၂၀၂၃ ဇူလိုင်လ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီဟာ စစ်ရေးအသုံးစရိတ် လိုအပ်ချက်ကို ဖြည့်ဖို့ ပြည်သူဆီက ဂုတ်သွေးစုတ် အမြတ်ထုတ်တာကို နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတယ်လို့ယာယီသမ္မတပြောကြား
📌 ၂။ Burma Actမှ ချပေးမည့်ငွေအမောက်စပြီးသတ်မှတ်ပြီးသွားပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား
📌 ၃။ "တော်လှန်ရေးကာလတွင် အမွေအနှစ်ကို တန်ဘိုးမသိ မီးရှို့ဖျက်ဆီးနေသော စကစအား အပြစ်ပေးနိုင်ရေးအတွက် ပြင်ဆင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြား
📌 ၄။ ကြံရာမရတဲ့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်ကိုအသုံးချပြီး လုပ်ကြံဖန်တီးနေတယ်လို့ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေပြောကြား
📌 ၅။ CNA/CDF/PDF မဟာမိတ် ပူးပေါင်းတပ်များက စစ်ကြောင်းထိုးဝင်ရောက်လာသော ရန်သူ့တပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား(၂၀)ဦး သေဆုံး၍စကစဘက်က ဒဏ်ရာအများအပြား ရရှိခဲ့
📌 ၆။ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အမေရိကန် နယူးယောက်မှာ နွေဦးဆန္ဒထုတ်ဖော်ပွဲ ကျင်းပမည်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီဟာ စစ်ရေးအသုံးစရိတ် လိုအပ်ချက်ကို ဖြည့်ဖို့ ပြည်သူဆီက ဂုတ်သွေးစုတ် အမြတ်ထုတ်တာကို နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတယ်လို့ယာယီသမ္မတပြောကြား
ဇူလိုင်၂၆
အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၅ / ၂၀၂၃ အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက စစ်ကောင်စီလုပ်ရပ်များနှင့်ပတ်သက်ပြီး အခုလိုပြောကြားလိုက်ပါတယ်။
"စစ်ကောင်စီဟာ နိုင်ငံခြားငွေ ဖြည့်တင်းရေးကိစ္စကိုလည်း ရတတ်သမျှ နည်းလမ်းနဲ့ ကြံဆနေတာကို တွေ့ရတယ်။ ဒါဟာလည်း တိုင်းပြည် တိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်နေတာ မဟုတ်ပါဘူး။ စစ်လက်နက်အင်အားကိုဖြည့်ပြီး ပြည်သူကို ဖိနှိပ်ဖို့အတွက်ပဲဆိုတာ ထင်ရှားပါတယ်။ မြန်မာစစ်တပ်ဟာ စစ်ရေးအသုံးစရိတ် လိုအပ်ချက် အလွန်အမင်း ကြီးမားလာတာကိုလည်း တွေ့ရပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဖို့အတွက် ပြည်သူဆီက သွယ်ဝိုက်သောနည်းနဲ့ ဂုတ်သွေးစုတ် အမြတ်ထုတ်တာကို နည်းအမျိုးမျိုးနဲ့ လုပ်နေပါတယ်"လို့ ယာယီသမ္မတကဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီဟာ အခွန်များတိုးမြှင့်ကောက်ခံခြင်းနဲ့ ယခင်ပြည်သူ့အစိုးရလက်ထက် ဖြေလျော့ထားသော အရာများကိုဖျက်ဆီးကာစစ်သုံးစရိတ် ဝင်ငွေတိုးပွားဖို့ ကိုသာကြံစည်လျက်ရှိပါတယ်။
========================
📌📌 ၂။ Burma Actမှ ချပေးမည့်ငွေအမောက်စပြီးသတ်မှတ်ပြီးသွားပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား
ဇူလိုင်၂၆
Burma Actမှချပေးမည့် ငွေအမောက်စပြီးသတ်မှတ်ပြီးသွားပြီလို့ ဇူလိုင်လအတွင်း အမေရိကန်ပြည်ထောင်စုမှာကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ဆက်သွယ်ရေး သတင်းအချင်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ ပြောကြားခဲ့ပါတယ်။
"Burma Actကချပေးမယ့်ငွေအမောက်က အခုမှစပြီးသတ်မှတ်ပါတယ်။ဘယ်လောက်ချပေးမယ်ဆိုတာမသိသေးပါဘူး။ ပမာဏကို သတ်မှတ်ပြီးသွားပြီလို့ သိရတယ်။ကျနော်တို့ကို တရားဝင်အသိပေးပြောကြားတာတော့မရှိသေးပါဘူး" လို့ဆိုပါတယ်။
အဆိုပါ Burma Actကချပေးမယ့် ငွေကြေးပမာဏာကိုမျှော်မှန်းသော်လည်း နောက်နှစ်မှသာ ငွေကြေး ရရှိနိူင်ကြောင်းဝန်ကြီးကဆိုပါတယ်။
Burma Actမဟုတ်ဘဲ အထောက်အပံ့ပေးနေသော US Aidရှိပြီး တစ်နှစ်ကို ဒေါ်လာသန်းနှစ်ရာနီးပါးလောက်အထောက်အကူပေးခဲ့ကြောင်းသိရှိရပါတယ်။
========================
📌📌 ၃။ "တော်လှန်ရေးကာလတွင် အမွေအနှစ်ကို တန်ဘိုးမသိ မီးရှို့ဖျက်ဆီးနေသော စကစအား အပြစ်ပေးနိုင်ရေးအတွက် ပြင်ဆင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြား
ဇူလိုင်၂၆
ဇူလိုင်လအတွင်းပြုလုပ်တဲ့ သဘာဝအမွေအနှစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန် အသိပညာပေး သင်တန်းဆင်းပွဲအခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမွေအနှစ်ဆိုင်ရာကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့၏ အလုပ်အမှုဆောင်ဉက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက အခုလိုပြောကြားခဲ့ပါတယ်။
"တော်လှန်ရေးကာလတွင် အမွေအနှစ်ထိန်းသိမ်းရေးမှာ စစ်ရေးကဲ့သို့အဓိကတာဝန်ကြီး မဟုတ်သော်လည်း အမွေအနှစ်ကို တန်ဘိုးမသိ မီးရှို့ဖျက်ဆီးနေသော စကစအား အပြစ်ပေးနိုင်ရေးအတွက်လည်းကောင်း၊ အကြပ်အတည်းအတွင်းဖြစ်သော်လည်း နိုင်ငံသားတာဝန်တရပ်အနေဖြင့် အမွေအနှစ်ကိုကာကွယ်ထိန်းသိမ်းရန် လိုအပ်၍
သော်လည်းကောင်း၊ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုတွင် အမွေအနှစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် ရာတွင် အခြေပြုအချက်အလက် များရရှိစေရေးအတွက်လည်းကောင်း စသဖြင့် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။
သဘာဝအမွေအနှစ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန် အသိပညာပေး သင်တန်းအား “Safeguarding Our National Heritage for the Continuing Benefits of Our People” ခေါင်းစဉ်ဖြင့် (၂၅-၆-၂၀၂၃)ရက်နေ့မှ (၂၃-၇-၂၀၂၃)ရက်နေ့အထိ ကာလတိုသင်တန်းတစ်ခု ဆောင်ရွက်ခဲ့ရာ သင်တန်းသားဦးရေ ၁၈ဦး တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ကြံရာမရတဲ့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်ကိုအသုံးချပြီး လုပ်ကြံဖန်တီးနေတယ်လို့ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေပြောကြား
ဇူလိုင်၂၆
NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ဇူလိုင်၂၆ရက်မှာ ၎င်း၏သုံးသပ်ချက်ကို အခုလိုပြောကြားထားပါတယ်။
"နိုင်ကျဥ်းတစ်ယောက်အနေနဲ့ ဘယ်သူ့ကိုမှနံရံလေးဘက်ကြားထဲမှာမနေစေချင်ပါ။ကြံရာမရ စကစက လော်ဘီတချို့နဲ့ပေါင်းပြီးတော်လှန်ရေးအရှိန်လျော့ကျအောင် ထောင်ထဲက အမေ့ပုံရိပ်ကိုအသုံးချပြီးသွေးတိုးစမ်းနေကြပါတယ်။အကယ်၍ ကြံရမရ စကစအနေနဲ့ထောင်ထဲကအမေ့ကိုအပြင်မှာထားပြီးဂယ်ပေါက်ရှာ ကစားလာရင်တောင် ပြည်သူတွေက ရန်/ငါ ပြတ်ပြီးသားဆိုတာ ပြောပါရစေ"လို့ဆိုပါတယ်။
ဒါ့အပြင်တိုင်းရင်းသားပြည်သူလူထုတရပ်လုံးရဲ့ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်ကျရှုံးရေး၊ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာရေးအတွက် ညီညွတ်စွာနဲ့ဆက်လက်တိုက်ပွဲဝင်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်ကဆိုပါတယ်။
========================
📌📌 ၅။ CNA/CDF/PDF မဟာမိတ် ပူးပေါင်းတပ်များက စစ်ကြောင်းထိုးဝင်ရောက်လာသော ရန်သူ့တပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား(၂၀)ဦး သေဆုံး၍စကစဘက်က ဒဏ်ရာအများအပြား ရရှိခဲ့
ဇူလိုင်လ (၂၆) ရက်နေ့
ဇူလိုင်၂၆ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) ကာကွယ်ရေးဝန်ကြီးဌာနက အခုလိုအသိပေးဖော်ပြထားပါတယ်။
ဇူလိုင်လ (၂၄) ရက်နေ့၊ မနက်(၈:၂၇)နာရီမှ (၈:၅၂)နာရီခန့်ထိ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မောချောင်းနှင့်လှိုင်ဒုတ်ကြားတွင် တပ်မ (၈၈)၊ ခလရ(၃၀၄) ပူးပေါင်းအင်အား (၁၀၀) ခန့်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း(၆)နှင့်CDF ကန်ပက်လက် ခေါနု တပ်ခွဲ ပူးပေါင်းမဟာမိတ်တပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား(၁၀) ဦး သေဆုံးပြီး မဟာမိတ်ပူးပေါင်းတပ်သား (၄) ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်)ရခဲ့တယ်လို့ဖော်ပြပါတယ်။
ဇူလိုင်လ (၂၄) ရက်နေ့၊ ညနေ(၅)နာရီတွင် လည်းတပ်မ(၈၈) လက်အောက်ခံ ခမရ (၃၀၁)(၃၁၇)ပူးပေါင်းတပ်အင်အား (၁၅၀) ခန့်စစ်ကြောင်းကို လဲပုံးလမ်းခွဲ အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း(၃) နှင့် CNA/CDF ကန်ပက်လက် မဟာမိတ်ပူးပေါင်းတပ်များက ထပ်မံစောင့်ကြိုပစ်ခတ်ခဲ့ရာ ရန်သူ့တပ်သား (၁၀)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်သား (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရန်သူ့တပ်သည် မကွေးတိုင်းအနောက်ခြမ်းဒေသနှင့်ချင်းပြည်နယ်ကို စိုးမိုးထိန်းချုပ်ရန် တပ်အင်အားအများအပြား၊ လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများနှင့်မဟာမိတ်တပ်သားများက လက်တွဲညီညီ ရင်ဆိုင်တိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၆။ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အမေရိကန် နယူးယောက်မှာ နွေဦးဆန္ဒထုတ်ဖော်ပွဲ ကျင်းပမည်
ဇူလိုင်၂၆
ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အမေရိကန် နယူးယောက်မှာ နွေဦးဆန္ဒထုတ်ဖော်ပွဲ ကျင်းပမယ်လို့ဇူလိုင်၂၆ရက်မှာ အမေရိကန်အခြေစိုက် NYCBCကအသိပေးဆိုပါတယ်။
“၈.၈.၈၈” (၃၅) နှစ်ပြည့်နှစ်ပတ်လည်နေ့ကို အကြိုအလေးပြုအမှတ်ရရင်း မြန်မာပြည်ရဲ့လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအထမြောက်ရေးအတွက် နွေဦးဆန္ဒဖော်ထုတ်ကြဖို့ August 5th, (Saturday), 4pm-6pm, Times Square, New York City မှာစုရုံးကြဖို့လှုံ့ဆော်အပ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးမှာ နိူင်ငံတကာရောက် တော်လှန်ရေးအက်အားစုများက ငွေကြေးအင်အား၊လူအင်အားနဲ့ဝန်းရံထောက်ကူလျက်ရှိကြပါတယ်။
အခု တင်ပြပေးခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment