၂၀၂၃ ဇူလိုင်လ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ကျွမ်းကျင်သူပညာရှင်အယောက် ၅၀နဲ့ ပြည်သူကို စတင်ဝန်ဆောင်မှုပေးမယ်
📌 ၂။ စစ်ကောင်စီက ငွေတိုက်စာချုပ်တွေရောင်းချနေတာနဲ့ ငွေတိုက်လက်မှတ်တွေ ရောင်းချနေတာတွေ အားလုံး တရားမဝင်ဘူးလို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်သတိပေး
📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
📌 ၄။ NUGထိန်းချုပ်နယ်မြေတွေမှာ သုံးပိုင်းဆက်ချလံနဲ့ အခွန်ကောက်ခံခြင်းမဟုတ်ရင် ပြည်သူတွေအနေနဲ့ အခွန်အခအတွက် ပေးစရာမလိုဘူးလို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီးရှင်းလင်း
📌 ၅။ ဆောမြို့နယ် မြင်းကာတောင်၊ ကြိမ်ချောင်းလမ်းခွဲ၊ နဂါးမောက်ခြံတောင်ပေါ်များတွင် စစ်ကြောင်းထိုးလာသော ရန်သူ့တပ်ကို တိုက်ခိုက်ချေမှုန်းခဲ့ရာ ရန်သူ့တပ်သား (၁၈) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့
📌 ၆။ အကြမ်းဖက်စစ်အုပ်စုကြောင့် ရှမ်းပြည်နယ်တွင် တစ်ရာကျော်သေဆုံးခဲ့ပြီး (၆၂၁) ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်
📌 ၇။ “အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့” Campaignစုစုပေါင်း EOD ရှယ်ယာ ၃,၅၃၂ စောင်တိတိ ရောင်းချပေးခဲ့ရပြီး ဒေါ်လာ ၃ သိန်း ၅ သောင်းကျော် ရရှိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ကျွမ်းကျင်သူပညာရှင်အယောက် ၅၀နဲ့ ပြည်သူကို စတင်ဝန်ဆောင်မှုပေးမယ်
ဇူလိူင်၂၀ရက်
ဇူလိုင်၂၀ရက်မှာ နွေဦးဖွံ့ဖြိုးရေးဘဏ် အကြိုဖွင့်လှစ်ကြောင်း တရားဝင်အသိပေးခြင်းနှင့် Web Application (Beta) မိတ်ဆက်ခြင်း သတင်းစာရှင်းလင်းပွဲအခမ်းအနားမှာ နွေဦးဖွံဖြိုးရေးဘဏ်မှ CEO office Calvin Tက "နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ကျွမ်းကျင်သူပညာရှင်အယောက်၅၀နဲ့ပြည်သူကိုစတင်ဝန်ဆောင်မှုပေးမယ်” လို့ ပြောပါတယ်။
"မြန်မာပြည်ရဲ့ ပထမဦးဆုံးဘဏ် ဒစ်ဂျစ်တယ်ဘဏ်ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုနဲ့ ဆောင်ရွက်မယ့် ကျွမ်းကျင်သူ အယောက်၅၀နဲ့ ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
နွေဦးဖွံဖြိုးရေးဘဏ်ကို ဇူလိုင်လ၂၂ရက်နေ့တွင် စတင်စမ်းသပ်ဝန်ဆောင်မှု စမှာဖြစ်ပြီးတော့ သြဂုတ်လအတွင်း ဝန်ဆောင်မှုအပြည့် စတင်ပေးမှာဖြစ်ပါတယ်။
ငွေကြေးအနေနဲ့ ဒေါ်လာ၊ မြန်မာကျပ်ငွေ၊ စင်္ကာပူဒေါ်လာ၊ ထိုင်းဘတ်ငွေ လေးမျိုးကို စတင်အသုံးပြုလက်ခံမှာဖြစ်တယ်လို့သိရပါတယ်။
"ဒီနွေဦးဖွံဖြိုးရေးဘဏ်ဟာ စကစရဲ့လက်ကနေ ပြည်သူတွေအတွက် ဘဏ္ဍာရေးဆိုင်ရာလုံခြုံမှုကို ကာကွယ်ရန်တာဝန်ရှိတယ်လို့ ခံယူတဲ့အတွက် ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်"လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။
နွေဦးဖွံဖြိုးရေးဘဏ်ကို ဖွင့်လှစ်ရန်အချိန် ခုနစ်လတာအထိ ပြင်ဆင်ခဲ့ပြီး နိုင်ငံတကာဘဏ်များနဲ့ပါ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီက ငွေတိုက်စာချုပ်တွေရောင်းချနေတာနဲ့ ငွေတိုက်လက်မှတ်တွေ ရောင်းချနေတာတွေ အားလုံး တရားမဝင်ဘူးလို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်သတိပေး
ဇူလိုင်၂၀
ဇူလိုင်၂၀ရက်မှာပြုလုပ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် အကြိုဖွင့်လှစ်ကြောင်း တရားဝင်အသိပေးခြင်းနှင့် Web Application (Beta) မိတ်ဆက်ခြင်း သတင်းစာရှင်းလင်းပွဲအခမ်းအနားမှာ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က "စစ်ကောင်စီက ငွေတိုက်စာချုပ်တွေရောင်းချနေတာနဲ့ ငွေတိုက်လက်မှတ်တွေရောင်းချနေတာတွေ အားလုံး တရားမဝင်ဘူး” လို့ သတိပေးဆိုလိုက်ပါတယ်။
"အကြမ်းဖက်စစ်တပ်က ဒီနေ့ ဒီအချိန်အထိ ဘဏ္ဍာရေးပိုင်းဆိုင်ရာ၊ ငွေရေးကြေးရေးပိုင်းဆိုင်ရာ သက်ဆိုးရှည်နေတာက ပြောရမယ် ဆိုလို့ရှိရင် ငွေတိုက်စာချုပ်တွေကို သူရောင်းပိုင်ခွင့်မရှိတဲ့ တရားမဝင်အစိုးရကနေပြီးတော့ ရောင်းချတဲ့ ဒီငွေတွေကနေပြီးတော့ ပြည်သူကို ပြန်လည်သတ်ဖြတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် အဓိကဒေါက်တိုင် ဝင်ငွေအနေနဲ့ ရရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျနော်တို့အနေနဲ့က ဒီလိုမျိုး ငွေတိုက်စာချုပ်တွေရောင်းချနေတာတွေ၊ ငွေတိုက်လက်မှတ်တွေရောင်းချနေတာတွေ ဒီဟာတွေအားလုံးကို တရားလည်းမဝင်ဘူး။ ဒုတိယအချက်က အဲ့ငွေတွေနဲ့ပေါ့နော် ပြည်သူတွေပြန်ပြီးတော့ အကြမ်းဖက်လုပ်ရပ်တွေ ပြန်ပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်။ ကျူးလွန်နေတာဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင်နေတဲ့ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေကအစပေါ့။ လုပ်ငန်းရှင်တွေ စီးပွားရေးသမားတွေအနေနဲ့က ဒါကိုတာဝန်ခံရပါလိမ့်မယ်"လို့ဝန်ကြီးကဆိုပါတယ်။
အဆိုပါ စကစရဲ့ငွေတိုက်စာချုပ်ဝယ်ယူသူများကိုလည်း ပြတ်ပြတ်သားသား ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
ဇူလိုင်လ ၂၀ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၉/၂၀၂၃) ကို ဇူလိုင်၂၀ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၈/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ NUGထိန်းချုပ်နယ်မြေတွေမှာ သုံးပိုင်းဆက်ချလံနဲ့ အခွန်ကောက်ခံခြင်းမဟုတ်ရင် ပြည်သူတွေအနေနဲ့ အခွန်အခအတွက် ပေးစရာမလိုဘူးလို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီးရှင်းလင်း
ဇူလိုင်၂၀
NUGထိန်းချုပ်နယ်မြေတွေမှာ သုံးပိုင်းဆက်ချလံနဲ့ အခွန်ကောက်ခံခြင်းမဟုတ်ရင် ပြည်သူတွေအနေနဲ့ အခွန်အခအတွက် ပေးစရာမလိုဘူးလို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးကပြောပါတယ်။
ဇူလိုင်၂၀ရက်မှာ နွေဦးဖွံ့ဖြိုးရေးဘဏ် အကြိုဖွင့်လှစ်ကြောင်း တရားဝင်အသိပေးခြင်းနှင့် Web Application (Beta) မိတ်ဆက်ခြင်း သတင်းစာရှင်းလင်းပွဲအခမ်းအနားမှာ သတင်းသမားမေးမြန်းမှုအပေါ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးကပြောပါတယ်။
"ကျနော်တို့ NUGအနေနဲ့ တော်လှန်ရေးထိန်းချုပ်ဧရိယာ ၃၈မြို့နယ်မှာ အခွန်ကောက်ခံနေတာရှိပါတယ်။ အိမ်ထောင်တွေကိုကောက်ခံခိုင်းတာမရှိပါဘူး။ လုပ်ငန်းကိုပဲ အခွန်ကောက်ခံတာရှိပါတယ်။ မြို့နယ်မှာရှိတဲ့ အခွန်တော်ဆိုင်ရာ အခွန်တော်အရာရှိနဲ့ အခွန်ချလံနဲ့ အခွန်ကောက်ခံတာဖြစ်ပါတယ်။ သုံးပိုင်းဆက်ချလံနဲ့ လုပ်ငန်းရှင်ကိုပဲကောက်ပါတယ်။ ချလံနဲ့မဟုတ်ရင် ပြည်သူတွေအနေနဲ့ အခွန်ပေးပို့စရာမလိုပါဘူး"လို့ ဒုဝန်ကြီးကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ ကျပ်ငွေ ၁၀ဘီလီယံ အထိကောက်ခံရရှိခဲ့ပြီး အခွန်များကို သုံးပုံပုံ၍ တော်လှန်ရေးအတွက် စီးဆင်းခြင်း၊ မြို့နယ်ပအဖသို့ စီးဆင်းခြင်း၊ ပြည်ထောင်စုသို့ ခွဲဝေပေးခြင်းတို့ကိုဆောင်ရွက်ကြောင်းသိရပါတယ်။
========================
📌📌 ၅။ ဆောမြို့နယ် မြင်းကာတောင်၊ ကြိမ်ချောင်းလမ်းခွဲ၊ နဂါးမောက်ခြံတောင်ပေါ်များတွင် စစ်ကြောင်းထိုးလာသော ရန်သူ့တပ်ကို တိုက်ခိုက်ချေမှုန်းခဲ့ရာ ရန်သူ့တပ်သား (၁၈) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့
ဇူလိုင်လ (၂၀) ရက်နေ့
ဆောမြို့နယ် မြင်းကာတောင်၊ ကြိမ်ချောင်းလမ်းခွဲ၊ နဂါးမောက်ခြံတောင်ပေါ်များတွင် စစ်ကြောင်းထိုးလာသော ရန်သူ့တပ်ကို တိုက်ခိုက်ချေမှုန်းခဲ့ရာ ရန်သူ့တပ်သား (၁၈) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဇူလိုင်၂၀ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်)ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးဆိုပါတယ်။
ဇူလိုင်လ (၁၄)ရက်နေ့မှ (၁၇) ရက်နေ့ထိ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ဒေသအခေါ် မြင်းကာတောင်၊ ကြိမ်ချောင်းလမ်းခွဲ၊ နဂါးမောက်ခြံတောင်ပေါ်များတွင် စစ်ကြောင်းထိုးလာသော ရန်သူ့တပ်၏ တပ်မ(၅၅၊ ၇၇၊ ၁၀၁)ပူးပေါင်းအင်အား (၁၃၀)ခန့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင်အမှတ် (၈၊၁၃) ပခုက္ကူခရိုင် အမှတ်(၅၊၁၉)၊ မကွေးခရိုင်အမှတ် (၁)တပ်ရင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြရာ ရန်သူ(၃)ဦး ကျဆုံးပြီး ထိုခိုက်ဒဏ်ရာအများအပြားရရှိခဲ့တယ်လို့ဆိုပါတယ်။
ဇူလိုင်လ (၁၆) ရက်နေ့နှင့် (၁၇)ရက်နေ့တို့တွင် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အကြည်ကတင်းကျေးရွာအနီးရောက်ရှိလာသော ရန်သူ့တပ်၏ တပ်မ(၅၅၊ ၇၇၊ ၁၀၁) ပူးပေါင်းအင်အား(၁၈၀)ခန့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်အမှတ် ၃/၅ မင်းဘူးခရိုင်အမှတ် ၁/၂/၅ တပ်ရင်းများက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရန်သူ(၁၅)ဦးခန့်ကျဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ရင်းများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၆။ အကြမ်းဖက်စစ်အုပ်စုကြောင့် ရှမ်းပြည်နယ်တွင် တစ်ရာကျော်သေဆုံးခဲ့ပြီး (၆၂၁) ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်
ဇူလိုင်၂၀ရက်
ဇူလိုင်၂၀ရက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ အကြမ်းဖက်စစ်အုပ်စုကြောင့် ရှမ်းပြည်နယ်တွင် တစ်ရာကျော်သေဆုံးခဲ့ပြီး (၆၂၁) ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် ရှမ်းပြည်နယ်တွင် (၁၁၁) ဦး သေဆုံးခဲ့ပါတယ်။
ထို့ပြင် ရှမ်းပြည်နယ်၌ (၁၀၇၆) ဦး ဖမ်းဆီးခံခဲ့ရပြီး (၆၂၁) ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရဆဲ လူပုဂ္ဂိုလ်များအနက် မတရားပုဒ်မများဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသူ (၁၆၆) ဦး ပါဝင်ပါတယ်။
========================
📌📌 ၇။ “အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့” Campaignစုစုပေါင်း EOD ရှယ်ယာ ၃,၅၃၂ စောင်တိတိ ရောင်းချပေးခဲ့ရပြီး ဒေါ်လာ ၃ သိန်း ၅ သောင်းကျော် ရရှိခဲ့
ဇူလိုင်၂၀
“အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့” Campaignစုစုပေါင်း EOD ရှယ်ယာ ၃,၅၃၂ စောင်တိတိ ရောင်းချပေးခဲ့ရပြီး ဒေါ်လာ ၃ သိန်း ၅ သောင်းကျော် ရရှိခဲ့တယ်လို့ ဇူလိုင်၂၀ရက်မှာ EODရှယ်ယာက အသိပေးဖော်ပြပါတယ်။
“အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့” Campaign ဟာ ကြိုတင်သတ်မှတ်ထားတဲ့ ၁၉ ရက် ဇူလိုင် ၂၀၂၃ နေ့မှာပဲ ရပ်နားခဲ့ပါတယ်။ ပြည်သူတွေကို အသိပေးတိုက်တွန်းခဲ့တဲ့ ဇွန်လ ၂၅ ရက်ကနေ နောက်ဆုံး Campaign သိမ်းချိန်အထိ စုစုပေါင်း EOD ရှယ်ယာ ၃,၅၃၂ စောင်တိတိ ရောင်းချပေးခဲ့ရပါတယ်။ အညာကို ခွန်အားဖြည့်ဖို့ ဒေါ်လာ ၃ သိန်း ၅ သောင်းကျော် ရရှိခဲ့တာပါ"လို့ ဆိုပါတယ်။
Campaign မှာ တက်ကြွစွာ အားဖြည့်ခဲ့ကြသူ တော်လှန်ပြည်သူ တစ်ဦးတစ်ယောက်စီတိုင်းအား လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပြီး ကောက်ခံရရှိငွေများ အားလုံးကို အညာမြေပြင်သို့ ဆက်တိုက်ပို့ဆောင်ပေးနေပြီလို့လည်းဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment