Radio NUG ၁၅ - ၆ -၂၀၂၃ ( ညပိုင်း ပြည်တွင်းသတင်းများ)



Radio NUG  ၁၅ - ၆ -၂၀၂၃ ( ညပိုင်း ပြည်တွင်းသတင်းများ)

၁။ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများအား  ရှင်းလင်းတင်ပြ

၂။CDM ကျောင်းသူကျောင်းသားတွေနဲ့ ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ ကျောင်းသူကျောင်းသားတွေအတွက် အခွင့်အလမ်းတွေ အကောင်အထည်ဖော်ပေးဖို့ ကြိုးစားနေတယ်လို့ ဒုတိယဝန်ကြီး ဂျာထွယ်ပန်ပြောကြား

၃။အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ကလေးသူငယ် (၃.၇) သန်းခန့်မှာ စာသင်ကျောင်းများတွင် ပညာသင်ကြားနိုင်ခြင်း မရှိဘဲ ပညာသင်ကြားရေးအပြင် ကာကွယ်ဆေးထိုးမှုတွင်ပါ အခွင့်အရေးများ ဆုံးရှုံးနေကြရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

၄။တောင်ငူခရိုင်ရှိ ထိုလွီဝါး အထက်တန်းကျောင်းနေရာသို့ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်  ကျောင်းသူ ၃ဦးဒဏ်ရာရ

၅။မုံရွာ UGတပ်ပေါင်းစုမှ ယနေ့မနက် မုံရွာမြို့တွင် ဖောက်ခွဲမှုများ ဆက်တိုက်ပြုလုပ်

၆။“ငါတို့ပြည်သူ ငါတို့ကူမယ်”တောင်ပိုင်းကယ်လီဖိုးနီးယားမိသားစုများ၏ မြန်မာ့အရေးရန်ပုံငွေစျေးရောင်းပွဲမှ အမေရိကန်ဒေါ်လာ ၁၂၀၀၀ ကျော်ရရှိ


၁။ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများအား  ရှင်းလင်းတင်ပြ

==============

ဇွန်လ၁၅ရက်


ဇွန်လ ၁၃ ရက်နေ့၊  ၁၀၀၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများအား  ရှင်းလင်းတင်ပြခြင်းအစီအစဥ် နောက်ဆုံးနေ့အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြား၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။


ပထမဦးစွာ  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားရာတွင် “CRPH အနေနဲ့ကတော့ CRPH Main Body အစည်းအဝေး၊ Main Committee နဲ့ ကော်မတီ(၁၂)ရပ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ ပါဝင်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးဌာနများက လုပ်ငန်းဆောင်ရွက်ချက်များကို လာရောက်ရှင်းလင်းတင်ပြတဲ့အစည်းအဝေး၊ Main Committee နဲ့ ကော်မတီ (၁၂)ရပ်မှာ ပါဝင်ကြတဲ့ ကိုယ်စားလှယ်တွေအားလုံးနဲ့လည်း အစည်းအဝေးလုပ်ပါကြောင်း၊ ယခုလို အခြေအနေမျိုးကို ပြန်ကြည့်လိုက်တဲ့အခါမှာ တိုင်းဒေသကြီးအသီးသီးမှာရှိနေတဲ့ ပြည်ထောင်စုအဆင့် လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးနဲ့တွေ့ဆုံပွဲကြီးကိုလည်း စီစဉ်ဆောင်ရွက်သွားရတဲ့ အနေအထားမျိုးတွေ ရှိပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေအားလုံး အခုလိုတွေ့ရတာ အားလည်းရှိ၊ ဝမ်းလည်းဝမ်းသာပါတယ်”လို့ဆိုခဲ့ပါတယ်။


၎င်းနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ (၁) ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လဆန်းအထိ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက် ထားရှိမှုအခြေအနေများ (၂) တိုင်းရင်းသားမဟာမိတ်အင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ (၃) နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများရရှိရေး ကြိုးပမ်းချက်များနှင့် (၄) အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များ ဟူ၍ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များက မြေပြင်အခြေအနေများ၊ လိုအပ်ချက်များ၊ လွှတ်တော်လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များအတွက် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်စေရန် အကြံပြုချက်များတင်ပြကာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။

----------------------

၂။CDM ကျောင်းသူကျောင်းသားတွေနဲ့ ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ ကျောင်းသူကျောင်းသားတွေအတွက် အခွင့်အလမ်းတွေ အကောင်အထည်ဖော်ပေးဖို့ ကြိုးစားနေတယ်လို့ ဒုတိယဝန်ကြီး ဂျာထွယ်ပန်ပြောကြား

===============

ဇွန်လ၁၄ရက်


ဇွန်လ၁၄ရက်မှာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်က ပညာရေးနှင့်ပတ်သက်ပြီးအခုလိုအသိပေးဆိုထားပါတယ်။


"မကြာခင် ကြားကာလ ပြည်သူ့ပညာရေး အဆင့်မြင့်ပညာတက္ကသိုလ်တစ်ခုမှာ ပထမနှစ်ကျောင်းသူကျောင်းသားတွေကို၊ ကိုယ်တိုင် lecture သင်မှာမို့ ခုကတည်းက စာပြန်လုပ်၊ သင်ခန်းစာတွေစီစဉ်နေပါပြီ။ CDM ကျောင်းသူ/သားတွေ၊ ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ ကျောင်းသူ/သားတွေအတွက် ပညာသင်ယူခွင့်အစီအစဉ်တွေ အခွင့်အလမ်းတွေ အကောင်အထည်ဖော်ပေးဖို့ အခက်အခဲအမျိုးမျိုးတွေကြားကပဲ ဆရာ/မတွေကြိုးစားပေးနေကြပါတယ်"လို့ဒုဝန်ကြီးကဆိုပါတယ်။ 


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနဟာ ကြားကာလပညာသင်ကြားရေးအစီအစဥ်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး မြေပြင်နဲ့အွန်လိုင်းသင်ကြားမှုကို ဆောင်ရွက်လျက်ရှိပါတယ်။

--------------------

၃။အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ကလေးသူငယ် (၃.၇) သန်းခန့်မှာ စာသင်ကျောင်းများတွင် ပညာသင်ကြားနိုင်ခြင်း မရှိဘဲ ပညာသင်ကြားရေးအပြင် ကာကွယ်ဆေးထိုးမှုတွင်ပါ အခွင့်အရေးများ ဆုံးရှုံးနေကြရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

=============

ဇွန်လ၁၅ရက်


ဇွန်လ၁၃ရက် UNICEF Executive Board ၏ နှစ်စဉ်ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာကလေးငယ်များနှင့်ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။


"မြန်မာနိုင်ငံရှိ ကလေးသူငယ်အချို့သည် စစ်တပ်၏ လေကြောင်းဖြင့်တိုက်ခိုက်မှု အန္တရာယ်မှ ရှောင်လွှားလျက် ယာယီရွက်တဲဖျင်များ၊ ဗုံးခိုကျင်းများတွင် ပညာသင်ကြားနေကြရကြောင်း၊ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကလေးသူငယ် (၃.၇) သန်းခန့်မှာ စာသင်ကျောင်းများတွင် ပညာသင်ကြားနိုင်ခြင်း မရှိကြောင်း၊ ပညာရေးအပြင် ကာကွယ်ဆေးထိုးမှုတွင် အခွင့်အရေးများ ဆုံးရှုံးနေကြရကြောင်း၊စစ်တပ်မှအာဏာသိမ်းယူပြီးနောက် ကလေးသူငယ်များ ကာကွယ်ဆေးထိုးမှုအစီအစဉ်များ ရပ်နားသွားသလောက် ဖြစ်ခဲ့ပြီး၊ လွန်ခဲ့သည့် (၂) နှစ် အတွင်းတွင် ဝက်သက်ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုသည် (၉၁) ရာခိုင်နှုန်းမှ (၃၄) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


ဒါ့အပြင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ကလေးသူငယ် (၄၀၀) ကျော် အပါအဝင် လူပေါင်း (၃,၆၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူ (၁.၅) သန်းကျော် ရှိလာကာ ကလေးသူငယ် (၅.၈) သန်းကျော်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်လျက်ရှိတယ်လို့ သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။

-----------------------

၄။တောင်ငူခရိုင်ရှိ ထိုလွီဝါး အထက်တန်းကျောင်းနေရာသို့ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်  ကျောင်းသူ ၃ဦးဒဏ်ရာရ

==============

ဇွန်လ၁၅ရက်


KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်ရှိ ထိုလွီဝါး အထက်တန်းကျောင်းနေရာသို့ 

ဇွန်လ၁၄ရက်နေ့ ည ၁၁နာရီဝန်းကျင်က စစ်ကောင်စီ၏ လက်နက်ကြီးများပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းသူအဆောင်နေရာအနီး လက်နက်ကြီး ကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အလယ်တန်းကျောင်းသူ ၃ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာဒဏ်ရာပြင်းထန်ကြောင်းသိရပါတယ်။


တောင်ငူမြို့နယ် ရေလျှံနားရှိ ရှားစေးဘိုစခန်း အခြေစိုက် စစ်ကောင်စီတပ် ခြေလျင် တပ်ရင်း ၃၀၆ တပ်ဖွဲ့မှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ လက်နက်ကြီး ကျည် ၅ လုံးခန့် ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ဒေသခံသတင်းအရင်းအမြစ်များကဆိုပါတယ်။


ထိုလွီဝါးအထက်တန်းကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား (၂,၀၀၀) နီးပါး ပညာသင်ယူနေပြီး ယခုလို စာသင်ကျောင်းဧရိယာသို့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုမှာ ပထမ ဦးဆုံးအကြိမ် ဖြစ်တယ်လို့သိရပါတယ်။

-------------------

၅။မုံရွာ UGတပ်ပေါင်းစုမှ ယနေ့မနက် မုံရွာမြို့တွင် ဖောက်ခွဲမှုများ ဆက်တိုက်ပြုလုပ်

============

ဇွန်လ၁၅


ဇွန်လ၁၅ရက် မနက်ပိုင်းမှာ စကစတပ်များရှိရာကို ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့တယ်လို့ မုံရွာ UGတပ်ပေါင်းစုမှအတည်ပြုဆိုပါတယ်။


မုံရွာ ရေကူးကန်လမ်းထိပ်တစ်လုံး၊ကန်သာယာတစ်လုံး၊ချစ်သူလမ်းကြားတစ်လုံး၊တမာတန်းမီးပွိုင့်တစ်လုံး၊မြိုသစ်ရပ်နှင့်အနီးနှစ်လုံး၊

မနက်၁၁နာရီ ချိန်ရေဉီးဆန်ဆိုင်အနီးစကစတပ်များအားနာနတ်သီးတစ်လုံးအသီးသီးဖြင့်ဧည့်ခံခဲ့ပါတယ်"လို့ဆိုပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း မုံရွာအမြင့်လမ်းခွဲထိပ်စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး စကစတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပါတယ်။

-------------------

၆။“ငါတို့ပြည်သူ ငါတို့ကူမယ်”တောင်ပိုင်းကယ်လီဖိုးနီးယားမိသားစုများ၏ မြန်မာ့အရေးရန်ပုံငွေစျေးရောင်းပွဲမှ အမေရိကန်ဒေါ်လာ ၁၂၀၀၀ ကျော်ရရှိ

===============

ဇွန်လ၁၅


ဇွန်လ၁၅ရက်မှာ LA NUG Supporters က ရန်ပုံငွေရရှိမှုကို အခုလိုအသိပေးဖော်ပြပါတယ်။


"ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ပရီအော်ဒါ ဈေးရောင်းပွဲမှာ “ငါတို့ပြည်သူ ငါတို့ကူမယ်” ဆိုပြီး ရောင်းကြ ဝယ်ကြ လှူဒါန်းလိုက်ကြတာ စုပေါင်းအလှူငွေ $12200 ရရှိခဲ့ပါတယ်။ အစဉ်အလာမပျက် ဝိုင်းရံပြီး ရောင်းဝယ်လှူဒါန်း ကူညီ အားပေးကြတဲ့ ပြည်သူတွေရဲ့ ပြည်သူတွေအားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောပါရစေ"လို့ဆိုထားပါတယ်။


ဒါ့အပြင်အားလုံး အင်အားပြည့် ပါဝင်နိုင်မယ့် ပွဲဈေးတန်းကိုလည်း ဇူလိုင်လထဲမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။


Share:

No comments:

Post a Comment