၂၀၂၃ ဇူလိုင်လ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထဲရေးဝန်ကြီးနှင့် အထူးစုံစမ်းထောက်လှမ်းရေဦးစီးဌာန(မွန်ပြည်နယ်၊တနင်္သာရီတိုင်း)အဖွဲ့ဝင်များနဲ့တွေ့ဆုံဆွေးနွေး
📌 ၂။ ကရင့်အမျိုးသားများခုခံတော်လှန်နေကြသည့် နိုင်ငံရေး ဆိုင်ရာကြိုးပမ်းမှုများတွင် အနာဂါတ်စိန်ခေါ်ချက်များစွာရှိနေ
📌 ၃။ ဘီးလင်းမြို့နယ်အပိုင် ဒေါက်ရက် ကျေးရွာအတွင်း ကင်းပုန်းဝပ်နေသော စကစ တပ်အား တောကျီးကန်းစစ်ကြောင်း နှင့် KNLA ပူးပေါင်းအဖွဲ့ မှယနေ့မနက်ပစ်ခတ်ရှင်းလင်း
📌 ၄။ ခင်ဦးမြို့နယ်မှာဒေသခံရှစ်ထောင်ကျော်ယနေ့မနက် ထွက်ပြေးတိမ်းရှောင်နေရ
📌 ၅။ “အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့” Campaign မှ ရှယ်ယာစုစုပေါင်း ၂,၄၈၆ ရောင်းချပြီးဖြစ်
📌 ၆။ ဒရုန်းလက်ရုံးအဖွဲ့ရဲ့ ဒေါ်လာ ၄၀,၀၀၀ ကမ်ပိန်း ၄၀ ရာခိုင်နှုန်းရှိသေး၍ ဝိုင်းဝန်းပေးကြရန်တိုက်တွန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထဲရေးဝန်ကြီးနှင့် အထူးစုံစမ်းထောက်လှမ်းရေဦးစီးဌာန(မွန်ပြည်နယ်၊တနင်္သာရီတိုင်း)အဖွဲ့ဝင်များနဲ့တွေ့ဆုံဆွေးနွေး
ဇူလိုင်လ ၁၆
ဇူလိုင်၁၅ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်နှင့် အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန (မွန်ပြည်နယ်၊တနင်္သာရီတိုင်း) အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
ဆွေးနွေးပွဲတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်က မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်း ထောက်လှမ်းရေးစီမံချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာသော အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ဗဟို၊တိုင်း၊ခရိုင်၊မြို့နယ် အဖွဲ့ဝင် ၃၀ ကျော်တို့နှင့် မဟာဗျူဟာမြောက်ပစ်မှတ်ထောက်လှမ်းခြင်းကိစ္စရပ်များ၊ အကြမ်းဖက်နှိမ်နင်းရေးကိစ္စရပ်များ၊ ထောက်လှမ်းရေးယန္တရားတိုးမြှင့်ခြင်းကိစ္စရပ်များ၊ ဌာနတွင်းအခက်အခဲလိုအပ်ချက်များနှင့် မြေပြင်အခြေအနေများကို ၂နာရီကြာ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ ကရင့်အမျိုးသားများခုခံတော်လှန်နေကြသည့် နိုင်ငံရေး ဆိုင်ရာကြိုးပမ်းမှုများတွင် အနာဂါတ်စိန်ခေါ်ချက်များစွာရှိနေ
ဇူလိုင်၁၆ရက်
ဇူလိုင် ၁၆ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့တွင် ကရင့်အမျိုးသားများခုခံတော်လှန်နေကြသည့် နိုင်ငံရေး ဆိုင်ရာကြိုးပမ်းမှုများတွင် အနာဂါတ်စိန်ခေါ်ချက်များစွာရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့ပါတယ်။
"ကရင့်အမျိုးသားများခုခံတော်လှန်နေကြသည့် နိုင်ငံရေး ဆိုင်ရာကြိုးပမ်းမှုများတွင် အနာဂါတ်စိန်ခေါ်ချက်များစွာရှိနေပါတယ်။မိမိတို့၏ ရည်မှန်းချက်ပန်းတိုက်များ ပြီးမြောက်အောင်မြင်စေရန် အခြေအနေများကိုသေချာဆန်းစစ်ပြီး အခြေအနေ၊အချိန်အခါနဲ့ကိုက်ညီသည့် လုပ်ငန်းစဥ်များချမှတ်ကာဘက်စုံအကောင်အထည်ဖော်ချမှတ်ရပါမယ်။ဖက်ဒရယ် ပြည်ထောင်စုစနစ်ကိုအခြေခံသည့်မိမိတို့အမျိုးသားများ လိုလားချက်ဖြစ်သည့် တန်းတူရေးနှင့်မိမိတို့၏ ကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်ပြီး အကောင်အထည်ဖော်ဆောင်နိုင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်များမရရှိသေးဘူး"လို့ဆိုပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးတွင် KNUသည် တော်လှန်ရေးအင်အားစုများနဲ့နိူင်ငံရေးနဲ့စစ်ရေးအရ ပူးပေါင်းမှုများစွာရှိနေပါတယ်။
========================
📌📌 ၃။ ဘီးလင်းမြို့နယ်အပိုင် ဒေါက်ရက် ကျေးရွာအတွင်း ကင်းပုန်းဝပ်နေသော စကစ တပ်အား တောကျီးကန်းစစ်ကြောင်း နှင့် KNLA ပူးပေါင်းအဖွဲ့ မှယနေ့မနက်ပစ်ခတ်ရှင်းလင်း
ဇူလိုင်၁၆ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အပိုင် ဒေါက်ရက် ကျေးရွာအတွင်း ကင်းပုန်းဝပ်နေသော စကစ တပ်အား တောကျီးကန်းစစ်ကြောင်း နှင့် KNLA ပူးပေါင်းအဖွဲ့မှ ယနေ့မနက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဇူလိုင်၁၆ရက်မှာ တောကျီးကန်းစစ်ကြောင်းက စစ်ရေးသတင်းကိုအသိပေးဆိုပါတယ်။
"ဘီးလင်းမြို့နယ်အပိုင် ဒေါက်ရက် ကျေးရွာအတွင်း ကင်းပုန်းဝပ်နေသော စကစ တပ်များအား တောကျီးကန်းစစ်ကြောင်း နှင့် KNLA ပူးပေါင်းအဖွဲ့ မှ ယနေ့မနက် ၆ နာရီအချိန်တွင်သွားရောက်ပစ်ခတ်ရှင်းလင်ခဲ့ရာ စကစ ဘက်မှ ထိခိုက်ကျဆုံးများရှိပါတယ်"လို့ဆိုပါတယ်။
စကစတပ်များထိခိုက်ကျဆုံးအသေးစိတ်အား အတည်ပြုနေဆဲ ဖြစ်ပြီးတောကျီးကန်းစစ်ကြောင်း နှင့် KNLA ပူးပေါင်းအဖွဲ့ များမှ ရဲဘော်များထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့သိရပါတယ်။
========================
📌📌 ၄။ ခင်ဦးမြို့နယ်မှာဒေသခံရှစ်ထောင်ကျော်ယနေ့မနက် ထွက်ပြေးတိမ်းရှောင်နေရ
ဇူလိုင်၁၆ရက်
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာဒေသခံရှစ်ထောင်ကျော်ယနေ့မနက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းရရှိပါတယ်။
ဇူလိုင်လ-၁၆ရက်နေ့မနက် တဲဘိုပင်ကျေးရွာမှ အနောက်မြောက်သို့ လက်နက်ကြီးငယ် ရမ်းသမ်းပစ်ခတ်၍ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် လူဦးရေထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်ထံကသိရပါတယ်။
"ယနေ့မနက်ဇူလိုင်လ-၁၆ရက်နေ့ တဲဘိုပင်ကျေးရွာမှ အနောက်မြောက်သို့ လက်နက်ကြီးလက်နက်ငယ် ရမ်းသမ်းပစ်ခတ်ထွက်ခွာ၍ သိမ်တော်ကျေးရွာအတွင်းစကစတပ်များ ဝင်ရောက်နေမှုကြောင့်ကျွန်းလည် /ကျွန်းဆွယ်/ရွှေယမင်း/ကံကြီးကုန်း/မြို့သစ်/ရွာများမှ ဒေသခံ(၈)ထောင်ကျော် ဝန်းကျင်ဟာ ယနေ့မနက်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်"လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုနယ် မြောက်ခြမ်းအား လှည့်ပတ်မီးရှို့စစ်ကြောင်းထိုးနေသော အကြမ်းဖက်စကစ တပ်သား အင်အား (၁၀၀)ကျော်ဟာ ခွန်တောင်ကြီး ပျူရွာ နှင့် ညောင်ပင်သာ စိုက်ပျိုးရေး သိပ္ပံကျောင်းမှ ဇူလှိုင်လ-၁၅ရက်နေ့လယ်ပိုင်း ထွက်လာပြီး ညနေပိုင်း (၃)နာရီ ဝန်းကျင်တွင် ခင်ဦးနယ် အနောက်တောင်ခြမ်း တိုက်နယ်-(၂)ဒေသ ရေဦး-ညောင်ပင်သာ-ရွှေဘို ကားလမ်းဘေးရှိ တဲဘိုပင်ကျေးရွာသို့ လက်နက်ကြီး ငယ်များ တရစပ် ရမ်းသမ်းပစ်ခတ်၍ ဝင်ရောက်ခဲ့ပါတယ်။
========================
📌📌 ၅။ “အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့” Campaign မှ ရှယ်ယာစုစုပေါင်း ၂,၄၈၆ ရောင်းချပြီးဖြစ်
ဇူလိုင်၁၆ရက်
ဇူလိုင်၁၆ရက်မှာ ကမ်ပိန်းနဲ့ပတ်သက်လို့ EODရှယ်ယာ အခုလို အသိပေးဆိုပါတယ်။
“အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့” Campaign ကတော့ ဒီနေ့ဆိုရင် ၁၇ ရက်မြောက်ကို ရောက်လာပါပြီ။InyaView @6.5 Miles EOD ရှယ်ယာ လက်ကျန် ၃ သောင်းကို ရောင်းချပြီး အညာရဲ့တော်လှန်ခွန်အားတွေ ဖြည့်ဆည်းကြဖို့ပါ။၁၆ ရက်မြောက်အထိ ရှယ်ယာစုစုပေါင်း ၂,၄၈၆ (အကြိုကာလ ၅ရက်အပါ) ရောင်းချရပြီးပါပြီ"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မတရား ရယူပိုင်ဆိုင်ထားတဲ့ ၆ မိုင်ခွဲအင်းလျားအိမ်ကို အစုရှယ်ယာထုတ်ရောင်းခဲ့တာ၊ ဒေါ်လာ ၄ သန်းခန့် ရောင်းချခဲ့ပြီးဖြစ်ကာ လက်ကျန်အစုရှယ်ယာ ၃ သောင်း၊ တစုလျင် ဒေါ်လာ ၁၀၀ ဖြင့်၊ ဒေါ်လာ ၃ သန်းကို ရက်ပေါင်း ၂၀ အတွင်း အပြီးရောင်းချ၍ အညာဒေသရဲ့ မီးရှို့ခံလိုက်ရတဲ့ တော်လှန်မိသားစုတွေဆီ ပို့ပေးမှာဖြစ်ပါတယ်။
========================
📌📌 ၆။ ဒရုန်းလက်ရုံးအဖွဲ့ရဲ့ ဒေါ်လာ ၄၀,၀၀၀ ကမ်ပိန်း ၄၀ ရာခိုင်နှုန်းရှိသေး၍ ဝိုင်းဝန်းပေးကြရန်တိုက်တွန်း
ဇူလိုင်၁၆ရက်
ဇူလိုင်၁၆ရက်မှာ ယောဒေသဒရုန်းလက်ရုံးတပ်ဖွဲ့ က အခုလို အသိပေးဖော်ပြပါတယ်။
"ဒရုန်းလက်ရုံးအဖွဲ့ရဲ့ ဒေါ်လာ ၄၀,၀၀၀ ကမ်ပိန်းစဖွင့်တာ ၅-ရက်မြောက်နေ့ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဂျူလိုင် ၁၅ ရက်နေ့အထိရရှိထားတဲ့
ထောက်ပို့ငွေပမာဏကို နိုင်ငံအလိုက် တင်ပြလိုက်ပါတယ်ဗျ။ကျွန်တော်တို့ တစ်ပတ်ကို ဒေါ်လာ ၁၀,၀၀၀ နှုန်း target ထားပြီးရှာဖွေသွားမှာဖြစ်ပါတယ်။ရည်မှန်းထားတဲ့ တစ်ပတ်စာပမာဏဖြစ်တဲ့ ဒေါ်လာ ၁၀၀၀၀ ရဲ့ ၄၀ရာခိုင်နှုန်းလောက်ပဲပြည့်မှီသေးတာကြောင့် အားဖြည့်ကူညီနိုင်ဖို့ နှိုးဆော်ပါတယ်"လို့ဆိုပါတယ်။
ပါဝင်ကူညီပြီးသားလူတွေအနေနဲ့လည်းကူညီမျှဝေပေးကြဖို့မေတ္တာရပ်ခံထားပြီး Campaign တွင် ပါဝင်အားဖြည့်ရန်ယောဒေသဒရုန်းလက်ရုံးတပ်ဖွဲ့လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြအသိပေးထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment