၂၀၂၃ ဇူလိုင်လ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဖက်ဆစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လက်ဝေခံ လက်နက်ကိုင်အဖွဲ့တွေကို ကောင်းစွာမထိန်းချုပ်နိုင်တော့ဘူးလို့ ယာယီသမ္မတ ပြော
📌 ၂။ နိုင်ငံရေးအကျဥ်းသားများအားလုံး မိသားစုနှင့် တွေ့ဆုံခွင့်ရပြီး လိုအပ်သော ဆေးဝါးနှင့် အစားအသောက်ဆိုင်ရာ စောင့်ရှောက်မှုများ ရရှိရန် အခွင့်အရေးရှိတယ်လို့ဆို
📌 ၃။ ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးသည် ဆန္ဒအလျောက် ဘေးကင်းရန်နှင့် ဂုဏ်သိက္ခာရှိပြီး ရေရှည်တည်တံ့ရမည်ဟု ရှင်းလင်းထားသော်လည်း အသိအမှတ်ပြုရန် ပျက်ကွက်နေဆဲဖြစ်
📌 ၄။ တရားရေးဌာန၏ လုပ်ငန်းတာဝန်များဟာ ဖက်ဒရယ်စနစ်ရဲ့ရှေ့ပြေးတာဝန်များဖြစ်တယ်လို့ဆို
📌 ၅။ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်များကြောင့် ကျေးရွာပေါင်း (၁၆) ရွာမှ ပြည်သူလူထု စုစုပေါင်း (၁၄၁၁၇) ဦးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ
📌 ၆။ ခင်ဦးမြို့နယ် အင်းပတ်ဂွေ့ တပ်စွဲထားသော အကြမ်းဖက်စကစများမှ (၆၀)မလက်နက်ကြီးဖြင့် အင်းပတ်ကျေးရွာစာသင်ကျောင်းသို့ (၂)ချက်ကျရောက်ရာ ပြည်သူတစ်ဦး ပွဲချင်းပြီးသေဆုံး
📌 ၇။ မြင်းခြံနယ် ထိန်ပန်းနဲ့ ရွာသစ်ကြားမှာ စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၁၇ဦးခန့်ထိခိုက်သေဆုံး
📌 ၈။ တနင်္သာရီမြို့နယ်၏ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်သည့် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို ခရီးသွားလာခွင့်(ယာယီ) ပိတ်သိမ်းလိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဖက်ဆစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လက်ဝေခံ လက်နက်ကိုင်အဖွဲ့တွေကို ကောင်းစွာမထိန်းချုပ်နိုင်တော့ဘူးလို့ ယာယီသမ္မတ ပြော
ဇူလိုင်၁၆ရက်
ဖက်ဆစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လက်ဝေခံ လက်နက်ကိုင်အဖွဲ့တွေကို ကောင်းစွာမထိန်းချုပ်နိုင်တော့ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြောပါတယ်။
ဇူလိုင်လ (၁၆) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားပါးဆိုလိုက်ပါတယ်။
"ဖက်ဆစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့လက်ဝေခံ လက်နက်ကိုင်အဖွဲ့တွေကို ကောင်းစွာမထိန်းချုပ်နိုင်တော့တဲ့ အပြင်လက်တွေ့မှာလည်း ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေစိုးမိုးထားနိုင်မှုတွေကို ခြောက်ခြားတုန်လှုပ်စွာနဲ့ တုံ့ပြန်နေတာကို တွေ့နိုင်ပါတယ်။"လို့ဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့များကလည်း စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီလို့သိရပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်ကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စကစတပ်ဖွဲ့ဝင် သုံးသောင်းကျော် သေဆုံးခဲ့ပါတယ်။
========================
📌📌 ၂။ နိုင်ငံရေးအကျဥ်းသားများအားလုံး မိသားစုနှင့် တွေ့ဆုံခွင့်ရပြီး လိုအပ်သော ဆေးဝါးနှင့် အစားအသောက်ဆိုင်ရာ စောင့်ရှောက်မှုများ ရရှိရန် အခွင့်အရေးရှိတယ်လို့ဆို
ဇူလိုင်၁၆
နိုင်ငံရေးအကျဥ်းသားများအားလုံး မိသားစုနှင့် တွေ့ဆုံခွင့်ရပြီး လိုအပ်သော ဆေးဝါးနှင့် အစားအသောက်ဆိုင်ရာ စောင့်ရှောက်မှုများ ရရှိရန် အခွင့်အရေးရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာက ဆိုပါတယ်။
AlJazeeraသတင်းဌာနကို NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကပြောကြားခဲ့ပါတယ်။
"အကျဉ်းသားများအားလုံးသည် ၎င်းတို့၏အခြေအနေများ မည်သို့ပင်ရှိစေကာမူ ၎င်းတို့၏မိသားစုများနှင့် မက်ဆေ့ခ်ျဖလှယ်နိုင်ပြီး လိုအပ်သောဆေးဝါးနှင့် အစားအသောက်ဆိုင်ရာ စောင့်ရှောက်မှုများရရှိရန် အခွင့်အရေးရှိကြောင်း အလေးပေးဖော်ပြရန်မှာ အရေးကြီးပါတယ်။ မြန်မာစစ်တပ်က ဒီအခြေခံလူ့အခွင့်အရေးတွေကို လေးစားမှုမရှိရုံတင်မကဘဲ သူတို့ကို ကြမ်းတမ်းစွာ ချိုးဖောက်ခဲ့တာပါ”လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ်စစ်တပ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၈၇၀) ဦးရှိပြီး ထိုအထဲမှ (၁၉၄၉၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၈၄၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၃။ ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးသည် ဆန္ဒအလျောက် ဘေးကင်းရန်နှင့် ဂုဏ်သိက္ခာရှိပြီး ရေရှည်တည်တံ့ရမည်ဟု ရှင်းလင်းထားသော်လည်း အသိအမှတ်ပြုရန် ပျက်ကွက်နေဆဲဖြစ်
ဇူလိုင်၁၆ရက်
ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးသည် ဆန္ဒအလျောက် ဘေးကင်းရန်နှင့် ဂုဏ်သိက္ခာရှိပြီး ရေရှည်တည်တံ့ရမည်ဟု ရှင်းလင်းထားသော်လည်း အသိအမှတ်ပြုရန် ပျက်ကွက်နေဆဲဖြစ်တယ်လို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဇူလိုင်၁၆ရက်က Twitterမှာ ရေးသားထားပါတယ်။
"မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအရေး HRC53 ၏ ဆုံးဖြတ်ချက်ကို NUG မှ ကြိုဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးသည် ဆန္ဒအလျောက် ဘေးကင်းရန်၊ ဂုဏ်သိက္ခာရှိပြီး ရေရှည်တည်တံ့ရမည်ဟု ရှင်းလင်းထားသော်လည်း အဆိုပါအခြေအနေများသည် ယခုအချိန်အထိ “မရှိ” သေးကြောင်း အသိအမှတ်ပြုရန် ပျက်ကွက်နေပါတယ်"လို့ဝန်ကြီးကဆိုထားပါတယ်။
၂၀၁၇ ခုနှစ်တွင် မောင်တောဒေသရှိ ရဲကင်းစခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အရပ်သားများကို သတ်ဖြတ်၍ နေအိမ်များကို မီးရှို့ရာ ရိုဟင်ဂျာ ၇ သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားခဲ့ပါတယ်။
========================
📌📌 ၄။ တရားရေးဌာန၏ လုပ်ငန်းတာဝန်များဟာ ဖက်ဒရယ်စနစ်ရဲ့ရှေ့ပြေးတာဝန်များဖြစ်တယ်လို့ဆို
ဇူလိုင်၁၆ရက်
ဇူလိုင်၁၅ရက်မှာ ကျင်းပတဲ့ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများနှင့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးမှာ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက"တရားရေးဌာန၏ လုပ်ငန်းတာဝန်များဟာ ဖက်ဒရယ်စနစ်ရဲ့ ရှေ့ပြေးတာဝန်များဖြစ်တယ်”လို့ ဆိုပါတယ်။
"MoJ အနေဖြင့် သုံးချောင်းထောက်စနစ်ပြန်လည် အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နှင့် နီးနီးကပ်ကပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားရေးဝန်ကြီးဌာန၏ ရှေ့တန်းတွင် တရားစီရင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် တရားသူကြီးများ၊ ဥပဒေတာဝန်ခံများ၊ အကျဉ်းဦးစီးဌာနတာဝန်ရှိသူများ တရားမျှတမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြီးမားသည့် တာဝန်များကိုဆောင်ရွက်နေကြရာ အင်မတန်မှ မွန်မြတ်သည့် လုပ်ငန်းများဖြစ်ပြီး လေးစားဖွယ်ရာကောင်းကြောင်း၊ သို့ဖြစ်၍ တရားရေးဌာန၏ လုပ်ငန်းတာဝန်များအနေဖြင့် ဖက်ဒရယ်စနစ်ကိုသွားပြီး ရှေ့ပြေးတာဝန်များဖြစ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။
အစည်းအဝေးသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတန်းအတွင်းဝန် ဦးမင်းနောင်ခိုင်၊ ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူများ၊ မြေပြင်တရားရုံး(၂၈)ရုံးမှ မြို့နယ်တရားသူကြီးများ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်များကြောင့် ကျေးရွာပေါင်း (၁၆) ရွာမှ ပြည်သူလူထု စုစုပေါင်း (၁၄၁၁၇) ဦးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ
ဇူလိုင်လ (၁၆ ) ရက်
ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်များကြောင့် ကျေးရွာပေါင်း (၁၆) ရွာမှ ပြည်သူလူထု စုစုပေါင်း (၁၄၁၁၇) ဦးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဇူလိုင်၁၆ရက်မှာ KNU ကအသိပေးဖော်ပြထားပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ရွှေကျင်မြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၂၀ နှင့် ခလရ-၂၆၄ တပ်များ ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ကြောင်းထိုးဝင်ရောက်လာမှုများကြောင့် ပြည်သူ (၁) ဦးဒဏ်ရာ ရရှိပြီး (၃) ဦးဖမ်းဆီးခံရကာ နေအိမ် (၃) လုံးပျက်စီးသည့်အပြင် ကျေးရွာပေါင်း (၁၆) ရွာမှ ပြည်သူလူထု စုစုပေါင်း (၁၄၁၁၇) ဦးမှာ အသက်ဘေးလွတ်ရာသို့ ထွက်းပြေးတိမ်းရှောင်နေရလျက်ရှိတယ်လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လ (၉)ရက်နေ့တွင် ခလရ-၂၆၄သည် ပိန်းဇလုပ်စခန်းမှနေ၍ ချုံအင်းကျေးရွာနှင့် ကောက်မယ့်သူကျေးရွာတွင်းသို့ လက်နက်ကြီး(၂)လုံးပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်မှုကြောင့် စိုက်ပျိုး မြေနေရာ အနည်းငယ်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့တွင် ခလရ-၂၆၄သည် ဂွေးကုန်းကျေးရွာ၊ ချုံအင်းကျေးရွာနှင့် ကောက်မယ့်သူကျေးရွာအတွင်းသို့ လက်နက်ကြီး (၈၁) မမ (၃)လုံး ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများ ထိမှန်ပြီး အရပ်သား နေအိမ် (၃)လုံးပျက်စီးခဲ့ရပါတယ်။
========================
📌📌 ၆။ ခင်ဦးမြို့နယ် အင်းပတ်ဂွေ့ တပ်စွဲထားသော အကြမ်းဖက်စကစများမှ (၆၀)မလက်နက်ကြီးဖြင့် အင်းပတ်ကျေးရွာစာသင်ကျောင်းသို့ (၂)ချက်ကျရောက်ရာ ပြည်သူတစ်ဦး ပွဲချင်းပြီးသေဆုံး
ဇူလိုင်၁၆
ခင်ဦးမြို့နယ် အင်းပတ်ဂွေ့ တပ်စွဲထားသော အကြမ်းဖက်စကစများမှ (၆၀)မမလက်နက်ကြီးဖြင့် အင်းပတ်ကျေးရွာစာသင်ကျောင်းသို့ (၂)ချက်ကျရောက်ရာပြည်သူတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဇူလိုင်၁၆ရက်မှာ Khin U People Defence Forceက အတည်ပြုဆိုပါတယ်။
"ခင်ဦးမြို့နယ် အင်းပတ်ဂွေ့ တပ်စွဲထားသော အကြမ်းဖက်စကစတပ်များမှ (၆၀)မမလက်နက်ကြီးဖြင့် အင်းပတ်ကျေးရွာစာသင်ကျောင်းတို့ (၂)ချက်ကျရောက်ရာပြည်သူတစ်ဦး ပွဲချင်းပြီးသေဆုံး/တစ်ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်"လို့ဆိုပါတယ်။
အနီးအနားဝန်းကျင်ရှိ ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များ အထူးဂရုစိုက်ကြဖို့ ခင်ဦးKUPDFကအသိပေးထားပါတယ်။
========================
📌📌 ၇။ မြင်းခြံနယ် ထိန်ပန်းနဲ့ ရွာသစ်ကြားမှာ စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၁၇ဦးခန့်ထိခိုက်သေဆုံး
ဇူလိုင် ၁၆ ရက်
မြင်းခြံနယ် ထိန်ပန်းနဲ့ရွာသစ်ကြားမှာ စစ်ကူလာတဲ့အကြမ်းဖက်စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၁၇ဦးခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ဇူလိုင်၁၆ရက်မှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးဆိုထားပါတယ်။
"ဇူလိုင်၁၆ရက် မနက် ၈ နာရီကျော်က တောင်ပုံရွာအနီးမှာ အင်အား ၂၀ခန့်ပါ စကစတပ်ကို MGN 35နဲ့ ဗိုလ်စက္ကတို့အဖွဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကူလာသော ကား ၂ စီးကို ထိန်ပန်းနဲ့ ရွာသစ်ကြားမှာ ၁၂ လုံးမိုင်းနဲ့ဆွဲခဲ့ရာ စကစဘက်က ၁၇ ဦးခန့်သေဆုံးတယ်လို့ သိရပါတယ်"လို့ဆိုပါတယ်။
မြင်းခြံနယ်ဟာ စကစတပ်များ နယ်မြေစိုးမိုးမှုရရှိရေး လုပ်ဆောင်နေရသော နေရာဖြစ်ပြီး လုံခြုံရေးအများအပြားနဲ့သာ လှုပ်ရှားသွားလာလေ့ရှိတဲ့နယ်မြေလည်းဖြစ်ပါတယ်။
========================
📌📌 ၈။ တနင်္သာရီမြို့နယ်၏ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်သည့် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို ခရီးသွားလာခွင့်(ယာယီ) ပိတ်သိမ်းလိုက်
ဇူလိုင် (၁၆)ရက်
တနင်္သာရီမြို့နယ်၏ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်သည့် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို ခရီးသွားလာခွင့်(ယာယီ) ပိတ်သိမ်းလိုက်တယ်လို့ ဇူလိုင်၁၆ရက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တနင်္သာရီမြိုနယ်က အသိပေးကြေညာပါတယ်။
ထုံခါ-မောတောင်လမ်းပေါ်တွင် ဇူလိုင်၁၅ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာမည်ဖြစ်၍ ခရီးသွားပြည်သူများ ထိခိုက်မှုမရှိစေရန် ထုတ်ပြန်ခြင်းဖြစ်တယ်လို့ရှင်းလင်းထားပါတယ်။
အသိပေးထုတ်ပြန်ချက်အားအတိအကျ လိုက်နာပေးရန် ခရီးသွားပြည်သူများအား အသိပေးပန်ကြားထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment