၂၀၂၃ ဇူလိုင်လ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးဖွံဖြိုးရေးဘဏ်အကောင့်ဖွင့်ရာတွင် ကနဦးအပ်နှံငွေ သွင်းထားရန်မလိုဘဲဆောင်ရွက်နိုင်
📌 ၂။ အကြမ်းဖက်စစ်တပ်က ယင်းမာပင်မြို့နယ် စုန်းချောင်းရွာမှာ ကင်းစောင့်နေသော ကာကွယ်ရေးရဲဘော်သုံးဦးကိုသတ်ဖြတ်၍ အရပ်သားဆယ်ဦးကိုဖမ်းဆီးသွား
📌 ၃။ ၂၀၂၃ ခုနှစ် ဇွန်လတိုက်ပွဲများအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီး (၁) ဦး၊ ဒု-ဗိုလ်မှူးကြီး (၁) ဦး နှင့် နယ်ထိန်းရဲ အရာရှိ (၁)ဦး အပါအဝင် စုစုပေါင်း (၄၆) ဦး သေဆုံးခဲ့တယ်လို့ KNUထုတ်ပြန်
📌 ၄။ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၆ ဦးနှင့်နိုင်ငံပိုင် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းတို့ကို EUအရေးယူပိတ်ဆို့
📌 ၅။ အီတလီနိုင်ငံ မီလန်မြို့၊ Piazza dei Mercanti ရင်ပြင်၌ ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေး လူထုဆန္ဒထုတ်ဖော်ပွဲကို ကျင်းပသွားမယ်
📌 ၆။ ဝက်လက်မြို့နယ် အနောက်ခြမ်း စိုင်နိုင်ဂွေ့အထိုင်စခန်းတွင် ညအိပ်နားခဲ့သောစကစတပ်များ ယနေ့မနက် ပဒေသာမိုင်းများထိ၍ ငါးဦးထက်မနည်းသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးဖွံဖြိုးရေးဘဏ်အကောင့်ဖွင့်ရာတွင် ကနဦးအပ်နှံငွေ သွင်းထားရန်မလိုဘဲဆောင်ရွက်နိုင်
ဇူလိုင်၂၁ရက်
နွေဦးဖွံဖြိုးရေးဘဏ်အကောင့်ဖွင့်ရာတွင် ကနဦးအပ်နှံငွေ သွင်းထားရန်မလိုဘဲ အကောင့်သီးသန့်ဖွင့်၍ ဆောင်ရွက်နိုင်တယ်လို့ ဇူလိုင်၂၀ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်နှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိူင်ကပြောကြားခဲ့ပါတယ်။
"အခြားပုဂ္ဂလိကဘဏ်တွေမှာ စာရင်းဖွင့်ရာတွင် ကနဦးအပ်နှံငွေ ငါးထောင်၊ တစ်သောင်း သွင်း၍ အကောင့်ဖွင့်နေရတာဖြစ်တယ်။နွေဦးဖွံဖြိုးရေးဘဏ်မှာ အကောင့်ဖွင့်ရင် တပြားတချပ်မှ ပေးစရာမလိုပါဘူး။ဘဏ်စနစ်တခုလုံး အသုံးပြုနိုင်အောင် စီစဉ်ထားတာပါ။ ဒါတွေအားလုံးက တော်လှန်ရေးကို ဦးတည်တဲ့၊ ရည်ရွယ်တဲ့ ဘဏ္ဍာရေးတိုက်စစ်ဆောင်ရွက်နေတာဟာဖြစ်ပါတယ်"လို့လည်း ဝန်ကြီးကဆိုပါတယ်။
နွေဦးဖွံဖြိုးရေးဘဏ်ကိုဘဏ်ဖွင့်လှစ်ပြီး ၆လအတွင်း သုံးစွဲသူ ၁ သိန်းရရှိရန်နှင့် နောက်ထပ် ၆လအတွင်း သုံးစွဲသူ ၅ သိန်းအထိ ရည်မှန်းထားပါတယ်။
လတ်တလောမှာ ဘဏ်အပ်နှံငွေကို တစ်လ၊ သုံးလ၊ ခြောက်လ၊ တစ်နှစ် သတ်မှတ်၍ နှုန်းထားအလိုက် ဘဏ်တိုးပေးသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။
NUG ဟာ အများပြည်သူကြားမှာ ရန်ပုံငွေ မတည် ရှာဖွေတဲ့ နည်းနာ crowdfunding model ကို အောင်အောင်မြင်မြင် အသုံးပြုပြီး ဘဏ္ဍာငွေကြေး ရန်ပုံငွေ မတည်တာမျိုးတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ နိုင်ငံတကာ သုတေသီတွေက အသိအမှတ်ပြု ပြောဆိုထားပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်က ယင်းမာပင်မြို့နယ် စုန်းချောင်းရွာမှာ ကင်းစောင့်နေသော ကာကွယ်ရေးရဲဘော်သုံးဦးကိုသတ်ဖြတ်၍ အရပ်သားဆယ်ဦးကိုဖမ်းဆီးသွား
ဇူလိုင်၂၁ရက်
အကြမ်းဖက်စစ်တပ်က ယနေ့မနက်အစောပိုင်းမှာ ယင်းမာပင်မြို့နယ် စုန်းချောင်းရွာသို့ ဝင်ရောက်ပြီး ကင်းစောင့်နေသော ကာကွယ်ရေးရဲဘော်သုံးဦးကိုသတ်ဖြတ်၍ အရပ်သားဆယ်ဦးကိုဖမ်းဆီးသွားတယ်လို့ ဇူလိုင်၂၁ရက်မှာ ကျောက်လုံးကြီး KLG တပ်မဟာကအသိပေးဆိုပါတယ်။
"ယနေ့ မနက်ခင်း သုံးနာရီအချိန်ခန့်တွင် ရွှေတောင်ဦးမှ ဆင်းလာသော စခများသည် ယင်းမာပင်မြို့နယ် စုန်းချောင်းရွာသို့ ဝင်ရောက်ပြီး ကင်းစောင့်နေသော ရဲဘော်သုံးဦးကိုသတ်ဖြတ်သွားပါတယ်"လို့ဆိုပါတယ်။
ထို့နောက် နေအိမ်တစ်လုံးမီးရှို့သွားပြီး ပြည်သူဆယ်ဦးခန့် ဖမ်းဆီးသွားကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၃။ ၂၀၂၃ ခုနှစ် ဇွန်လတိုက်ပွဲများအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီး (၁) ဦး၊ ဒု-ဗိုလ်မှူးကြီး (၁) ဦး နှင့် နယ်ထိန်းရဲ အရာရှိ (၁)ဦး အပါအဝင် စုစုပေါင်း (၄၆) ဦး သေဆုံးခဲ့တယ်လို့ KNUထုတ်ပြန်
ဇူလိုင်၂၁ရက်
ဇူလိုင်၂၁ရက်မှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက အခုလိုအသိပေးဖော်ပြပါတယ်။
"၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက် မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက် အတွင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်တွင် စစ်ဘက်ဆိုင်ရာ ကြေးနန်းမှတ်တမ်းအရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDO တို့၏စစ်ရေးကွပ်ကဲမှုအောက်ရှိ ပူးပေါင်း စစ်ကြောင်းများနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီး (၅) ကြိမ်နှင့် တိုက်ပွဲငယ် (၂၄) ကြိမ် ဖြစ်ပွားခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
အဆိုပါ ဇွန်လတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီး (၁) ဦး၊ ဒု-ဗိုလ်မှူးကြီး (၁) ဦး နှင့် နယ်ထိန်းရဲ အရာရှိ (၁)ဦး အပါအဝင် စုစုပေါင်း (၄၆) ဦး သေဆုံးခဲ့ကာ (၂၅) ဦး ဒဏ်ရာ ရခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့မှ (၁) ဦး တိုင်းပြည် နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်မှ ဇွန်လ အတွင်း လေကြောင်းဖြင့် (၃) ကြိမ် လာရောက် ဗုံးကြဲ ပစ်ခတ်ခဲ့ပြီး အဆိုပါ ဗုံးကြဲပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦဖြစ်သော ခရစ်ယာန် ဘုရားရှိခိုးကျောင်း (၁) ကျောင်း အနည်းငယ် ပျက်စီးခဲ့ပြီး ပြည်သူနေအိမ် (၂) လုံး ပျက်စီးခဲ့ပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၆ ဦးနှင့်နိုင်ငံပိုင် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းတို့ကို EUအရေးယူပိတ်ဆို့
ဇူလိုင် ၂၁
ဥရောပသမဂ္ဂ (အီးယူ)က မြန်မာနိုင်ငံအပေါ် ၇ ကြိမ်မြောက် အရေးယူပိတ်ဆို့မှုအနေနဲ့ ဇူလိုင် ၂၀ ရက်မှာ အရေးယူပိတ်ဆို့ဒဏ်ခတ်လိုက်တာဖြစ်ပါတယ်။
အရေးယူပိတ်ဆို့ခံရသူများဟာ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရတဲ့ ဦးအောင်ကျော်မင်းနဲ့ ဦးပိုရယ်အောင်သိန်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊စကစရဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်၊ စကစအလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ စကစကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂရဲ့ အရေးယူပိတ်ဆို့ခံထားရသူ ပေါင်းဟာ အခုဆိုရင် စုစုပေါင်း လူပုဂ္ဂိုလ် ၉၉ ဦး၊ အဖွဲ့အစည်းပေါင်း ၁၉ ခုရှိသွားပြီ ဖြစ်ပါတယ်။
အရေးယူခံရသူတွေဟာ ပိုင်ဆိုင်မှု ထိန်းချုပ်ခံရတာ၊ ဥရောပသမဂ္ဂ နယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းကို ပါတားမြစ်ခံရပါတယ်။
========================
📌📌 ၅။ အီတလီနိုင်ငံ မီလန်မြို့၊ Piazza dei Mercanti ရင်ပြင်၌ ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေး လူထုဆန္ဒထုတ်ဖော်ပွဲကို ကျင်းပသွားမယ်
ဇူလိုင်၂၁ရက်
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ တနင်္ဂနွေနေ့၊ မနက် ၁၁ နာရီခွဲအချိန်တွင် အီတလီနိုင်ငံ မီလန်မြို့၊ Piazza dei Mercanti ရင်ပြင်၌ ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေး လူထုဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
"နွေဦးတော်လှန်ရေးဟာ ပြည်သူတွေရဲ့တော်လှန်ရေးဖြစ်သလို အကျဥ်းထောင်တွေထဲမှာ လူ့မိစ္ဆာတွေလက်ထဲရောက်နေတဲ့ ပြည်သူ့သူရဲကောင်းတွေဟာလည်း အမေ့လျော့ခံမဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းလုံး သူတို့နဲ့အတူရှိနေကြောင်း သက်သေပြကြဖို့ပဲ ဖြစ်ပါတယ်"လို့ အီတလီရောက်တော်လှန်ရေးအက်အားစုကဆိုထားပါတယ်။
အဆိုပါ လူထုဆန္ဒထုတ်ဖော်ပွဲကိုလူထု ပါဝင်မှုဖြင့် အားဖြည့်ပံ့ပိုးပေးပါရန် လေးစားစွာဖိတ်ကြားထားပါတယ်။
========================
📌📌 ၆။ ဝက်လက်မြို့နယ် အနောက်ခြမ်း စိုင်နိုင်ဂွေ့အထိုင်စခန်းတွင် ညအိပ်နားခဲ့သောစကစတပ်များ ယနေ့မနက် ပဒေသာမိုင်းများထိ၍ ငါးဦးထက်မနည်းသေဆုံး
ဇူလိုင်၂၁ရက်
ဇူလိုင်၂၁ရက်မနက်ပိုင်းမှာ စကစတပ်များဟာ ပဒေသာမိုင်း နှစ်ကြိမ်ထိခဲ့တယ်လို့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးကဆိုထားပါတယ်။
"ဇူလိုင်၂၁ရက်ဝက်လက်မြို့နယ် အနောက်ခြမ်း စိုင်နိုင်ဂွေ့အထိုင်စခစခန်းတွင် ညအိပ်နားခဲ့သော စကစတပ်များဟာ မနက်၆:၀၀နာရီအချိန်ထွက်ခွာ၍ ၇;၄၀အချိန် စိုင်နိုင်လေးနဲ့ဘုံးဘွဲ့ကြားအရောက်တွင် ပဒေသာမိုင်း(၆)ပွိုင့်ရှေ့ထွက်မိုင်း(၃)ပွိုင့်မိခဲ့ပါတယ်။၈:၂၀အချိန်ပြန်လည်ထွက်ခွါစဉ် ပဒေသာမိုင်း(၁၅)ပွိုင့်ဖြင့်ဒုတိယအကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရတယ်"လို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် စကစတပ်များ(၅)ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်နိုင်ကြောင်းကို သိဒ္ဓရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်ဒေသခံပြည်သူကာကွယ်ရေးပူးပေါင်းအဖွဲ့များမှပြောကြားတယ်လို့ဆိုထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment