံးပြု၍ ဒရုန်းများနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ၁၃ရက်မှာ(MSPDF)မြောင်က အသိပေးဆိုပါတယ်။


ဇွန်လ၁၂ရက် မနက် ၆နာရီ(၂၃ )အချိန်တွင် စစ်ကိုင်းခရိုင်၊မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းအား MSDF မှဦးဆောင်၍ (450g)  ဗုံးသီး ၂လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ် အထိုင်စွဲထားသော  ကျောက်ရစ်ဆေးရုံကို( 450g )ဗုံးသီး၁လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိုသို့ကြဲချတိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးထို့နောက် စခန်းပြင်ဘက်သို့ စစ်ကြောင်းထွက်၍လိုက်လံစစ်ဆေးခဲ့တယ်လို့သိရပါတယ်။


စကစဘက်မှထိခိုက်ဒဏ်ရာ ရရှိမှုကို ဆက်လက်ဆုံစမ်းဆဲဖြစ်ပြီးစစ်ဆင်ရေးကို ချင်းတွင်းတပ်ပေါင်းစု၊CHU -PDF၊မိတ္တီလာခရိုင်တပ်ရင်း (၃)တို့မှပူးပေါင်းစစ်ဆင်ခဲ့တယ်လို့ဆိုပါတယ်။

--------------------

၅။စစ်ကိုင်းတိုင်းက ရွှေဘိုခရိုင် အမှတ် - ၁၇ တပ်ရင်းမှ မြွေပွေးရဲဘော်တွေ အတွက် သိန်းတစ်ထောင်ကမ်ပိန်းစတင်

=============

ဇွန်လ၁၃


စစ်ကိုင်းတိုင်းက ရွှေဘိုခရိုင် အမှတ် - ၁၇ တပ်ရင်းမှ မြွေပွေးရဲဘော်တွေ အတွက် သိန်းတစ်ထောင်ကမ်ပိန်းစတင်နေပြီလို့ ဇွန်လ၁၂ရက်မှာ OFP fundraiser အဖွဲ့က ကမ်ပိန်းနဲ့ပတ်သက်လို့အသိပေးဆိုပါတယ်။


"စစ်ကိုင်းတိုင်းက ရွှေဘိုခရိုင် အမှတ် - ၁၇ တပ်ရင်းမှ မြွေပွေးရဲဘော်တွေ အတွက် သိန်းတစ်ထောင်ကမ်ပိန်း ကို ဇွန်လ ၁၀ ရက်နေ့မှ စတင်နေပြီဖြစ်ပါတယ်။OFP fundraiser အဖွဲ့ဖြစ်တဲ့ Burma Spring Revolution - Utica အဖွဲ့နဲ့ တော်လှန်ပြည်သူတွေနဲ့ မစိမ်းတဲ့ တော်လှန် ကောမစ် V 2.0 တို့က ပူးပေါင်းပါဝင် စီစဉ်ပြီး နိုင်ငံတကာ OFP fundraiser များမှ ကူညီကောက်ခံပေးနေတာဖြစ်ပါတယ်"လို့ဆိုပါတယ်။


အညာမြေက ရဲဘော်တွေကို ကူညီဖို့ "မြွေပွေးတစ်ထောင်ကမ်ပိန်း" ကို မိမိတို့ တတ်နိုင်သလောက်ပါဝင်နိုင်ကြဖို့တိုက်တွန်းထားပြီး လှူဒါန်းမှုတိုင်းအတွက် ကျေးဇူးတင်လွှာများကို email ပြန်လည်ပို့ပေးနေတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။


Share:

No comments:

Post a Comment