၂၀၂၃ ဇူလိုင်လ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တရားမျှတမှုနှင့် လွတ်လပ်ရေးတိုက်ပွဲတွင် ရဲရင့်သော မြန်မာတို့နှင့်အတူ ရပ်တည်ဖို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် Burmese American Community Institute မှ ကျောင်းသား၄၀ကျော် လာရောက်တွေ့ဆုံ
📌 ၃။ ဝက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးလျက်ရှိသော စကခ(၁၀) လက်အောက်ခံ ခမရ(၃၆၈) ဖောင်းပြင်မြို့အခြေစိုက် ဖက်စစ်တပ်မှ ရဲဘော်(၃)ဦး လက်နက်များနှင့်အတူ ပြည်သူ့ရင်ခွင်ဝက်လက်သို့ ခိုလှုံရောက်ရှိလာ
📌 ၄။ မြိုင်မြို့နယ် သရက်ကန်ပျူစခန်းသို့ ရိက္ခာပို့ရောက်လာပြီး ကန်ကလေးရွာသို့ဝင်ကာ ပြည်သူပိုင်ပစ္စည်းများကို ဝင်ရောက်ဖျက်စီးသွားသော စကစစစ်ကြောင်းအား ကာကွယ်ရေးတပ်များတိုက်ခိုက်
📌 ၅။ ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းရှိ ကျောက်ပန်းညိုကျေးရွာနှင့် ဝမ်အောင်း(ရှမ်း) ကျေးရွာများသို့စစ်ကောင်စီမှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး၍ ကာကွယ်ရေးတပ်များနဲ့ပြင်းထန်စွာတိုက်ပွဲ ဖြစ်ပွား
📌 ၆။ ဂျပန်နိုင်ငံ ( တိုကျိုမြို့ )မှာ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ကျင်းပမည်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တရားမျှတမှုနှင့် လွတ်လပ်ရေးတိုက်ပွဲတွင် ရဲရင့်သော မြန်မာတို့နှင့်အတူ ရပ်တည်ဖို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
ဇူလိုင်၂၂
ဇူလိုင်၂၁ရက်နေ့တွင်ဖြစ်ပွားခဲ့သော ယင်းမာပင်မြို့နယ် စုန်းချောင်းရွာမှာ စကစတပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၎င်း၏Twitterမှတစ်ဆင့် အခုလို ရေးသားထားပါတယ်။
"လူမျိုးတုံးသတ်ဖြတ်မှုကို စစ်တပ်က ကြိုးကိုင်ထားတဲ့ မြန်မာနိုင်ငံမှာ ရင်တွင်းနာဖွယ်ရာ လူသတ်ပွဲကြီးပါပဲ။ ကမ္ဘာနှင့် အိမ်နီးနားချင်းများအတွက် ဤဘီလူးများကို ပြတ်ပြတ်သားသား အရေးယူခြင်းမပြုမီ အသက်မည်မျှဆုံးရှုံးရမည်နည်း။ တရားမျှတမှုနှင့် လွတ်လပ်ရေးတိုက်ပွဲတွင် ရဲရင့်သော မြန်မာတို့နှင့်အတူ ရပ်တည်ပါ"လို့ဆိုထားပါတယ်။
ဇူလိုင်၂၁ရက် နံနက်အစောပိုင်း စကစတပ်များကဝင်စီး၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးကို ကနဦးသတ်ဖြတ်ခဲ့ကာ အရပ်သားဆယ့်တစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် Burmese American Community Institute မှ ကျောင်းသား၄၀ကျော် လာရောက်တွေ့ဆုံ
ဇူလိုင်၂၂ရက်
ဇူလိုင်လအတွင်း အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် Burmese American Community Institute မှ Executive Director - Mr Elaisa Vahnie ဦးဆောင်သော Upward College Summer Scholar Program မှ Burmese -American ကျောင်းသား ၄၀ကျော်နှင့် အဖွဲ့မှ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား နယူးယောက်မြို့ရှိ ၎င်း၏ရုံးခန်းတွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲတွင် သံအမတ်ကြီးမှ မိတ်ဆက်စကားနှင့် ကုလသမဂ္ဂဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းပြောကြားပြီး မြန်မာ့နွေဦးတော်လှန်ရေးနှင်ပတ်သက်ပြီး ကျောင်းသားများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
သံအမတ်ကြီးမှ ယခုလာရောက်တွေ့ဆုံသော ကျောင်းသားများသည် Burmese American Community အတွက် အနာဂတ်ပင်ဖြစ်ကျောင်း မြန်မာ့နွေဦးတော်လှန်ရေး၊ ပြန်လည်ထူထောင်ရေးတို့တွင် မိမိတို့တတ်နိုင်သည့်ဘက်မှ ပြန်လည်ကူညီပေးကြစေလိုကြောင်း အမှာစကားပါးပြောကြားခဲ့ပါတယ်။
Executive Director - Mr Elaisa Vahnie မှ မြန်မာ့နွေဦးတော်လှန်ရေးသံတမန်ရေးရာ ကိစ္စရပ်များတွင် သံအမတ်ကြီး၏အခန်းကဏ္ဍသည် အင်မတန်အရေးကြီးကြောင်း ကုလသမဂ္ဂတွင် သံအမတ်ကြီးဆက်လက်တည်ရှိရေးအတွက်လည်း Burmese American Community Institute မှ အစွမ်းကုန်ကြိုးစားကူညီမည်ဟု ကတိပေးကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။
လာရောက်တွေ့ဆုံသော အဖွဲ့တွင် Burmese American Community Institute မှ Executive Director - Mr Elaisa Vahnie , Program Supporter- Dr Bawi Mang Lian, Program Director - Lian Sang, MP - U Zaw Thein, Program Coordinator: Va Chha နှင့် Upward College Summer Scholar Program မှ ကျောင်းသားများပါဝင်ခဲ့ပါတယ်။
========================
📌📌 ၃။ ဝက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးလျက်ရှိသော စကခ(၁၀) လက်အောက်ခံ ခမရ(၃၆၈) ဖောင်းပြင်မြို့အခြေစိုက် ဖက်စစ်တပ်မှ ရဲဘော်(၃)ဦး လက်နက်များနှင့်အတူ ပြည်သူ့ရင်ခွင်ဝက်လက်သို့ ခိုလှုံရောက်ရှိလာ
ဇူလိုင်၂၂ရက်
ဇူလိုင်၂၂ရက်မှာ ပြည်သူ့ရင်ခွင်-ဝက်လက်က ခိုလှုံဝင်ရောက်လာမှုနှင့်ပတ်သက်ပြီး အခုလိုအသိပေးဖော်ပြပါတယ်။
ဝက်လက်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျှက်ရှိကြသော ဖက်စစ်အကြမ်းဖက်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ဆက်စပ်တပ်ဖွဲ့များ အတွင်းရှိ တပ်ဖွဲ့ဝင်များ၊ ပြည်သူကိုမျက်နှာမူပြီး အမှန်တရားကိုချစ်မြတ်နိုး၍ ဓမ္မကိုလိုလားသော်လည်း အခြေနေမပေး၍ ပြည်သူ့ရင်ခွင်သို့ ဆက်သွယ်ရန် ခက်ခဲသည့် တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များခင်ဗျာ ဝက်လက်မြို့နယ်ပြည်သူ့ရင်ခွင်အနေဖြင့် ကြေငြာချက်အမှတ် (၁)၊ (၂)၊ (၃) တို့အား သီးခြားစီထုတ်ပြန် ဖိတ်ခေါ်ခဲ့ပြီး ဖြစ်ပါတယ်။ယခုရက်ပိုင်းအတွင်း ဝက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးလျက်ရှိသော စကခ(၁၀) လက်အောက်ခံ ခမရ(၃၆၈) ဖောင်းပြင်မြို့အခြေစိုက် ဖက်စစ်တပ်မှ ရဲဘော်(၃)ဦးသည် လက်နက်များနှင့်အတူ ပြည်သူ့ရင်ခွင်ဝက်လက်သို့ ခိုလှုံရောက်ရှိ လာပါတယ်လို့ဖော်ပြပါတယ်။
ပြည်သူ့ရင်ခွင်သို့ လက်နက်နှင့်အတူ CDM ပြုလုပ်လာသူတိုင်းအား ထိုက်ထိုက်တန်တန်ဆုငွေချီးမြှင့်ပေးလျက် ရှိပါတယ်။
ပြည်သူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင်သို့ ရောက်ရှိအကူညီတောင်းခံလာပါက သက်ဆိုင်ရာ ရပ်ကျေး (ပကဖ)၊ (ပအဖ) အဖွဲ့ဝင်များအား အကြောင်းကြားပြီး လိုအပ်သလို ကူညီဆောင်ရွက်ပေးကြပါရန် ဝက်လက်မြို့နယ်ပြည်သူ့ရင်ခွင် မှ မေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၄။ မြိုင်မြို့နယ် သရက်ကန်ပျူစခန်းသို့ ရိက္ခာပို့ရောက်လာပြီး ကန်ကလေးရွာသို့ဝင်ကာ ပြည်သူပိုင်ပစ္စည်းများကို ဝင်ရောက်ဖျက်စီးသွားသော စကစစစ်ကြောင်းအား ကာကွယ်ရေးတပ်များတိုက်ခိုက်
ဇူလိုင်၂၂ရက်
ဇူလိုင်၂၂ရက်မှာ စစ်ရေးသတင်းကို မြိုင်ပကဖက အခုလိုအတည်ပြုဆိုပါတယ်။
.ဇူလိုင်၂၁ရက် နေ့လည်ပိုင်း ၃ နာရီခန့်အချိန်တွင် သရက်ကန်ပျူစခန်းသို့ ရိက္ခာပို့ရောက်လာပြီး ကန်ကလေးရွာသို့ဝင်ကာ ပြည်သူပိုင်ပစ္စည်းများကို ဝင်ရောက်ဖျက်စီးသွားသော စစ်ကြောင်းအား သရက်ကန်မှ တွင်းမပျူစခန်းသို့အပြန် လမ်းတနေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ခိုက်ခဲ့မှုကြောင့် စကစတပ်က ၁ဦးသေဆုံးသွားပြီး ၃ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားကာ ရန်သူ့ ၄၀မမ ကျည်ဖူး၁ဖူးလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
တိုက်ခိုက်မှုကို မြိုင် ပကဖ ၏ တပ်ရင်း၁ / တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့(မြိုင်)နှင့် KMDFတပ်ဖွဲ့တို့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၅။ ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းရှိ ကျောက်ပန်းညိုကျေးရွာနှင့် ဝမ်အောင်း(ရှမ်း) ကျေးရွာများသို့စစ်ကောင်စီမှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး၍ ကာကွယ်ရေးတပ်များနဲ့ပြင်းထန်စွာတိုက်ပွဲ ဖြစ်ပွား
ဇူလိုင်၂၂ရက်
ဇူလိုင်၂၂ရက်မှာ စစ်ရေးသတင်းကို ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (PPDF)က အတည်ပြုထားထုတ်ပြန်ထားပါတယ်။
ဇူလိုင်၂၁ရက်ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းရှိ ကျောက်ပန်းညိုကျေးရွာနှင့် ဝမ်အောင်း(ရှမ်း) ကျေးရွာများသို့စစ်ကောင်စီမှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်လာခဲ့ခြင်းကြောင့် တော်လှန်ရေး အင်အားစုတပ်များဖြစ်သည့် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (အမှတ်- ၁၁၀၈)၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် (အမှတ်- ၁၁၀၅)၊ က လ လတ၊ KNDF တပ်ရင်း (၂၀)၊ KRU တပ်ပေါင်းစု များနှင့်ပူးပေါင်းကာ ခုခံတိုက်ခိုက်လျက်ရှိပါတယ်လို့ဆိုပါတယ်။
ယခုတွင် စစ်ကောင်စီတပ်များ ကျေက်ပန်းညိုကျေးရွာနှင့် ဝမ်အောင်းရှမ်းကျေးရွာရှိ အိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိပြီး ၂၁ ရက်နေ့ မနက်၆နာရီမှ ၂၂ ရက်နေ့အထိတိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ဂျပန်နိုင်ငံ ( တိုကျိုမြို့ )မှာ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ကျင်းပမည်
လာမည့် ဇူလိုင်၂၃ရက်နေ့တွင် နွေဦးတော်လှန်ရေးအတွင်း ဦးဆောင် လှုပ်ရှားခဲ့သည့် ခေါင်းဆောင်များ ဖြစ်ကြသည့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်၊ ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားသူများ ဖြစ်ကြသည့် ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ လေးဦးကို ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသည့် နှစ်ပတ်လည်ကို ကျရောက်မှာဖြစ်ပါတယ်။ထို့ကြောင့် တော်လှန်ရေးအတွင်းက ဖိနှိပ်အကျဉ်းကျခံနေရပြီး လွတ်မြောက်ရေးအတွက် မဆုတ်မနစ် ဆက်လက် ချီတက်လိုကြောင်း၊ အခက်အခဲများကို ခွန်အားများအဖြစ် ပြောင်းလဲ၍ ဆက်လက်တိုက်ပွဲဝင်သွားကြရန် ပြည်တွင်း/ပြည်ပ ဒီမိုကရေစီအင်အားစုများ ချိတ်ဆက်ပြီး လူထုလှုပ်ရှားမှုတစ်ခုကို ပြုလုပ်သွားကြပါမယ်"လို့ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးက ဆိုပါတယ်။ဖော်ပြပါတယ်။
ဇူလိုင်၂၃ရက်နေ့ညနေ ( ၅:၀၀ ~ ၇:၀၀ )အထိတကာဒါနိုဘာဘာ Big Box ကွင်းပြင်တွင် စုဝေးကြဖို့ဖိတ်ခေါ်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment