၂၀၂၃ ဇူလိုင်လ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လက်နက်ခဲယမ်း မီးကျောက်နဲ့ ရိက္ခာ၊ ဆေးဝါးတွေကို ဝယ်ယူဖြည့်တင်းနေပြီလို့ ယာယီသမ္မတအသိပေး
📌 ၂။ ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အတွက် ပြည်သူ့အင်အားလျော့မသွားဖို့ အထူးအရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
📌 ၃။ မြန်မာစစ်အုပ်စုထံ အိန္ဒိယစစ်လက်နက်ရောင်းချမှုအား ရပ်တန့်ရန် ပြင်သစ်နိုင်ငံ သမ္မတမက်ခရွန်ထံ Justice For Myanmar က အိတ်ဖွင့်ပေးစာရေးသားပေးပို့
📌 ၄။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်း ဒေသအတွင်းရှိ သိုင်းငင်း စကစ ကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ပေါင်းစုနဲ့ပူးပေါင်းတပ်များတိုက်ခိုက်စီးနင်းခဲ့ရာ စကစ ဘက်မှ အမြောက်အများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ
📌 ၅။ မုံရွာမြို့ အခြေတည်၍ အညာမြေအား လှည့်လည်အကြမ်းဖက်နေသည့် နမခ စကစတပ်စခန်းကို ၁၀၇မမနဲ့ မုံရွာပကဖ ကပစ်ခတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လက်နက်ခဲယမ်း မီးကျောက်နဲ့ ရိက္ခာ၊ ဆေးဝါးတွေကို ဝယ်ယူဖြည့်တင်းနေပြီလို့ ယာယီသမ္မတအသိပေး
ဇူလိုင်၁၂ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၃ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် လက်နက်ခဲယမ်း မီးကျောက်နဲ့ ရိက္ခာ၊ ဆေးဝါးတွေကို ဝယ်ယူဖြည့်တင်းနေပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလကအသိပေးပြောကြားခဲ့ပါတယ်။
"လက်ရှိတော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ နိုင်ငံရေးနည်းလမ်းတွေ ပေါင်းစပ်ပြီး တော်လှန်ရေးခရီးရှည်ကို လျှောက်လှမ်းနေတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ လက်နက်ကိုင် ခုခံတော်လှန်ရေးမှာ ဘဏ္ဍာငွေအားဖြင့် ငွေလုံးငွေရင်းလိုက် သုံးစွဲမြှုပ်နှံရတာလည်း အမြောက်အမြား ပါဝင်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အမျိုးသားညီညွှတ်ရေးအစိုးရအနေနဲ့ လက်နက်ခဲယမ်း မီးကျောက် ဝယ်ယူဖြည့်တင်းရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များရဲ့ ရိက္ခာ၊ ဆေးဝါး စတဲ့ အသုံးစရိတ်တွေကို အဓိကထားပြီး ဖြည့်တင်းနေရပါတယ်။ ဒါကို ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေ အားလုံးသိရှိနားလည်ထားပြီး ဖြစ်ပါတယ်"လို့ ဆိုပါတယ်။
ဒါ့အပြင် ရန်ပုံငွေ ဘတ်ဂျက်တွေကို ထိထိရောက်ရောက် မျှဝေသုံးစွဲနိုင်ဖို့ အင်မတန် အရေးကြီး တယ်လို့လည်း ယာယီသမ္မတကထပ်လောင်းပြောပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်နေ့မှာပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးအဆုံးသတ်အတွက် အဆုံးအဖြတ်ပေးမယ့်နှစ်လို့ အသိပေးဆိုခဲ့ပါတယ်။
========================
📌📌 ၂။ ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အတွက် ပြည်သူ့အင်အားလျော့မသွားဖို့ အထူးအရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
ဇူလိုင်၁၂ရက်
ဇူလိုင်လအတွင်း The End of Dictatorship က ပြုလုပ်နေတဲ့ "အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့" ကမ်ပိန်းမှာ ပါဝင်ပေးဖို့ တိုက်တွန်းပြောကြားရာမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အခုလိုပြောကြားခဲ့ပါတယ်။
"ကျနော်တို့ နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်ပြီးတော့ ပြည်သူပါဝင်မှုနဲ့ ဒီတော်လှန်ရေးဟာ တဆင့်ပြီးတဆင့်မြင့်တက်လာတာဖြစ်ပါတယ်။စစ်အာဏာရှင်ကလည်းတဆင့်ပြီးတဆင့် ကျရှုံးနေပြီ ဖြစ်ပါတယ်။ဒီအချိန်မှာ ကျနော်တို့ ဒီအချိုးအကွေ့မှာ တစ်ခါတည်းအောင်ပွဲကိုဆင်နွှဲနိူင်ဖို့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အတွက် ပြည်သူ့အင်အားလျော့မသွားဖို့အရမ်းအရေးကြီးပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် "အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့" ကမ်ပိန်းမှာ ပြည်သူများအင်တိုက်အားတိုက်ပါဝင်ပေးဖို့ကိုလည်း ဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ မြန်မာစစ်အုပ်စုထံ အိန္ဒိယစစ်လက်နက်ရောင်းချမှုအား ရပ်တန့်ရန် ပြင်သစ်နိုင်ငံ သမ္မတမက်ခရွန်ထံ Justice For Myanmar က အိတ်ဖွင့်ပေးစာရေးသားပေးပို့
ဇူလိုင်၁၂ရက်
ပြင်သစ်နိုင်ငံ သမ္မတမက်ခရွန်ထံ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ခဲ့ကြောင်းကို Justice For Myanmar က အခုလို အသိပေးဖော်ပြပါတယ်။
"အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံမှ မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းများနှင့် နည်းပညာ ရောင်းချမှုများနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုများရှိကြောင်းကို သမ္မတကြီးအနေဖြင့် ဆွေးနွေးပြောကြားပေးပါရန် တောင်းဆိုအပ်ပါတယ်။ အိန္ဒိယနိုင်ငံသို့ ပြင်သစ် စစ်လက်နက်များနှင့် နည်းပညာများ တင်ပို့ရောင်းချရာတွင်လည်း အိန္ဒိယနိုင်ငံ အနေဖြင့် စစ်လက်နက်များ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် နည်းပညာများကို မြန်မာစစ်အုပ်စုထံ နောက်ထပ် တင်ပို့ရောင်းချခြင်းမရှိစေရန် ပြဌာန်းပိတ်ပင်မှသာ ရောင်းချပေးပါရန် သမ္မတကြီးကို တောင်းဆို အပ်ပါတယ်"လို့ဖော်ပြထားပါတယ်။
မြန်မာစစ်အုပ်စုသည် မြန်မာနိုင်ငံဥပဒေနှင့် နိုင်ငံတကာဥပဒေပါ သတ်မှတ်ချက်များအရ အကြမ်းဖက် အဖွဲ့အစည်းတစ်ရပ် ဖြစ်ကာ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုက လူပေါင်း ၃,၇၀၀ ကျော်အား သတ်ဖြတ်ထား ပြီး၊ လူပေါင်း ၂၃,၇၀၀ ကျော်အား ဖမ်းဆီးထားပါတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၄။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်း ဒေသအတွင်းရှိ သိုင်းငင်း စကစ ကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ပေါင်းစုနဲ့ပူးပေါင်းတပ်များတိုက်ခိုက်စီးနင်းခဲ့ရာ စကစ ဘက်မှ အမြောက်အများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ
ဇူလိုင်၁၂ရက်
ဇူလိုင်၁၁ရက် နံနက် ၅:၃၀ ဝန်းကျင်မှ နေ့လယ် ၁၂:၀၀ အထိ ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့တယ်လို့ CDf CDM SIYINကအသိပေးဆိုပါတယ်။
"ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်း ဒေသအတွင်းရှိ သိုင်းငင်း စကစ ကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ပေါင်းစု(CDf CDM SIYIN, PDF Zoland+ B5 ME, CNDF, TCDF,KKG B7, PDA) နှင့် PDF Kalay, S2 အဖွဲ့ များမှဇူလိုင် ၁၁ ရက်နံနက် ၅:၃၀ ဝန်းကျင်မှ နေ့လယ် ၁၂:၀၀ အထိ ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ပါတယ်"လို့ဆိုပါတယ်။
စကစ ဘက်မှ အမြောက်အများ သေဆုံးထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူ့ဘက်တော်သားများမှ စကစလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
ပြည်သူ့ဘက်တော်သားများဘက်မှ ၄ ဦးကျဆုံး ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။
စကစဘက်မှ ထိခိုက်ကျဆုံးမှုများပါသဖြင့် တိုက်လေယာဉ် ဖြင့် သုံးကြိမ်တိုင်တိုင် ပြင်းထန်စွာဗုံးကျဲတိုက်ခိုက်ခဲ့ပြီးကလေးမြို့မှ လည်း လက်နက်ကြီး များ ဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကာပြည်သူ့ဘက်တော်သားများ အောင်မြင်စွာဆုတ်ခွါနိုင်ခဲ့ပါတယ်။
========================
📌📌 ၅။ မုံရွာမြို့ အခြေတည်၍ အညာမြေအား လှည့်လည်အကြမ်းဖက်နေသည့် နမခ စကစတပ်စခန်းကို ၁၀၇မမနဲ့ မုံရွာပကဖ ကပစ်ခတ်
ဇူလိုင်၁၂ရက်
ဇူလိုင်၁၂ရက်မှာ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ စစ်ရေးသတင်းကို အခုလိုအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
"ဇူလိုင်လ (၁၁) ရက်နေ့၊ မွန်းလွဲ (၂:၃၀)နာရီ အချိန်တွင် မုံရွာမြို့ အခြေတည်၍ အညာမြေအား လှည့်လည်အကြမ်းဖက်နေသည့် စကစတပ်များ နေထိုင်လျှက်ရှိသော နမခ စကစတပ်စခန်းအား မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ၁၀၇ မမ တလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့်စကစတပ်များထိခိုက်သေဆုံးမှုအခြေနေများကို စုံစမ်းအတည်ပြုလျှက်ရှိပါတယ်။
ဇူလိုင်လ (၅)ရက်နေ့၊ နံနက် (၄:၁၇) အချိန်တွင်လည်း နမခ စကစတပ်စခန်းအား ကျွန်ုပ်တို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ နှင့် မုံရွာခရိုင်အမှတ် ၅ တပ်ရင်းတို့ ပူးပေါင်းကာ ၁၀၇ မမ (၃)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နမခ ဗဟိုကင်းသို့ထိမှန်ခဲ့ပြီးစကစဘက်က ၉ဦးဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက်မှ ဗိုလ်အဆင့်ရှိသူ တစ်ဦးနှင့် တပ်သားအဆင့် တစ်ဦး ပြင်းထန်ဒဏ်ရာရကာ တစ်ဦးမှာ နေရာတွင် ပွဲခြင်းပြီးသွားခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment