(၁၄-၆-၂၀၂၃) မနက်ခင်း ပြည်တွင်းသတင်းများ

 



(၁၄-၆-၂၀၂၃) မနက်ခင်း ပြည်တွင်းသတင်းများ

၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ပညာရေးကဏ္ဍ ပိုမိုတိုးမြှင့်ဖော်ဆောင်နိုင်စေရန် လုပ်ငန်းစဥ်များအား ညှိနှိုင်းဆွေးနွေး


၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ပညာရေးကဏ္ဍ ပိုမိုတိုးမြှင့်ဖော်ဆောင်နိုင်စေရန် လုပ်ငန်းစဥ်များအား ညှိနှိုင်းဆွေးနွေး

၂။ လက်ရုံးရည်၊ နှလုံးရည်နဲ့ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားတဲ့ ပြည်သူတွေ ထကြွ ကြရင် ဘယ်အာဏာရှင်မှ မခံနိုင်ဘူးလို့ ဆို

၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

၄။ NUG က အထက်အမိန့်နဲ့ လုပ်တာမရှိဘဲ အောက်ခြေနဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ သွားနေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို

၅။ "NUGရဲ့ ကြားကာလဗဟိုဘဏ်၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ်Mr. Sean Turnell အား ခန့်အပ်တာဝန်ပေး

၆။ ဇွန်လ ပထမနှစ်ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၈) ဦးနှင့် အမျိုးသား (၃၇) ဦး  သေဆုံးခဲ့

၇။ ကန့်ဘလူခရိုင်၊ ချပ်သင်းတိုက်နယ်အတွင်းမှ စစ်ရှောင်တဲများကို အကြမ်းဖက်စကစတပ် လက်အောက်ရှိ ခမရ-၃၆၁နှင့် ပျူပူးပေါင်းစစ်ကြောင်းက မီးရှို့သွားခဲ့

၈။ မြိုင်မြို့နယ် ကန်နီရွာရှိ စကစတပ်များရှိရာ အလှူမင်္ဂလာ အခမ်းအနားသို့ ဒရုန်းနဲ့တိုက်ခိုက်

၉။ မြန်မာ-အမေရိကန် လူငယ်များနှင့် ကယ်လီဖိုးနီးယား လွှတ်တော်အမတ်များ တွေ့ဆုံ


========================

ဇွန်လ၁၃ရက်

ပညာရေးကဏ္ဍ ပိုမိုတိုးမြှင့်ဖော်ဆောင်နိုင်စေရန် လုပ်ငန်းစဥ်များအား ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ ဇွန်လ ၁၃ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီCRPHက အသိပေးဆိုပါတယ်။


ပညာရေးကော်မတီသည် ပညာရေးကဏ္ဍ ပိုမိုတိုးမြှင့်ဖော်ဆောင်နိုင်စေရန် လိုအပ်သည့်အထောက်အပံ့များ ရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ ပြည်သူ့ရေးရာကော်မတီနှင့် ဇွန်လ ၁၂ ရက်မှာ ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံပွဲတွင် ပညာရေးကော်မတီဥက္ကဋ္ဌက CDM ဆရာ၊ ဆရာမများ၊ Volunteer ဆရာ၊ ဆရာမများအတွက် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ မြှင့်တင်ပံ့ပိုးနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ကူညီပံ့ပိုးမှုများရရှိနိုင်ရန် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများအတွက် ယခုကဲ့သို့ ဆွေးနွေးညှိနှိုင်းခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် နိုင်ငံတကာအဆင့်မီသင်တန်းများ အကောင်အထည်ဖော်ဆောင်ပေးနိုင်ရေး၊ လိုအပ်သည့် အထောက်အပံ့များ ပေးအပ်နိုင်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများဆိုင်ရာ ကိစ္စရပ်များအပေါ်   ပြည်သူ့ရေးရာကော်မတီ၊ အဖွဲ့ဝင်များထံမှ အကြံဉာဏ်များ ဆွေးနွေးရယူခဲ့တယ်လို့သိရပါတယ်။


တွေ့ဆုံပွဲသို့ ပညာရေးကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။

-------------------

၂။ လက်ရုံးရည်၊ နှလုံးရည်နဲ့ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားတဲ့ ပြည်သူတွေ ထကြွ ကြရင် ဘယ်အာဏာရှင်မှ မခံနိုင်ဘူးလို့ ဆို

=============

ဇွန်လ၁၃ရက်

လက်ရုံးရည် ၊နှလုံးရည် နဲ့ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားတဲ့ ပြည်သူတွေ ထကြွ ကြရင် ဘယ် အာဏာရှင်မှ မခံ နိုင်ဘူးလို့ ဇွန်လ၁၃ရက်မှာ NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က လူမှုကွန်ရက်မှာ ရေးသားဆိုထားပါတယ်။


"အသိ ဉာဏ်မြင့်မားတဲ့ ၊ လက်ရုံးရည် - နှလုံးရည်နဲ့ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားတဲ့ ပြည်သူတွေ ထကြွ ကြရင် ဘယ်အာဏာရှင်မှမခံနိုင်ဘူး ။ နောက်ဆုံး တိုက်ပွဲအတွက် -ထပ်ကြွေးကြော် အားမွေးထားကြရအောင်"လို့ ဝန်ကြီးကဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိူင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။

-------------------

၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

=============

ဇွန် လ   ၁၃  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၁/၂၀၂၃)ကို ဇွန်လ ၁၃ရက်မှာ အွန်လိုင်းကတဆင့် ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းနှင့် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီတို့မှ အမှာစကားအသီးသီး ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း‌ပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်။


အလားတူ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းတက်ရောက်ခဲ့ပါတယ်။ အဆိုပါတွေ့ဆုံအစည်းအဝေး (၂၃/၂၀၂၃)ကို ဇွန်လ ၁၂ရက်နေ့က ကျင်းပခဲ့ပြုလုပ်ခဲ့ပြီး အစည်းအဝေးမှာ တက်ရောက်လာသော ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး‌‌ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။

-------------------

၄။ NUG က အထက်အမိန့်နဲ့ လုပ်တာမရှိဘဲ အောက်ခြေနဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ သွားနေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို

===========

ဇွန်လ၁၃ရက်

NUG က အထက်အမိန့်နဲ့ လုပ်တာမရှိဘဲ အောက်ခြေနဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ သွားနေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဇွန်လ၁၃ရက်မှာဆိုပါတယ်။


"နယ်တကာလှည့်၊ ရောက်ရာအရပ်မှာ “ဟုတ်ကဲ့ အဘ အားလုံး အဆင်ပြေတယ်” ဆိုတဲ့ အစီရင်ခံမှုတွေမှာ သာယာနေတဲ့ ဗိုလ်ချုပ်တွေအောက်မှာ ဖွတ်ဖွတ်ကြေနေတဲ့ နိုင်ငံတစ်ခုဟာ အရင်းအနှီးကြီးမားတဲ့ သာဓကတစ်ခုပါ။ ဒီလို ဘဝမျိုးကလွတ်မြောက်ဖို့ အခု တော်လှန်နေကြတာဖြစ်တယ်။ NUG က အထက်အမိန့်နဲ့ လုပ်တာမရှိဘူး၊ အောက်ခြေနဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ သွားနေတာဖြစ်တယ်။ ပူးပေါင်းပါဝင်ဖို့ပဲ လိုတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်း လျှောက်လှမ်းနေပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

-------------------

၅။ "NUGရဲ့ ကြားကာလဗဟိုဘဏ်၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ်Mr. Sean Turnell အား ခန့်အပ်တာဝန်ပေး

============

ဇွန်လ၁၃

"NUGရဲ့ ကြားကာလဗဟိုဘဏ်၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ်Mr. Sean Turnell အားခန့်အပ် တာဝန်ပေးလိုက်တယ်လို့ သိရပါတယ်။


ဇွန်လ၁၃ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်က အမိန့်အမှတ် ၁/၂၀၂၃ကို အသိပေးကြေညာခဲ့ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဥပဒေကဲ့သို့အာဏာတည်သော အမိန့် (၁/၂၀၂၃) အရ အပ်နှင်းထားသော အခွင့်အာဏာကို ကျင့်သုံး၍ Mr. Sean Turnell အား ကြားကာလဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။


Mr. Sean Turnellဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးတာဝန်ယူခဲ့သူတစ်ဦးလည်းဖြစ်ပြီး စစ်ကောင်စီက ၂၀၂၂ခု နှစ်နိုဝင်ဘာ ၁၇ရက်မှာ အကြမ်းဖက်စစ်ကောင်စီက အကျဥ်းချထားရာကနေ ပြန်လည်လွတ်မြောက်လာသူလည်းဖြစ်ပါတယ်။

-------------------

၆။ ဇွန်လ ပထမနှစ်ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၈) ဦးနှင့် အမျိုးသား (၃၇) ဦး  သေဆုံးခဲ့

============

ဇွန်လ၁၃ရက်


ဇွန်လ ပထမနှစ်ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၈) ဦးနှင့် အမျိုးသား (၃၇) ဦး  သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော အချက်အလက်ကို ဇွန်လ၁၃ရက်မှာ အသိပေးဖော်ပြပါတယ်။


" ဇွန်လ ပထမနှစ်ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၈) ဦးနှင့် အမျိုးသား (၃၇) ဦး စုစုပေါင်း (၄၅) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၂၁) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေပါတယ်။ ဇွန်လ ၁၀ ရက်နေ့၊ နံနက် ၇ နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပိတောက်ပင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်း၍ ဒေသခံ ကိုသိန်းဝင်းအား ပစ်ခတ်သတ်ဖြတ်ခဲ့တယ်။


ထို့ပြင် နိုင်ငံတဝန်း ဖမ်းဆီးခံရမှုအနေဖြင့် အမျိုးသမီး (၉) ဦးနှင့် အမျိုးသား (၄၇) ဦး စုစုပေါင်း (၅၆) ဦးရှိပြီး စစ်ကိုင်းတိုင်း၌ နှစ်ပတ်အတွင်း ဖမ်းဆီးခံရသူမှာ စုစုပေါင်း (၁၉) ဦး ရှိကာ  ထို (၁၉) ဦးအနက် (၃) ဦးမှာ အမျိုးသမီးများဖြစ်ပြီး (၁၆) ဦးမှာ အမျိုးသားများဖြစ်တယ်လို့သိရပါတယ်။

-------------------

၇။ ကန့်ဘလူခရိုင်၊ ချပ်သင်းတိုက်နယ်အတွင်းမှ စစ်ရှောင်တဲများကို အကြမ်းဖက်စကစတပ် လက်အောက်ရှိ ခမရ-၃၆၁နှင့် ပျူပူးပေါင်းစစ်ကြောင်းက မီးရှို့သွားခဲ့

==============

ဇွန်လ၁၃

ကန့်ဘလူခရိုင်၊ ချပ်သင်းတိုက်နယ်အတွင်းမှ စစ်ရှောင်တဲများကို အကြမ်းဖက်စကစတပ်လက်အောက်ရှိ ခမရ-၃၆၁နှင့် ပျူပူးပေါင်းစစ်ကြောင်းက မီးရှို့သွားခဲ့တယ်လို့ ဇွန်လ ၁၃ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အသိပေးဆိုပါတယ်။


ကန့်ဘလူခရိုင်၊ ချပ်သင်းတိုက်နယ် ဇင်းကျေးရွာအနီး တနယ်ကြီးကွင်း(အရပ်အခေါ်)အတွင်းရှိ စစ်ရှောင်တဲများကို အကြမ်းဖက်စကစတပ်လက်အောက်ရှိ ခမရ-၃၆၁နှင့်ပျူပူးပေါင်းစစ်ကြောင်းက မီးရှို့သွားခဲ့တယ်လို့သိရပါတယ်လို့ ဆိုပါတယ်။


ခမရ-၃၆၁နှင့် ပျူပူးပေါင်းစစ်ကြောင်း အကြမ်းဖက်မီးရှို့ခဲ့မှုကြောင့် တနယ်ကြီးကွင်းအတွင်းရှိ စစ်ရှောင်တဲ ၉လုံး၊ ကျွဲတရှင်း ၊ ဆန်တင်း(၆၀)နှင့် ဝက်တကောင် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတာဝန်ရှိသူတွေကဆိုပါတယ်။


၄င်းအပြင် ခမရ-၃၆၁ စစ်ကြောင်းဟာ ကတ္တာကျေးရွာမှ ပြည်သူပိုင်နေအိမ်တလုံးကိုလည်း ဇွန်လ ၁၂ရက်ညနေပိုင်းမှာ မီးရှို့ဖျက်စီးခဲ့တယ်လို့သိရပါတယ်။

-------------------

၈။ မြိုင်မြို့နယ် ကန်နီရွာရှိ စကစတပ်များရှိရာ အလှူမင်္ဂလာ အခမ်းအနားသို့ ဒရုန်းနဲ့တိုက်ခိုက်

=============

ဇွန်လ၁၃ရက်

မြိုင်မြို့နယ် ကန်နီရွာရှိ စကစတပ်များရှိရာ အလှူမင်္ဂလာ အခမ်းအနားသို့ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ၁၃ရက်မှာ မြိုင် ပကဖက စစ်ရေးသတင်းကို အသိပေးဆိုပါတယ်။


"မြိုင် ပကဖ Drone တပ်ရင်း/တပ်ရင်း-၁ တပ်ခွဲ-၁ ခရိုင်တပ်ရင်း-၆ တို့ ပူးပေါင်းကာဇွန်လ ၁၃ရက် မနက် ၇ နာရီခွဲခန့် ကန်နီရွာရှိ စကစမင်္ဂလာဆောင်အား Drone & Rocket Mission ပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


မြိုင်ပကဖ Drone တပ်ရင်းမ 2 Kg Drop Bomb ၁ဖူး၊ ၄၅၀- ၅ ဖူး / ခရိုင်တပ်ရင်း-၆မှ Rocket ၁၀ ဖူး/တပ်ရင်း-၁တပ်ခွဲ-၁ မှ ၆၀ မမ များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။


 စကစနဲ့ပျူများမှ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ဘက်တော်သားများ ထိခိုက်ခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။

-------------------

၉။ မြန်မာ-အမေရိကန် လူငယ်များနှင့် ကယ်လီဖိုးနီးယား လွှတ်တော်အမတ်များ တွေ့ဆုံ

=============

ဇွန်လ၁၃ရက်


မြန်မာ-အမေရိကန် လူငယ်များနှင့် ကယ်လီဖိုးနီးယား လွှတ်တော်အမတ်များ တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဇွန်လ၁၂ရက် မြန်မာနိုင်ငံနေ့ ( Burma Day Event )အဖြစ် အမေရ်ိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြို့တော် Sacramento မြို့ရှိ ပြည်နယ်လွှတ်တော် အဆောက်အဦးတွင် မြန်မာ-အမေရိကန် လူငယ်များနှင့် ကယ်လီဖိုးနီးယား လွှတ်တော်အမတ်များ တွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။


တွေ့ဆိုပွဲတွင် ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ် Senator Benjamin J Allen နှင့် Senator Dave Cortese တို့လည်း တက်ရောက်ကြပြီး မြန်မာပြည်သူတို့၏ ဒီမိုကရေစီပြန်လည်ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို အားပေးထောက်ခံ၊ အသိအမှတ်ပြုကြောင်း မြန်မာပြည်တွင်းမှ မြန်မာပြည်သူများသာမက ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြသော ကယ်လီဖိုးနီးယားရှိမြန်မာများ ပြည်ပရောက်မြန်မာများနှင့်ပါ အတူရပ်တည်လျက်ရှိနေပါကြောင်း စသဖြင့် အားပေး စကားများပြောကြားပေးခဲ့ပါတယ်။


အမေရိကန် အုပ်ချုပ်ရေးစနစ်တွင် မြန်မာလူငယ်တွေ ပါဝင်လာရန်နှင့် မြန်မာနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို အမေရိကန်များအား အသိပေးရန် ရည်ရွယ်တွေ့ဆုံခြင်း ဖြစ်သည်ဟု တွေ့ဆုံပွဲ စီစဉ်သူများကဆိုပါတယ်။


ထိုတွေ့ဆုံပွဲကို Sacramento မြို့၊ ဆန်ဖရန်စ္စကို ပင်လယ်အော်ဒေသတဝိုက်နှင့် ပြည်နယ်တောင်ပိုင်း လော့အိန်ဂျလိစ်မြို့မှ မြန်မာ-အမေရိကန်လူငယ်များနှင့်မိသားစု ( ၇၀) ခန့် တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

-------------------

အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။

------------------


Share:

No comments:

Post a Comment