၂၀၂၃ ဇူလိုင်လ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဘယ်သူအုပ်ချုပ် အုပ်ချုပ် ကိုယ်လုပ်မှ ကိုယ်စားရတာဆိုတဲ့ အတ္တသမားတွေလည်း စစ်ကောင်စီကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ရင်ဆိုင်နေရပြီလို့ ဝန်ကြီးဒေါက်တာတူးခေါင်းပြောကြား
📌 ၂။ လူငယ်တွေကို ကောင်းမွန်တဲ့အနာဂါတ် လက်ထဲ ထည့်ပေးဘို့ ကြိုးစားကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာ လှလှစိုးပြောကြား
📌 ၃။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၏ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်သို့ သွားရောက်ခဲ့တဲ့ခရီးစဥ်ထုတ်ပြန်
📌 ၄။ ဘုတလင်မြို့နယ်က ဗကသရုံးခန်းကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်ဝင်ရောက်စီးနင်း၍ မြို့နယ်ဗကသ ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အတွင်းရေးမှူး အပါအဝင် ဗကသရဲဘော်တွေကို ဖမ်းဆီးသတ်ဖြတ်သွား
📌 ၅။ ကန့်ဘလူတွင် ဇူလိုင်တစ်လအတွင်း စစ်ရှောင် ၁၀ ဦး မြွေကိုက်ခံရပြီး ၁ဦး သေဆုံး
📌 ၆။ ဆန်ဖရန်ဘေးဧရိယာက မြန်မာများက စစ်တပ်ဘုန်းကြီး သဘာ၀ရိပ်သာဆရာတော်ကို ဒုတိယမြောက်နေ့ ဆက်လက်ဆန္ဒပြ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဘယ်သူအုပ်ချုပ် အုပ်ချုပ် ကိုယ်လုပ်မှ ကိုယ်စားရတာဆိုတဲ့ အတ္တသမားတွေလည်း စစ်ကောင်စီကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ရင်ဆိုင်နေရပြီလို့ ဝန်ကြီးဒေါက်တာတူးခေါင်းပြောကြား
ဇူလိုင်၂၈
ဇူလိုင်၂၈ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အခုလို သုံးသပ်ပြောကြားလိုက်ပါတယ်။
"နိုင်ငံရေးဆိုတာ မီးဖိုချောင်က စတယ် ဆိုတဲ့ သဘောတရားကို ဒီချိန်မှာတော့ အားလုံးနားလည်လောက်ပါပြီ။ ဘယ်သူအုပ်ချုပ် အုပ်ချုပ် ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုတဲ့ အတ္တသမားတွေလည်း စစ်ကောင်စီကြောင့် ရတဲ့လစာ၊ ရှာထားတဲ့ အသပြာအားလုံး အရင်တိုင်းဝယ်မရတော့ဘူးဆိုတာ သိနေလောက်ပါပြီ"လို့ဆိုပါတယ်။
လတ်တလောမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေမည့် သတင်းကြောင့် စားကုန်နဲ့ လူသုံးကုန်ပစ္စည်းများ တန်ဖိုးမြင့်တက်လျက်ရှိနေပါတယ်။
========================
📌📌 ၂။ လူငယ်တွေကို ကောင်းမွန်တဲ့အနာဂါတ် လက်ထဲ ထည့်ပေးဘို့ ကြိုးစားကြရမယ်လို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာ လှလှစိုးပြောကြား
ဇူလိုင်၂၈ရက်
ဇူလိုင်နောက်ဆုံးပတ်မှာ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီး နော်စူဆန်နာလှလှစိုးက သူမ၏ လူမှုကွန်ယက်ကနေတစ်ဆင့် ပြောကြားရာမှာ "လူငယ်တွေနဲ့တွေ့တိုင်း အားအင်တွေ ပိုရှိလာတယ်။သူတို့ရဲ့ကံကြမ္မာကို သူတို့ထုဆစ်ချင်တဲ့ဆန္ဒကိုလည်း လေးစားရတယ်။ကောင်းမွန်တဲ့အနာဂါတ်ကို သူတို့လက်ထဲ ထည့်ပေးဖို့ ကြိုးစားကြရမယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ လူငယ်နှင့်အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးကိုသာမက သက်မွေးပညာနဲ့အတတ်ပညာများကိုပါသင်ကြားပေးလျက်ရှိပါတယ်။
========================
📌📌 ၃။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၏ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်သို့ သွားရောက်ခဲ့တဲ့ခရီးစဥ်ထုတ်ပြန်
ဇူလိုင်၂၈
ဇူလိုင်၂၈ရက်မှာ အမေရိကန်နိူင်ငံ ဝါရှင်တန်ဒီစီရှိ နိူင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်အသိပေးထုတ်ပြန်လာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးသည် အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ Dallas မြို့နှင့် Houston မြို့များသို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နှင့် (၂၁) ရက်နေ့များတွင် သွားရောက်ခဲ့ပြီး ရိုဟင်ဂျာ မိသားစုများ၊ အခြား မြန်မာနွယ်ဖွား၊ တိုင်းရင်းသား လူမျိုးများနှင့် တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါ ဆွေးနွေးပွဲများတွင် အမျိုးသား ညီညွတ်ရေး အစိုးရ၏ လက်ရှိလုပ်ဆောင်နေသောလုပ်ငန်းများ၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဥ်များ၊ လက်ရှိတော်လှန်ရေးအတွက် လိုအပ်ချက်များ၊ ပြည်သူလူထု၏ ပါဝင်ဆောင်ရွက်နိုင်မှု၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အကူအညီများ ကိစ္စ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေများနှင့် နိုင်ငံတကာ တရားစီရင်မှု ယန္တရားကို အသုံးပြု၍ တရားမျှတမှု၊ တာဝန်ယူတာဝန်ခံမှု ဆိုင်ရာ ဆောင်ရွက်ချက်များ၊ တိုင်းရင်းသား လူမျိုး အသီးသီး အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် နိုင်ငံခြားရေး ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ချက်များကိုအသိပေးရှင်းလင်းခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ လူ့အခွင့်အရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူနှင့်သမ္မတရုံးအကြံပေး ဦးကျော်ဇော်တို့ပါ ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
ဒါ့အပြင်ပြည်သူလူထုက ထောက်ပံ့ကူညီ လှုဒါန်းသော ငွေကြေးများကိုလည်း လူသားချင်းစာနာမှု အကူအညီအတွက် အသုံးပြုရန် လက်ခံရယူ ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ ဘုတလင်မြို့နယ်က ဗကသရုံးခန်းကို အကြမ်းဖက်စစ်တပ်က ယနေ့မနက်ဝင်ရောက်စီးနင်း၍ မြို့နယ်ဗကသ ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အတွင်းရေးမှူး အပါအဝင် ဗကသရဲဘော်တွေကို ဖမ်းဆီးသတ်ဖြတ်သွား
ဇူလိုင်၂၈
ဇူလိုင်၂၈ရက်မနက်ပိုင်းမှာ ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်းကို ဗကသများအဖွဲ့ချုပ်က အသိပေးဖော်ပြထားပါတယ်။
ဘုတလင်မြို့နယ်က ဗကသရုံးခန်းကို ဒီကနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ဖက်ဆစ်တပ်က ဝင်ရောက်စီးနင်းပြီး မြိုနယ်ဗကသ ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အတွင်းရေးမှူး အပါအဝင် ဗကသရဲဘော်တွေကို ဖမ်းဆီးသတ်ဖြတ်သွားပါတယ်လို့ဆိုထားပါတယ်။
အဆိုပါဖြစ်စဥ်မှာ မှန်ကန်သော်လည်း အသေးစိတ်အခြေအနေကို အတအိကျမသိရှိရသေးဘူးလို့ ဘုတလင်အခြေစိုက်တော်လှန်ရေးအင်အားစုအချို့ကအတည်ပြုဆိုပါတယ်။
========================
📌📌 ၅။ ကန့်ဘလူတွင် ဇူလိုင်တစ်လအတွင်း စစ်ရှောင် ၁၀ ဦး မြွေကိုက်ခံရပြီး ၁ဦး သေဆုံး
ဇူလိုင်၂၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဇူလိုင်တစ်လအတွင်း စစ်ရှောင် ၁၀ ဦး မြွေကိုက်ခံရပြီး ၁ဦး သေဆုံးခဲ့တယ်လို့ ဇူလိုင်၂၇ရက်မှာ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)ကအသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဇူလိုင်လအတွင်း စစ်ရှောင် ၁၀ ဦး မြွေဆိုးကိုက်ခံရကာ အသက် ၅၀ ကျော် အမျိုးသားတစ်ဦးမှာမူ ကုသမှု အချိန်မှီ မရရှိခဲ့သဖြင့် သေဆုံးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။
မြွေဆိုးကိုက်ခံရသည့် ပြည်သူများမှာ ထန်းကုန်းနှင့် ချပ်သင်းတိုက်နယ်တို့မှ သုံးဦးစီ၊ ဇီးကုန်းတိုက်နယ်မှ နှစ်ဦးနှင့် ပင့်သာ၊ ကန့်ဘလူတိုက်နယ်တို့မှ တစ်ဦးစီ ဖြစ်ကာ စုစုပေါင်း အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ ဖြစ်ကြပါတယ်။
သေဆုံးခဲ့သူတစ်ဦးမှာ ဇူလိုင်လ ၁၄ ရက်က မြွေဆိုးကိုက်ခံရသည့် ချပ်သင်းတိုက်နယ်မှ အသက် ၅၀ အရွယ်အမျိုးသား ဖြစ်ကာ ကုသမှုပေးခဲ့သော်လည်း သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။
========================
📌📌 ၆။ ဆန်ဖရန်ဘေးဧရိယာက မြန်မာများက စစ်တပ်ဘုန်းကြီး သဘာ၀ရိပ်သာဆရာတော်ကို ဒုတိယမြောက်နေ့ ဆက်လက်ဆန္ဒပြ
ဇူလိုင်၂၈
အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့ စစ်တပ်ဘုန်းကြီး သဘာ၀ရိပ်သာဆရာတော်ဆိုသူကို ဆန်ဖရန်ဘေးဧရိယာက မြန်မာတွေက ၎င်းတည်းခိုနေတဲ့ အိမ်ရှေ့အထိ သွားရောက်ပြီး ဒုတိယနေ့မြောက် ကန့်ကွက်ဆန္ဒပြကြပါတယ်။
ဇူလိုင်၂၈ရက်မှာ အဆိုပါသင်္ကန်းခြုံ သဘာ၀ရိပ်သာဆရာတော် အမည်ခံထားသူကို
အမေရိကန်ရောက် မြန်မာကွန်မြူနီတီက အလိုမရှိကြောင်း၊ အမေရိကန်ပြည်ကနေ မောင်းထုတ်ရမည် ဖြစ်ကြောင်း ထုတ်ဖော်ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။
ဆန်ဖရန်ဘေးဧရိယာက မြန်မာတွေအပြင် မိုင် ၁၀၀ နီးပါးဝေးတဲ့ စက္ကရန်မင်တိုမြို့တော်က မြန်မာတွေနဲ့အတူ နွေဦးတော်လှန်ရေးက ထင်ရှားသူတဦးဖြစ်တဲ့ ပန်ဆယ်လိုလည်း လာရောက်ခဲ့ပါတယ်။
လူနေရပ်ကွက်ထဲက အိမ်တလုံးမှာ ငှားရမ်းနေထိုင်တဲ့ သဘာ၀ရိပ်သာဆရာတော်ဆိုသူကို မြန်မာတွေက လမ်းပေါ်ကနေ ဆန္ဒပြကြတာ လူ ၅၀ လောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကြွေးကြော်သံတွေ အော်ဟစ်ခွင့်မရှိပေမယ့် စစ်ကောင်စီအားပေး မဘသဘုန်းကြီးကို ကန့်ကွက်ရှုတ်ချတဲ့ ဆိုင်းဘုတ်တွေကိုင်စွဲပြီး ၂ နာရီကျော် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်တပ်ဘုန်းကြီးက အိမ်ထဲကနေ မထွက်ဘဲ ပုန်းအောင်းပြီး နေတယ်လို့ မျက်မြင်တွေက မှတ်ချက်ပေးပါတယ်။
အခု တင်ပြပေးခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment