၂၀၂၃ ဇူလိုင်လ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ သွေးတွေဟာ အချည်းအနှီးမဖြစ်စေရကြောင်း ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ ဇူလိုင်၂၃ရက်နေ့ဟာ နွေဦးအာဇာနည်နေ့လည်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်
📌 ၃။ တော်လှန်ရေးအောင်ပွဲများ တစ်ခုနဲ့တစ်ခုချိတ်ဆက်လာပါက အားလုံးလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိူင်ရေးအတွက် အောင်ပွဲကြီးတစ်ခုရရှိလာမယ်လို့ NUGနိူင်ငံခြားရေး ဒုတိယဝန်ကြီးပြောကြား
📌 ၄။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို အမှတ်ရနေပြီး ဆွစ်ဇာလန်နိုင်ငံသည် သေဒဏ်ပေးမှုကို အလုံးစုံနှင့် အခြေအနေတိုင်းတွင် ဆန့်ကျင်တယ်လို့ ဆွစ်ဇာလန်သံရုံးကယနေ့ထုတ်ပြန်
📌 ၅။ စစ်တပ်နဲ့ပတ်သက်တဲ့ ပုဂ္ဂလိကဘဏ်တွေက ပိုက်ဆံကို ပြန်ထုတ်ဖို့ ပြည်သူလူထုသို့ ဦးမင်းကိုနိူင်တိုက်တွန်း
📌 ၆။ ဆင်ဖြူတော်တစ်နှစ်ပြည့်အထိမ်းမှတ် ကျပ်ငွေနှစ်သောင်းတန်ထုတ်ဝေမှု အများပြည်သူများ စိုးရိမ်စိတ်မြင့်တက်နေ
📌 ၇။ တောင်သာမြို့ ဇရပ်ကြီးရွာ စစ်ကြောရေးမှာ စကစတပ်များ သံတုတ်နှင့်ဦးခေါင်းကို ရိုက်နှက်စစ်ဆေးမှုကြောင့် အရပ်သားတစ်ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ သွေးတွေဟာ အချည်းအနှီးမဖြစ်စေရကြောင်း ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
ဇူလိုင်၂၃ရက်
ဇူလိုင်၂၃ရက်တွင်ကျင်းပတဲ့ ကျဆုံးသူရဲကောင်းများနှင့် နွေဦးတော်လှန်ရေးအတွင်းက အာဇာနည်များကို အောက်မေ့ဂုဏ်ပြုခြင်းအခမ်းအနားမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားလိုက်ပါတယ်။
"နိူင်ငံရေး၊စစ်ရေး အကြပ်အတည်းဆိုက်လာတဲ့ အတွက် အကြမ်းဖက်စစ်အုပ်စုဟာ အကျဥ်းထောင်တွင်းက နိူင်ငံရေးသူရဲကောင်းတွေဖြစ်တဲ့ နိူင်ငံရေးအကျဥ်းသားများကို ဓားစာခံသဖွယ် အငြိုးအတေးထား ရက်စက်လာတဲ့သဘောဖြစ်ပါတယ်။ဒီလို အကြမ်းဖက်စစ်အုပ်စုကနည်းမျိုးနဲ့ နှိပ်စက်နေတဲ့ကြားက တော်လှန်ရေးအတွက်အားတင်းရုန်းကန်နေကြတဲ့ နိူင်ငံရေးအကျဥ်းသား သူရဲကောင်းတွေရဲ့ စွန့်လွှတ်မှုနဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ သွေးတွေဟာ အချည်းအနှီးမဖြစ်စေရကြောင်းအလေးအနက်ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။
အဆိုပါအခမ်းအနားတွင် နွေဦးတော်လှန်ရေးအတွင် ကျဆုံးခဲ့တဲ့အာဇာနည်သူရဲကောင်းများကိုအလေးပြုခဲ့ပြီး တက်ရောက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုများက ဆွေးနွေးပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ ဇူလိုင်၂၃ရက်နေ့ဟာ နွေဦးအာဇာနည်နေ့လည်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်
ဇူလိုင်၂၃ရက်
နွေဦးအာဇာနည်နေ့လည်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်ပါတယ်။
ဇူလိုင်၂၃ရက်ကျင်းပတဲ့ ကျဆုံးသူရဲကောင်းများနှင့် နွေဦးတော်လှန်ရေးအတွင်းက အာဇာနည်များကို အောက်မေ့ဂုဏ်ပြုခြင်းအခမ်းအနားမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အခုလိုပြောကြားခဲ့ပါတယ်။
"ဒီကနေ့ ဇူလိုင်၂၃ရက်နေ့ဟာ နွေဦးအာဇာနည်နေ့လည်းဖြစ်ပါတယ်။အာဇာနည်တို့ရဲ့သမိုင်းဆိုတာကတော့ ကမ္ဘာတည်သရွေ့မွှေးပြန့်နေမှာပဲ ဖြစ်ပါတယ်။လူသတ်ကောင်တို့ရဲ့ သမိုင်းကတော့ ကမ္ဘာတည်သရွေ့ စက်ဆုတ်ရွံ့ရှာဖွယ် ဖြစ်နေပါလိမ့်မယ်။ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်တို့ဟာ ဆိုလို့ရှိရင် ပြည်သူ့နွေဦးတော်လှန်ရေးရဲ့ထင်ရှားတဲ့ ခေါင်းဆောင်တွေ ဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်မတော်PDFကို ထူထောင်ရာမှာလည်း ထဲထဲဝင်ဝင် ဦးဆောင်ပါဝင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို အကြမ်းဖက်စစ်အုပ်စုဟာ အကျဥ်းထောင်အတွင်း တိတ်တဆိတ် သတ်ဖြတ်မှုကိုကျူးလွန်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၈၁၉) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၃။ တော်လှန်ရေးအောင်ပွဲများ တစ်ခုနဲ့တစ်ခုချိတ်ဆက်လာပါက အားလုံးလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိူင်ရေးအတွက် အောင်ပွဲကြီးတစ်ခုရရှိလာမယ်လို့ NUGနိူင်ငံခြားရေး ဒုတိယဝန်ကြီးပြောကြား
ဇူလိုင်၂၃ရက်
ဇူလိုင်၂၂ရက်နေ့မှာကျင်းပတဲ့ သွေးကြွေးဆပ်ဖို့ ကျည်ပြန်ဖြည့်မယ် ချင်းပြည်နယ်ရဲ့ ရန်ပုံငွေကမ်ပိန်းမှာ NUGနိူင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက အခုလိုပြောကြားလိုက်ပါတယ်။
"ချင်းပြည်နယ်ဆိုတာသိတဲ့အတိုင်းပဲ ကျနော်တို့ လက်နက်ကိုင်ပြီး ခုခံတော်လှန်ရေးမှာ စခဲ့တာဖြစ်တယ်။အခုအချိန်ထိလည်းအောင်ပွဲတွေတစ်ခုပြီးတစ်ခု ကြားသိနေရတာဖြစ်တယ်။အဲဒီဒေသတစ်ခုရဲ့အောင်ပွဲဆိုတာ ဒေသတစ်ခုသက်သက်ရဲ့အောင်ပွဲမဟုတ်ပါဘူး။ပြည်ထောင်စုတစ်ခုလုံး၊ညီနောင်သွေးချင်းအားလုံးနဲ့ ဆိုင်တဲ့အောင်ပွဲ ဖြစ်ပါတယ်။ဒီအောင်ပွဲတွေဟာ စုစည်းလာမယ်။တစ်ခုနဲ့တစ်ခုချိတ်ဆက်လာမယ်ဆိုရင် ကျနော်တို့အားလုံးလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိူင်ရေးအတွက် ဒီအောင်ပွဲကြီးတစ်ခု ရရှိလာမယ်လို့ ယုံကြည်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ကရင်နီဒေသ၊ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ကရင်ပြည်နယ်တို့မှာ စကစတပ်များဟာ အထိနာကျရှုံးလျက်ရှိပြီး တော်လှန်ရေးထိန်းချုပ်နယ်မြေဧရိယာများပိုမိုတိုးလာခဲ့ပါတယ်။
========================
📌📌 ၄။ ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို အမှတ်ရနေပြီး ဆွစ်ဇာလန်နိုင်ငံသည် သေဒဏ်ပေးမှုကို အလုံးစုံနှင့် အခြေအနေတိုင်းတွင် ဆန့်ကျင်တယ်လို့ ဆွစ်ဇာလန်သံရုံးကယနေ့ထုတ်ပြန်
ဇူလိုင်၂၃
ဇူလိုင်၂၃ရက်မှာ ဆွစ်ဇာလန်သံရုံး -မြန်မာကအခုလို အသိပေးထုတ်ပြန်ထားပါတယ်။
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူလေးဦး ကိုဂျင်မီ၊ ဖြိုးဇေယျသော်၊ လှမျိုးအောင်၊ အောင်သူရဇော်တို့ နှစ်ပတ်လည်နေ့တွင် မြန်မာစစ်တပ်၏ မတရားဖမ်းဆီးချုပ်နှောင်မှု၊ ကွပ်မျက်ခံခဲ့ရသည့် နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် နိုင်ငံရေးသမားများကို အမှတ်ရနေပါတယ်။ ဆွစ်ဇာလန်နိုင်ငံသည် သေဒဏ်ပေးမှုကို အလုံးစုံနှင့် အခြေအနေတိုင်းတွင် ဆန့်ကျင်ပါတယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင်နောက်ထပ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ပစ်ဖို့၊ ပဋိပက္ခကို ပိုမိုဆိုးရွားစေတဲ့ လုပ်ရပ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုကနေ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ဖို့ကိုလည်း ဆွစ်ဇာလန်သံရုံးကဖော်ပြပါတယ်။
========================
📌📌 ၅။ စစ်တပ်နဲ့ပတ်သက်တဲ့ ပုဂ္ဂလိကဘဏ်တွေက ပိုက်ဆံကို ပြန်ထုတ်ဖို့ ပြည်သူလူထုသို့ ဦးမင်းကိုနိူင်တိုက်တွန်း
ဇူလိုင်၂၃
ပြည်သူလူထုကို စစ်တပ်နဲ့ပတ်သက်တဲ့ ပုဂ္ဂလိကဘဏ်တွေမှ ပိုက်ဆံကို ပြန်ထုတ်ဖို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိူင်ကဇူလိုင်၂၃ရက်နေ့မှာ တိုက်တွန်းပြောကြားထားပါတယ်။
"စစ်တပ်ကို ဝင်ငွေရရာရလမ်းထောက်ပံ့နေတဲ့ အဲဒီစစ်တပ်နဲ့ပိုက်ဆံအားဖြင့်ငွေအားဖြင့်လုံးပမ်းနေတဲ့ဘဏ်တွေကို ကျနော်တို့ပြည်သူလူထုကဆုံးမရပါလိမ့်မယ်။အဲဒါဘာလဲဆိုတော့ ကျနော်တို့ပြည်သူလူထုက အဲဒီဘဏ်တွေက ပိုက်ဆံပြန်ထုတ်၊ သူတို့ဆက်ပြီးတော့လည်ပတ်လို့မရတဲ့အထိ နည်းလမ်းပေါင်းစုံနဲ့လုပ်ကြရပါလိမ့်မယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုကရောင်းချတဲ့ ငွေတိုက်စာချုပ်များကို ကမ္ဘောဇဘဏ် နဲ့ ဧရာဝတီဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်အများစုက ဘဏ်လုပ်ငန်းရှင်များကဝယ်ယူထောက်ပံ့ခဲ့ပါတယ်။
"ဒါဖြင့်ရင် တော်လှန်ရေးဘဏ္ဍာရန်ပုံငွေတိုးအောင်ဆိုရင်တော့ အခုNUGအစိုးရက စတင်ဖွင့်လှစ်လိုက်တဲ့ နွေဦးဖွံဖြိုးရေးဘဏ်မှာ အကောင့်တွေဖွင့်လှစ်ရပါမယ်။ဒါကပြည်သူတွေအန္တရာယ်ကင်းကင်းနဲ့နွေဦးတိုက်ပွဲမှာ ပါဝင်လို့ရအောင် စီစဥ်ထားပါတယ်"လို့ ဦးမင်းကိုနိူင်ကထပ်မံဆိုပါတယ်။
========================
📌📌 ၆။ ဆင်ဖြူတော်တစ်နှစ်ပြည့်အထိမ်းမှတ် ကျပ်ငွေနှစ်သောင်းတန်ထုတ်ဝေမှု အများပြည်သူများ စိုးရိမ်စိတ်မြင့်တက်နေ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်သစ်လုပ်ငန်းဆင်ဝိုင်းမှ မွေးဖွားလာတဲ့ဆင်ဖြူတော် တစ်နှစ်ပြည့်မွေးနေ့အဖြစ် စစ်ကောင်စီက ကျပ်နှစ်သောင်းတန်ထုတ်ဝေလာတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်လို့ Radio NUG သတင်းထောက် မကြေးမုံကအခုလို ပေးပို့ထားပါတယ်။
ဇူလိုင်လ ၃၁ရက်နေ့မှာ စတင်ထုတ်ဝေသွားမယ့် ကျပ်နှစ်သောင်းတန်အပေါ်မှာ ရိုက်နှိပ်ထားတဲ့ ဆင်ရုပ်ကအစ မြန်မာမှုကျွမ်းကျင်သူတွေက ဆင် စဉ်မမှီတဲ့ဆင်ရုပ်အဖြစ်အသေးစိတ်ဝေဖန်နေကြပါတယ်။ ခေါင်းမမော့၊ ကိုယ်မကျော့တဲ့ ဆင်ပုံစံက မာန်ကျ၊ မာန်ချနေရတဲ့ပုံစံဖြစ်နေတယ်လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဝေဖန်ထားပါတယ်။
ပြည်ပကိုထွက်ခွာခဲ့ရတဲ့ ကော်ဖီလုပ်ငန်းရှင်တစ်ဦးကတော့ နှစ်သောင်းတန်ထုတ်ဝေ တာဟာ ပြည်ပပို့ကုန်သမားတွေ အခက်တွေ့နိုင်ပြီး စစ်ကောင်စီရဲ့ သတ်မှတ်အချိုးအ စားအတိုင်းလဲလှယ်ရမယ့်ငွေလဲစနစ်မှာလည်း ကျပ် သုံးထောင်နီးပါးကွာဟချက်တွေဖြစ် လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
အသစ်ထုတ်လိုက်တဲ့ငွေစက္ကူကို ဟောင်းနွမ်းနေတဲ့ ငွေစက္ကူတွေနဲ့ နေပြည်တော်၊ ရန် ကုန်၊ မန္တလေးက ဗဟိုဘဏ်တွေမှာ အကန့်အသတ်နဲ့လဲလှယ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၇။ တောင်သာမြို့ ဇရပ်ကြီးရွာ စစ်ကြောရေးမှာ စကစတပ်များ သံတုတ်နှင့်ဦးခေါင်းကို ရိုက်နှက်စစ်ဆေးမှုကြောင့် အရပ်သားတစ်ဦးသေဆုံး
ဇူလိုင်၂၃ရက်
ဇူလိုင်၂၃ရက်မှာ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာက ပြည်သူသေဆုံးမှုနှင့်ပတ်သက်၍ အခုလိုအသိပေးဆိုပါတယ်။
"ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းက မကွေးအခြေစိုက် တပ်မ ၈၈ လက်အောက်ခံ ဗိုလ်မှူး ဥာဏ်ထွန်းအောင်ပါဝင်သော စကစများ ဆိုင်ကယ် ၆စီးဖြင့် ဇမ္ဗူသီရိတောရိုးသို့ ရောက်ပြီး ကိုဝင်းမြိုင်+မဥမ္မာတို့နေအိမ်ကို ဝင်ရောက်ရှာဖွေကာဖုန်းသိမ်းသွားခဲ့ပါတယ်။ နေ့လည် ၁၂ နာရီမှာ ၎င်းတို့တပ်စွဲရာသို့ ကိုဝင်းမြိုင်လင်မယားအား ဆင့်ခေါ်ခဲ့ကာ ထိုနေ့က မေးမြန်းစရာမေးပြီး နှစ်ယောက်လုံးပြန်လွှတ်၍ ၂၃ ရက်နေ့ နေ့လည် ၁နာရီတွင် ကိုဝင်းမြိုင်တစ်ဦးတည်းသာ လာရောက်ရန် ထပ်မံဆင့်ခေါ်လိုက်ပြီး စစ်ကြောရေးစခန်းသို့ ရောက်ရှိခဲ့တယ်"လို့ဆိုပါတယ်။
ဇူလိုင်၂၂ရက် ည၇:၃၀ မိနစ်ဝန်းကျင်မှာ စကစများ၏ ရိုက်နှက်စစ်ဆေးမှု့ကြောင့် လက်လွန်သွားပြီး ကိုဝင်းမြိုင်မှာ သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်နေသဖြင့် မိသားစုထံ အကြောင်းကြားပြီး " ခေါင်းကိုက်သည်ဟု ဆိုသောကြောင့် ဆေးရုံသို့ပို့ရမည်၊ မိသားစုလိုက်ရန်မလိုကြောင်း" ပြောခဲ့ပြီးဦးခေါင်းတွင် မာကြောသည့် သံတုတ်နှင့် ရိုက်နှက်ခံရသည့် ပြင်းထန်ဒဏ်ရာကြောင့် ဆေးရုံတွင်သေဆုံးခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment