၂၀၂၃ ဇူလိုင်လ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူများအနေနဲ့ စစ်အာဏာရှင်အပြီးတိုင်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ကျရာကဏ္ဍကနေ ပူးပေါင်းပါဝင်ကြဖို့ ထပ်မံတိုက်တွန်းလို
📌 ၂။ ဒဏ်ခတ်အရေးယူခြင်းမှ ကင်းလွတ်နေသည့် စစ်တပ်အဖွဲ့အစည်းကြောင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့နေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများတိုးလာကြောင်း လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ထုတ်ဖော်
📌 ၄။ နွေဦးဖွံဖြိုးရေးဘဏ်၏ ကနဦးအကြိုကာလ စမ်းသပ်ဖွင့်လှစ်တဲ့ ပထမဆုံးနေ့မှာပင် နွေဦးဘဏ် စာရင်း ဖွင့်သူပေါင်း (၁,၀၀၀) ပြည့်ခဲ့
📌 ၅။ သြစတေးလျကရင်အဖွဲ့အစည်း ၂၅ နှစ်ပြည့်ငွေရတုအခမ်းအနားNUG လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးတက်ရောက်
📌 ၆။ တောင်သာမြို့ ဇရပ်ကြီးရွာတွင် အကြမ်းဖက်စစ်တပ်အထိုင်ချ၍ အရပ်သားများကို ဓားနဲ့မွှန်းစစ်ဆေးခြင်း၊ ညှင်းပန်းနှိပ်စက်ရိုက်နှက်ခြင်းများ ကျူးလွန်လုပ်ဆောင်နေ
📌 ၇။ စကစတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့်သထုံမြို့နယ်တွင်းရှိ ဒေသခံ (၃)ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူများအနေနဲ့ စစ်အာဏာရှင်အပြီးတိုင်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ကျရာကဏ္ဍကနေ ပူးပေါင်းပါဝင်ကြဖို့ ထပ်မံတိုက်တွန်းလို
ဇူလိုင်၂၂
ပြည်သူများအနေနဲ့ စစ်အာဏာရှင်အပြီးတိုင်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ကျရာကဏ္ဍကနေ ပူးပေါင်းပါဝင်ကြဖို့ ထပ်မံတိုက်တွန်းလိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက လူမှုကွန်ရက်မှာဖော်ပြပါတယ်။
"ဇူလိုင်၂၂ရက် ဒီနေ့ဟာဆိုရင် နွေဦးဘဏ်ရဲ့ အကြိုကာလ စမ်းသပ်ဖွင့်လှစ်လိုက်တဲ့ ပထမနေ့ဖြစ်ပါတယ်။ စဖွင့်လိုက်တဲ့ နေ့မှာပဲ နွေဦးဘဏ်စာရင်းဖွင့်သူပေါင်း (၁,၀၀၀) ပြည့်ခဲ့ပြီး နွေဦးဘဏ်ကို လူမှုကွန်ယက်များကနေ အားပေးဝန်းရံသူ Follower ပေါင်း (၁၀,၀၀၀) ကျော် ရှိလာပြီဆိုတာ သိရလို့ အားရဂုဏ်ယူမိပါတယ်။ ဆက်လက်ပြီးတော့လည်း မိဘပြည်သူများအနေနဲ့ စစ်အာဏာရှင်အပြီးတိုင်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ကျရာကဏ္ဍကနေ ပူးပေါင်းပါဝင်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်"လို့ဖော်ပြပါတယ်။
ယုံကြည်မှုတစ်ခု၊ ပန်းတိုင် တစ်ခုတည်းကို နောက်မဆုတ်စတမ်း အတူလက်တွဲ ချီတက်နေကြတာဟာ အားတက်စရာကောင်းသလို ဝမ်းမြောက်ဂုဏ်ယူရပါတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၂။ ဒဏ်ခတ်အရေးယူခြင်းမှ ကင်းလွတ်နေသည့် စစ်တပ်အဖွဲ့အစည်းကြောင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့နေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
ဇူလိုင်၂၂
ဇူလိုင်လအတွင်း ကျင်းပတဲ့၂၀၂၃ ခုနှစ် အဆင့်မြင့်အရာရှိကြီးများအဆင့် နိုင်ငံရေးရာဖိုရမ်၏ အထွေထွေရေးရာမိန့်ခွန်း ပြောကြားမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း က အခုလို ပြောကြားပါတယ်။
"ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်၏ ရည်မှန်းချက် (၁၆) သည် ရည်မှန်းချက် အားလုံးအကောင်အထည်ဖော်နိုင်မည့် အဓိကအခြေခံဖြစ်သည်ကို မြန်မာနိုင်ငံအနေအထားတွင် တွေ့ရှိနိုင်ကြောင်း၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ပြန်လည်တာဝန်ခံမှုနှင့် အားလုံးပါဝင်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်ရေးတို့ကို ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း၊ သို့သော်လည်း အဆင့်တိုင်းတွင် ဒဏ်ခတ်အရေးယူခြင်းမှ ကင်းလွတ်နေသည့် စစ်တပ်အဖွဲ့အစည်းများနှင့် အမြစ်တွယ်နေသော အကျင့်ဆိုးများက နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုကို လုံးဝကင်းမဲ့စေခြင်းနဲ့၊ တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ မြှင့်တက်လာခြင်းကြောင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပါ ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိကြောင်း"သံအမတ်ကြီးကဆိုပါတယ်။
ထို့အပြင်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းခြင်းသည်သာ မြန်မာနိုင်ငံအား ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်မည်မှာ လုံးဝထင်ရှားကြောင်း သံအမတ်ကြီးကဆိုပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများတိုးလာကြောင်း လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ထုတ်ဖော်
ဇူလိုင်၂၂ရက်
အကြမ်းဖက်စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများတိုးလာကြောင်း လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဇူလိုင်၂၂ရက် Twitterမှာ ထုတ်ဖော်ရေးသားအသိပေးထားပါတယ်။
"စစ်ကိုင်းတိုင်း စုန်းချောင်းကျေးရွာတွင် ဇူလိုင် ၂၁ ရက်က ထပ်မံ သတ်ဖြတ်ခံရမှုမှာ ၁၇ ဦးကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ အလောင်း ၁၄ လောင်း တွေ့ရှိခဲ့ပါတယ်။
၂၀၂၁ခုနှစ်မှစပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၄၃မှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တစ်ခုတိုင်းတွင် အရပ်သား အနည်းဆုံးငါးဦး သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်"လို့ဆိုထားပါတယ်။
ဇူလိုင်၂၁ရက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စုန်းချောင်းရွာကို စကစတပ်များက နံနက်အစောပိုင်း ဝင်ရောက်စီးနင်းကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးနဲ့အရပ်သားဆယ့်တစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၄။ နွေဦးဖွံဖြိုးရေးဘဏ်၏ ကနဦးအကြိုကာလ စမ်းသပ်ဖွင့်လှစ်တဲ့ ပထမဆုံးနေ့မှာပင် နွေဦးဘဏ် စာရင်း ဖွင့်သူပေါင်း (၁,၀၀၀) ပြည့်ခဲ့
ဇူလိုင်၂၂ရက်
နွေဦးဖွံဖြိုးရေးဘဏ်၏ ကနဦးအကြိုကာလ စမ်းသပ်ဖွင့်လှစ်တဲ့ ပထမဆုံးနေ့မှာပင် နွေဦးဘဏ် စာရင်း ဖွင့်သူပေါင်း (၁,၀၀၀) ပြည့်ခဲ့ပါတယ်လို့ ဇူလိုင်၂၂ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်လူမှုကွန်ရက်မှာအသိပေးဖော်ပြပါတယ်။
" ဇူလိုင်လ (၂၂) ရက်နေ့ ဟာ နွေဦးဘဏ်၏ ကနဦးအကြိုကာလ စမ်းသပ်ဖွင့်လှစ်တဲ့ ပထမဆုံးသော နေ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀) ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ဘဏ်၏တာ၀န်ရှိသူများ ပြောကြားသကဲ့သို့ UAT Soft Launch သို့မဟုတ် Private Beta Testing ကာလဟုလည်း မှတ်ယူနိုင်ပါတယ်။ နွေဦးဘဏ်ကို ပြည်တွင်းပြည်ပမှ ခေတ်ပေါ် နည်းပညာရှင်၊ ဘဏ္ဍာရေးဆိုင်ရာ အသိပညာရှင်တွေနဲ့ အတူ ပြင်ဆင်ဆောင်ရွက်လာခဲ့တာ (၇) လတာ ရှိပါပြီ။ လက်ရှိ ငွေကြေးအကျပ်အတည်း၊ အချိန် အကန့်အသတ်တွေကြားကနေ ပြည်သူလူထုအားလုံးရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲများစွာကို လွှမ်းခြုံပြီး ဘဏ်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် မူဝါဒဆိုင်ရာ ချမှတ်ရေးဆွဲတာတွေ၊ ၀န်ဆောင်မှုအသစ်တွေ ဖန်တီးရတာတွေ၊ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုတွေနဲ့ သမားရိုးကျဘဏ်လို မဟုတ်တဲ့အတွက် စနစ်တကျ တဆင့်ချင်း အကောင်အထည်ဖော် စီစဥ်ရတာမျိုး ရှိပါတယ်။ သို့သော် ပထမဆုံး ဘဏ်စတင်လည်ပတ်တဲ့ နေ့ day 1 မှာပဲ နွေဦးဘဏ် စာရင်း ဖွင့်သူပေါင်း (၁,၀၀၀) ပြည့်ခဲ့ပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။
နွေဦးဖွံဖြိုးရေးဘဏ်ကို လူမှုကွန်ယက်များကနေ အားပေးဝန်းရံသူ Follower ပေါင်း (၁၀,၀၀၀) ကျော် ရှိလာခဲ့ပြီဖြစ်ပါတယ်။
လက်တလော ဆောင်ရွက်သွားမယ့် Beta Version ဟာ အကန့်အသတ်ရှိနေတာမို့ စိန်ခေါ်မှုတွေ အခက်အခဲတွေ ကြုံလာခဲ့ရင်လည်း နိုင်ငံအနှံ့မှာ ခန့်အပ်ထားတဲ့ ပြည်သူ့ဓနဆက်ဆံရေးအရာရှိ (Relationship Managers) အယောက် (၁၀၀) နှင့်အတူ ပြင်ဆင်မွမ်းမံမှုတွေ အစဥ်တစိုက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ သြစတေးလျကရင်အဖွဲ့အစည်း ၂၅ နှစ်ပြည့်ငွေရတုအခမ်းအနားNUG လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးတက်ရောက်
ဇူလိုင်-၂၂
ဇူလိုင်၂၂ရက်မှာ သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်၊ ဝယ်ရီဘီးမြို့၌ သြစတေးလျ ကရင်အဖွဲ့အစည်းထူထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အခမ်းအနားကိုကျင်းပခဲ့ပြီး NUG လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးခွန်ဗဟန်းထန်တက်ရောက်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်မှ တက်ရောက်အားပေးခဲ့တယ်လို့သိရပါတယ်။
အခမ်းအနားတွင် သြစတေးလျ ကရင်အဖွဲ့အစည်းမှ တာဝန်ရှိသူများမှ အဖွဲ့အစည်း တည်ထောင်ရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ ပြောကြားရှင်းလင်းခဲ့ပြီး ကရင်အမျိုးသားဝတ်စုံများကို ဝတ်ဆင်ကာ ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ပြီးအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။
========================
📌📌 ၆။ တောင်သာမြို့ ဇရပ်ကြီးရွာတွင် အကြမ်းဖက်စစ်တပ်အထိုင်ချ၍ အရပ်သားများကို ဓားနဲ့မွှန်းစစ်ဆေးခြင်း၊ ညှင်းပန်းနှိပ်စက်ရိုက်နှက်ခြင်းများ ကျူးလွန်လုပ်ဆောင်နေ
ဇူလိုင်၂၂ရက်
တောင်သာမြို့ ဇရပ်ကြီးရွာတွင် အကြမ်းဖက်စစ်တပ်အထိုင်ချ၍ အရပ်သားများကို ဓားနဲ့မွှန်းစစ်ဆေးခြင်း၊ ညှင်းပန်းနှိပ်စက်ရိုက်နှက်ခြင်းများ ကျူးလွန်လုပ်ဆောင်နေတယ်လို့ ဇူလိုင်၂၂ရက်မှာ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာက ဖြစ်စဥ်များကိုအတည်ပြုဆိုထားပါတယ်။
"ဇရပ်ကြီးရွာမှာ တပ်စွဲထားတဲ့ တပ်မ ၈၈လက်အောက်ခံမှ ဗိုလ်မှူး ဥာဏ်ထွန်းအောင် ဦးဆောင်သော အဖွဲ့များသည် ကျေးရွာဒေသခံ ပြည်သူအချင်းချင်း၏ ပုဂ္ဂိုလ်ရေးမကျေနပ်ချက် တိုင်တန်းမှုများအပေါ် မတရားဖမ်းဆီးနှိပ်စက် ငွေညှစ်မှုများ ကျူးလွန်လျှက်ရှိပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့က ဇေယျာသီရိ(ခလဗျား)ရွာသို့ မနက်အစောရောက်ရှိသွားပြီး ၎င်းကျေးရွာနှင့် တစပ်ဆက်တည်းဖြစ်သော မခမ်းအိုင်တောရိုးသို့ ဝင်ရောက်ကာ အပြစ်မဲ့ပြည်သူ ၅ ဦးအား ဖမ်းဆီးပြီး ရက်စက်ကြမ်းကြုတ်စွာ ဓါးဖြင့်မွှန်းစစ်ဆေးခဲ့ပါတယ်"လို့ဆိုပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့ နံနက်အစော ၄း၃၀ မိနစ်ခန့်တွင်လည်း မခမ်းအိုင်တောရိုးသို့စကစတပ်များ ပြန်ဝင်ရောက်ပြီး တစ်အိမ်ဆင်း၊ တစ်အိမ်တက် ရှာဖွေခြင်းနှင့် တွေ့ရှိသည့် ပြည်သူများကို ရိုက်နှက်၊ စစ်ဖိနပ်နှင့်ကန်ရာ ပြည်သူအချို့ ဖူးရောင် ဒဏ်ရာများ၊ နားမှ သွေးထွက်ခြင်းများ ဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။
ဇူလိုင် ၂၂ရက်နေ့တွင်လည်း ဇမ္ဗူသီရိတောရိုးမှ ပြည်သူများမှာလေသေနတ်ရှိသည်ဟု ဒလန်၏ တိုင်တန်းမှု့ကြောင့် ဖမ်းဆီးရိုက်နှက် စစ်ဆေးလျှက်ရှိပြီး ယခုအချိန်ထိ ၎င်းတောရိုးမှ ဖမ်းဆီးခံပြည်သူ ၃ဦးအထိ ရှိနေပါတယ်။
========================
📌📌 ၇။ စကစတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့်သထုံမြို့နယ်တွင်းရှိ ဒေသခံ (၃)ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ
ဇူလိုင်၂၂ရက်
စကစတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့်သထုံမြို့နယ်တွင်းရှိ ဒေသခံ (၃)ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
ဇူလှိုင်လ (၂၁)ရက်နေ့၊ မနက် (၁၀)နာရီ (၁၅)မိနစ်တွင် ကြာပန်း (အမတ-၂၀၆)တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်ရာ ကေအဲန်ယူ-သထုံမြို့နယ်၊ အစူးအင်းကျေးနယ်၊ ကဇိုင်းကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး ရွာနေ အသက် (၃၅)နှစ်အရွယ် ဒေါ်မဝင်း (ဘယ်ဘက်ခြေသလုံး)ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ထိုနောက် ညနေ (၈)နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၇)လုံး ထပ်မံပစ်ခတ်ရာ ကေအဲန်ယူ-သထုံမြို့နယ်၊ ကော့လှိုင်းကျေးနယ်၊ ကျုံမိန်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ် (ခမရ-၉)တပ်ရင်းနှင့် (အမတ-၃၁၄)တပ်ရင်း များမှ မကြာခန လက်နက်ကြီး ပစ်ခတ်နေပြီး ၎င်းတို့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ယခုတွင် ကေအဲန်ယူ-သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်တွင်းရှိ ရွှေရောင်ပြကျေးရွာ၊ ဇီးဝန်းကျေးရွာ၊ အဝင်းကြီးကျေးရွာ များရှိ အရပ်သား အိမ်ထောင်မိသားစု စုစုပေါင်း (၅၀၁)စု၊ စုစုပေါင်း လူဦးရေ (၂၈၉၂)ဦးခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNUထံကသိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment