Radio NUG - (၁၅-၆-၂၀၂၃) မနက်ခင်း ပြည်တွင်းသတင်းများ



 (၁၅-၆-၂၀၂၃) မနက်ခင်း ပြည်တွင်းသတင်းများ

၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ်စနစ်ကို စံတန်ဖိုးအနေနဲ့ အခြေပြု တည်ဆောက်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြော

၂။ မိုးဗြဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအား ပြင်းပြင်းထန်ထန်ရှုတ်ချ

၃။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းအပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် International Trade Union Confederation (ITUC)နှင့်တွေ့ဆုံ

၄။ လူ့အခွင့်အရေးချိုးဖောက်ခံရမှု စာရင်းများအား တိုင်းနှင့်ပြည်နယ်အလိုက်သာမက မြို့နယ်အလိုက် ပိုမိုချိတ်ဆက်ဖြည့်သွင်းနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် CRPHကော်မတီတို့ အကြား ညှိနှိုင်းဆုံးဖြတ်ခဲ့

၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

၆။ မင်းအောင်လှိုင်နဲ့ စစ်အုပ်စု ကျရှုံးနေပြီဆိုတာ ကမ္ဘာ သိမြင်နေပြီလို့ဆို

၇။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်မြောက်မွေးနေ့တွင် လွတ်မြောက်ရေးနှင့်ငြိမ်းချမ်းရေး ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံမှာကျင်းပမယ်

၈။ Bant Two မှ ထုတ်လုပ်ထားသော M4ကာဘိုင် လက်လုပ်အောင်မြင်စွာ ထုတ်လုပ်နိုင်

၉။ ခင်ဦးမြို့နယ် ကံသစ်ရွာကို စကစတပ်များက ထပ်မံမီးရှို့ဖျက်ဆီး

၁၀။ အကြမ်းဖက်စစ်တပ်က အာဏာလုယူပြီး နှစ်နှစ်ကျော်ကာလအတွင်း သေဆုံးခဲ့တဲ့ အရပ်သားရှစ်ထောင်ကျော်ရှိခဲ့ပြီး နှစ်ထောင်ကျော်ဟာ ဆန္ဒပြပွဲအတွင်း ပစ်ခတ်ခံရမှုနဲ့ စစ်ကောင်စီက ဖမ်းဆီးထားစဉ် သေဆုံးခဲ့ရသူတွေ ဖြစ်


၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ်စနစ်ကို စံတန်ဖိုးအနေနဲ့ အခြေပြု တည်ဆောက်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြော

===============

ဇွန်လ၁၄

ဇွန်လအတွင်း ကရင်နီပြည်နယ်၊ ကြားကာလ အုပ်ချုပ်ရေးကောင်စီ တရားဝင် မိတ်ဆက်ကြေညာခြင်း အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက အခုလို ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ဖက်ဒရယ်စနစ်ကို စံတန်ဖိုးအနေနဲ့ အခြေပြု တည်ဆောက်နေတာ ဖြစ်ခြင်းကြောင့် ယခု ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက် ကြီးစွာသော အထောက်အပံ့ကောင်း ဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် အနာဂတ်ဖက်ဒရယ်နိုင်ငံသစ်အတွက် ကရင်နီပြည်နယ်ဟာ အရေးကြီးသော ဗဟိုချက်တစ်ခုအနေနဲ့ ပါဝင်နေလိမ့်မယ်လို့ ပြောချင်ပါတယ်။ ကရင်နီပြည်နယ်ရဲ့ ကြားကာလ အုပ်ချုပ်ရေး ကောင်စီဟာ တခြားသော ပြည်နယ်တွေရဲ့ စံနမူနာဖြစ်စေဖို့ မျှော်လင့်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အလားတူ ဖြစ်ပေါ်လာမယ့် ကြားကာလ အုပ်ချုပ်ရေးကောင်စီတွေနဲ့လည်း ပိုမိုစုစည်းညီညွတ်စွာ ပေါင်းစည်း လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ယာယီသမ္မတကပြောပါတယ်။

-------------------

၂။ မိုးဗြဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအား ပြင်းပြင်းထန်ထန်ရှုတ်ချ

==============

ဇွန်လ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့အနီးတဝိုက်မှာ အပြစ်မဲ့ ရွာသား ၂၆ ဦးကို ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်အား ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ ဇွန်လ၁၄ရက်မှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။


"မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့အနီးတဝိုက်မှာ အပြစ်မဲ့ ရွာသား ၂၆ ဦးကို ရက်ရက်စက်စက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်မှ ၈ ရက်အတွင်း မြောက်ဘက်ပိုင်း မိုးဗြဲမြို့ စေတီတော်အနီးတွင် ရွာသား ၁၄ ဦးမှာ စစ်ကောင်စီ၏ မညှာမတာ အစုလိုက်အပြုံလိုက် ပစ်သတ်ခြင်းခံခဲ့ရသည်။ ထို့အပြင် တချိန်တည်းမှာပင် မိုးဗြဲမြို့ အနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီ​၏ မော်တာ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၂ ဦး ထပ်မံ အသက်ဆုံးရှုံးခဲ့ရပါတယ်"လို့ဆိုပါတယ်။


လူမျိုးတုံး အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် အကြမ်းဖက်စစ်ဏာရှင်များသည် ၎င်းတို့၏ လူသားမျိုးနွယ်အပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများအတွက် တာဝန်ခံရမှာဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းများ၊ သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ မြန်မာနိုင်ငံ​၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အဆုံးသတ်ရန်နှင့် ကျူးလွန်သူများအားတရားမျှတမှုရှိစေရန် ရနိုင်သော နည်းလမ်းအားလုံးကို အသုံးပြု၍ ဆောင်ရွက်ပေးရန်  ထပ်မံတောင်းဆိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကဆိုပါတယ်။

-------------------

၃။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းအပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် International Trade Union Confederation (ITUC)နှင့်တွေ့ဆုံ

===============

ဇွန်လ၁၄ရက်

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ အလုပ်သမားဝန်ကြီးဌာန ၊နိုင်ငံတကာဆက်ဆံရေးအရာရှိ ဦးကျော်စိုးမိုး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် အဖွဲံဝင် ဒေါ်ခိုင်ဇာအောင်တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်  

 အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် International Trade Union Confederation (ITUC) ၏ ကမ္ဘာလုံးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး Owen Tudor၊ ITUC အာရှပစိဖိတ် ဒေသဆိုင်ရာ အထွေထွေအတွင်းရေးမှူးShoya Yoshida တို့နှင့် ဇွန်လ ၁၃ရက်တွင် ဆွစ်ဇလန်နိုင်ငံ ၊ ဂျနီဗာမြို့တွင် တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။


ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ ကျူးလွန်‌နေသည့် လွပ်လပ်စွာ သင်းပင်းဖွဲ့စည်းမှု (Freedom of Association) နှင့် အဓမ္မစေခိုင်းမှုဆိုင်ရာ (Forced Labour) ချိုးဖောက်မှုများကို ILO ၏ Commission of inquiry မှ စုံစမ်းစစ်ဆေးနေမှုတွင် NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ  ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းစဉ်များ၊ ILO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများက NUG ကို မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုမှု ရရှိစေရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု (MLA)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ်( ITUC ) နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရေး၊ ပိုမိုထိရောက်မှုရှိသော စီးပွားရေးပိတ်ဆို့မှုများ လုပ်ဆောင်သွားနိုင်ရေးအပါအဝင် အခြားအရေးယူဆောင်ရွက်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ပါတယ်။

 

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM ကိုယ်စားလှယ်များသည် လုပ်ငန်းကဏ္ဍအလိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ သစ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (BWI) ၏ အထွေထွေအတွင်းရေးမှူး Ambet Yuson  နှင့်အဖွဲ့ ၊ အပြည်ပြည်ဆိုင်ရာ စွမ်းအင် ၊ သတ္တုနှင့် ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (IndustriALL) လက်ထောက်အထွေထွေအတွင်းရေးမှူး Kemal Özkan နှင့်အဖွဲ့ တို့ကို ITUC ကိုယ်စားလှယ်အဖွဲ့ နှင့် အတူ ထပ်မံတွေ့ဆုံခဲ့ပါတယ်။

 

ထိုတွေ့ဆုံဆွေးနွေးမှုတွင် စွမ်းအင်ကဏ္ဍမှ ဝင်ငွေများ စစ်ကောင်စီထံသို့ စီးဝင်နေမှုကို ရပ်တန့်နိုင်ရေး၊ လေယာဉ်ဆီတင်ပို့ရောင်းချမှုကို ပိတ်ပင်တားဆီးနိုင်ရေးအတွက် အာမခံကုမ္ပဏီများမှတဆင့် ကြိုးပမ်း ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံအတွင်းသို့ ငွေကြေး စီးဆင်းမှု ရပ်တန့်နိုင်ရေး အပါအဝင် စီးပွားရေး ပိတ်ဆို့အရေးယူနိုင်ရေးအတွက် အလုပ်သမားသမဂ္ဂများက လုပ်ဆောင်နိုင်မည့်ကိစ္စ ရပ်များကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။

-------------------

၄။ လူ့အခွင့်အရေးချိုးဖောက်ခံရမှု စာရင်းများအား တိုင်းနှင့်ပြည်နယ်အလိုက်သာမက မြို့နယ်အလိုက် ပိုမိုချိတ်ဆက်ဖြည့်သွင်းနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် CRPHကော်မတီတို့ အကြား ညှိနှိုင်းဆုံးဖြတ်ခဲ့

=================

ဇွန်လ၁၄ရက်

ပြည်သူ့ရေးရာကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်းချိတ်ဆက်၍ ပြည်သူများအနေဖြင့် နေ့စဥ်နှင့်အမျှ ရင်ဆိုင်ခံစားနေရသည့် အကြမ်းဖက် စစ်အုပ်စု၏ ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေးချိုးဖောက်နေမှုများအပါအဝင် ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်များအတွက် ပူးပေါင်းလုပ်ဆောင်နိုင်မည့် လုပ်ငန်းစဥ်များနှင့်စပ်လျဥ်းသည့် အစည်းအဝေးတစ်ရပ်အား ဇွန်လ ၈ ရက် (အင်္ဂါနေ့)၊ ၁၄၃၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက  “တော်လှန်ရေးကာလမှာ ၂ နှစ်ကျော်လာပြီဖြစ်၍ မိမိတို့အားလုံး ပင်ပန်းနေကြပြီ ဖြစ်သော်လည်း စစ်ကောင်စီအနေဖြင့် မိမိတို့ထက် ပိုမိုပင်ပန်းလျက်ရှိပြီး မိမိတို့အနေဖြင့် ယခုထက် ပိုမိုချိတ်ဆက်၍ ပြီးဆုံးသည်အထိ သွားကြရန်နှင့် ယခုအချိန်သည် အရေးကြီးဆုံးအချိန် ဖြစ်သည့်အတွက် အင်အားအပြည့်ဖြည့် ရုန်းကန်ကြရန် ဖြစ်ပါတယ်”ဟု အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပြည်သူ့ရေးရာကော်တီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က “မိမိတို့အနေဖြင့် တတ်နိုင်သမျှ ပြည်သူများ၏ လိုအပ်ချက်များကို မည်သည့် နည်းလမ်းများဖြင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည်ကို ဆွေးနွေးသွားရန် ဖြစ်ပါတယ်” ဟု အစည်းအဝေး ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါတယ်။


၎င်းနောက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးခွန်းဗဟန်းထန်က ဝန်ကြီးဌာန၏ လုပ်ငန်းဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ပြည်တွင်းပြည်ပ ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများ၊ လူ့အခွင့်အရေးဆိုင်ရာမူဝါဒများ ရေးဆွဲထားရှိမှုများနှင့် သင်တန်းပို့ချမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်ကာ နှိပ်စက်နေမှုများအတွက် သတင်းအချက်အလက်ဖြည့်သွင်းခြင်း၊  စုစည်းခြင်း၊ သိမ်းဆည်းခြင်းများကို စနစ်တကျပြုလုပ်ထားရှိပြီး မီဒီယာနှင့် နိုင်ငံတကာမှ ပိုမိုသိရှိရန် ချိတ်ဆက်၍ တစ်ချိန်တွင် တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။


အစည်းအဝေးသို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးခွန်ဗဟန်းထန်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

-------------------

၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

===========

 ဇွန် လ   ၁၄  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၈/၂၀၂၃)ကို ဇွန်လ၁၄ရက်ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ ဒုတိယဝန်ကြီး ခူးထဲဘူး၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။

-------------------

၆။ မင်းအောင်လှိုင်နဲ့ စစ်အုပ်စု ကျရှုံးနေပြီဆိုတာ ကမ္ဘာ သိမြင်နေပြီလို့ဆို

==============

ဇွန်လ၁၄

မင်းအောင်လှိုင်နဲ့ စစ်အုပ်စု ကျရှုံးနေပြီဆိုတာ ကမ္ဘာ သိမြင်နေပြီလို့ NUG သြစတြေးလျ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေက ဇွန်လ၁၄ရက်မှာ ပြောပါတယ်။


"မင်းအောင်လှိုင်နဲ့ သူ့အုပ်စု ကျရှုံးနေပြီဆိုတာ ကမ္ဘာ သိမြင်နေပါပြီ၊ အခု ကမ္ဘာက သိချင်နေတာက NUG နဲ့ အင်အားကြီး ERO တွေ ညှိညှိနိုင်းနိုင်း၊ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို ပါဝါလေဟာနယ် ဖြစ်မသွားစေပဲ အုပ်ချုပ်သွားနိုင်မလားဆိုတာပဲ"လို့ဆိုပါတယ်။


လက်ရှိမှာ စစ်အုပ်စုဟာ လော်ဘီအမျိုးမျိုးနဲ့ EROနဲ့ တော်လှန်ရေးအင်အားစုများအပါအဝင် NUGတို့ကြား သွေးကွဲအောင် ဝါဒအမျိုးမျိုးဖြန့်ချီလျက်ရှိနေပါတယ်။

-------------------

၇။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်မြောက်မွေးနေ့တွင် လွတ်မြောက်ရေးနှင့်ငြိမ်းချမ်းရေး ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံမှာကျင်းပမယ်

===========

ဇွန်လ၁၄ရက်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်မြောက်မွေးနေ့တွင် လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံမှာ ကျင်းပမယ်လို့ ဇွန်လ၁၄ရက်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ကအသိပေးဆိုထားပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်မြောက်မွေးနေ့လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေး ဆန္ဒပြပွဲကို ဇွန်လ ၁၈ရက် တနင်္ဂနွေနေ့ ဘူဖြောင်းဘူတာရှေ့မှာကျင်းပမှာဖြစ်ပါတယ်။ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများအား လေးစားစွာ ဖိတ်ကြားအပ်ပါတယ်"လို့ဆိုပါတယ်။


အဆိုပါအခမ်းအနားတွင် One Day Challengeမန်ဘာဝင် စုဆောင်းခြင်း၊ ဂုဏ်ပြုလွှာများနှင့် မန်ဘာဝင် ရင်ထိုးများထုတ်ပေးခြင်း၊ One Day Challenge ရဲ့ 2Y2M Lucky Winner အစီအစဉ်ကြော်ငြာခြင်း၊တော်လှန်ရေးအဖွဲ့အစည်းအသီးသီး၏ စတုဒိသာအလှူများနဲ့ တော်လှန်ရေးရန်ပုံငွေစျေးရောင်းခြင်းတို့ကိုလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

-------------------

၈။ Bant Two မှ ထုတ်လုပ်ထားသော M4ကာဘိုင် လက်လုပ်အောင်မြင်စွာ ထုတ်လုပ်နိုင်

==============

ဇွန်လ၁၄ရက်

Bant Two မှထုတ်လုပ်ထားသော M4ကာဘိုင် လက်လုပ်အောင်မြင်စွာ ထုတ်လုပ်နိုင်တယ်လို့ဇွန်လ၁၄ရက်မှာ banttwoထုတ်လုပ်ရေးနှင့် ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။


"Bant Two မှထုတ်လုပ်ထားသော M4ကာဘိုင် လက်လုပ် အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အခက်အခဲများစွာကြားမှ ကြိုးစားထုတ်လုပ်နိုင်ခဲ့သည့်အတွက်လည်း ရဲဘော်များအား လေးစားဂုဏ်ယူပါတယ်"လို့ဆိုပါတယ်။


ထုတ်လုပ်ရေးရှေ့ဆက်နိူင်ဖို့ ပြည်သူလူထုက ဝန်းရံပေးဖို့ကိုလည်းဆိုထားပါတယ်။

-------------------

၉။ ခင်ဦးမြို့နယ် ကံသစ်ရွာကို စကစတပ်များက ထပ်မံမီးရှို့ဖျက်ဆီး

=================

ဇွန်လ၁၄ရက်


စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ် ကံသစ်ရွာကို စကစတပ်များက ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဇွန်လ၁၄ရက်မှာ A.R.F ခင်ဦးက စကစတပ်ရဲ့နယ်မြေလှုပ်ရှားမှုကို အတည်ပြုဆိုပါတယ်။


"ကံသစ်ကျေးရွာကိုထပ်မံ၍ မီးတင်ရှို့နေပါပြီ။လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး ခွေးခေါင်းတံတားသို့ဦးတည်လာနေပါပြီ။အစောပိုင်းတွင်

 ဒေသခံကာကွယ်ရေးအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုရှိတယ်လို့သိရပါတယ်"လို့ဆိုပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ကံသစ်ကျေးရွာကိုဇွန်-၁ရက်နေ့မှ စ၍ မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော  အကြမ်းဖက်စကစတပ်သား အင်အား(၁၀၀)ကျော်မှ ဇွန်-၄ရက်နေ့ ညနေပိုင်းတွင် (၄)ကြိမ်မြှောက်အဖြစ် နေအိမ်(၆၅)လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

-------------------

၁၀။ အကြမ်းဖက်စစ်တပ်က အာဏာလုယူပြီး နှစ်နှစ်ကျော်ကာလအတွင်း သေဆုံးခဲ့တဲ့ အရပ်သားရှစ်ထောင်ကျော်ရှိခဲ့ပြီး နှစ်ထောင်ကျော်ဟာ ဆန္ဒပြပွဲအတွင်း ပစ်ခတ်ခံရမှုနဲ့ စစ်ကောင်စီက ဖမ်းဆီးထားစဉ် သေဆုံးခဲ့ရသူတွေ ဖြစ်

==============

ဇွန်လ၁၄ရက်


အကြမ်းဖက်စစ်တပ်က အာဏာလုယူပြီးနှစ်နှစ်ကျော်ကာလအတွင်း သေဆုံးခဲ့တဲ့ အရပ်သားရှစ်ထောင်ကျော်ရှိခဲ့ပြီး နှစ်ထောင်ကျော်ဟာ ဆန္ဒပြပွဲအတွင်းပစ်ခတ်ခံရမှုနဲ့ စစ်ကောင်စီက ဖမ်းဆီးထားစဉ် သေဆုံးခဲ့ရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။


ဇွန်လ ၁၄ရက်မှာ ISP Myanmarက အရပ်သားသေဆုံးမှုမြင့်တက်လာခြင်း ထုတ်ပြန်ရာမှာ အသိပေးဖော်ပြပါတယ်။


"၂၀၂၃ ခုနှစ် ပထမငါးလတာအတွင်း လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် အရပ်သား ၇၄၈ ဦးထက်မနည်း စံချိန်တင် သေဆုံးခဲ့ပါတယ်။ အဲ့ဒီအရပ်သားသေဆုံးမှု အရေအတွက်ဟာ အရင်နှစ်တစ်နှစ်လုံးမှာ သေဆုံးခဲ့တဲ့ အရပ်သားစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းနီးပါး အထိ ရှိပါတယ်။ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်အတွင်း သေဆုံးခဲ့တဲ့ အရပ်သား ၈,၆၄၀ ဦးထက်မနည်း ရှိခဲ့ပြီး ၂,၁၈၃ ဦးထက်မနည်းဟာ ဆန္ဒပြပွဲအတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်ခံရမှုနဲ့ စစ်ကောင်စီက ဖမ်းဆီးထားစဉ် သေခဲ့ရသူတွေ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


ဒါ့အ​ပြင်တိုက်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေခဲ့ရသူက  ၂,၄၅၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။

-------------------

အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။

------------------


Share:

No comments:

Post a Comment