၂၀၂၃ ဇူလိုင်လ ၃၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေး အရှိန်အဟုန်ရလာ၍ စစ်ကောင်စီအနေနဲ့ သတင်းတု၊သတင်းယောင်များကို ငွေကြေးကုန်ကျမှုများစွာခံ၍ တော်လှန်ရေးအရှိန်အဟုန်ရပ်တန့်အောင်လုပ်ဆောင်
📌 ၂။ တော်လှန်ရေးသမားတွေလိုချင်တဲ့ ငြိမ်းချမ်းရေးဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အဝရှိတဲ့ ငြိမ်းချမ်းရေးမျိုးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား
📌 ၃။ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက် ၊သစ်တောဝိုင်းအနီးတွင် ကင်းလှည့်လာသည့်စကစတပ်ဖွဲ့များကို CDFမင်းတပ်ပစ်ခတ်တိုက်ခိုက်၍ စကစဘက်မှ ခုနစ်ဦးသေဆုံး
📌 ၄။ မြိုင်မြို့နယ်၊ ဝက်ပုပ် ပျူစောထီး ကျေးရွာအား Drone (၅) စီးသုံး၍ ဗုံးသီး၁၀လုံးချတိုက်ခိုက်ခဲ့
📌 ၅။ ပုလဲမြို့နယ်ရှိ ကျေးရွာများကို စကစတပ်များစစ်ကြောင်းထိုးဝင်ရောက်နေ၍ ဒေသခံ ၆၀၀၀ ခန့် အိုးအိမ်စွန့်ခွါထွက်ပြေးတိမ်းရှောင်နေရ
📌 ၆။ “ပြောက်ကျားစစ်သည် မြို့ပြဆီ” သိန်းတထောင်ပရောဂျက် ရန်ပုံငွေ ကံစမ်းမဲ အစီအစဥ်တွင်ပါဝင်ကြဖို့ PDF-Khayan တိုက်တွန်း
📌 ၇။ စစ်ကိုင်းတိုင်းအတွင်း စစ်ဘေး မီးဘေးသင့်ပြည်သူများ၏ လိုအပ်ချက် များအတွက် မြေဧက (၁) ဧကကျော်တွင် ကျောက်ဖရုံပင်နှင့်ငရုတ်ပင်များအား orangnic သီးနှံအဖြစ် စိုက်ပျိုးသွားမည်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေး အရှိန်အဟုန်ရလာ၍ စစ်ကောင်စီအနေနဲ့ သတင်းတု၊သတင်းယောင်များကို ငွေကြေးကုန်ကျမှုများစွာခံ၍ တော်လှန်ရေးအရှိန်အဟုန်ရပ်တန့်အောင်လုပ်ဆောင်
ဇူလိုင်၃၁
နွေဦးတော်လှန်ရေး အရှိန်အဟုန်ရလာ၍ စစ်ကောင်စီအနေနဲ့ သတင်းတု၊သတင်းယောင်များကို ငွေကြေးကုန်ကျမှုများစွာခံ၍ တော်လှန်ရေးအရှိန်အဟုန်ရပ်တန့်အောင် လုပ်ဆောင်နေတယ်လို့NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဇူလိုင်နောက်ဆုံးပတ်တွင်ကျင်းပတဲ့ နွေဦးတော်လှန်ရေးစကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။
"စစ်ကောင်စီအနေနဲ့ ဆိုက်ဝါးက သူချည်းပဲလုပ်နေတာမဟုတ်ဘူး။ရုရှားပြန်တွေနဲ့အဖွဲ့လိုက် သတင်းအတုအယာင်တွေဖြန့်တယ်။တလောကပဲ နိူင်ငံခြားကလော်ဘီ သတင်းအတုအယောင်အဖွဲ့ကိုတောင်ငှားပြီးတော့ သတင်းအတုအယောင်တွေ လုပ်နေတယ်။ဒါက ကျမတို့ရဲ့စုဖွဲ့မှုတွေတော်လှန်ရေးရဲ့အရှိန်အဟုန်ရပ်တန့်အောင်သူ့ဘက်က ထိုးခွဲနေတာ။ဒါက ဘာကိုပြနေလဲဆိုတော့ ကျမတို့တော်လှန်ရေးအရှိန်အဟုန်ရနေလို့ သူ့ဘက်က ဒီလောက်အထိ အကုန်အကျခံစိုက်ထုတ်ပြီးတော့ သွေးကွဲအောင်၊အချိန်ဆွဲတာမျိုးတွေ လုပ်လာတဲ့သဘောပါ"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုကိုထောက်ခံသူများဟာ တယ်လီဂရမ်တွင် ပြည်သူလူထုနှင့်တော်လှန်ရေးအင်အားစုများသွေးကွဲအောင် မဟုတ်မမှန် သတင်းတုများထုတ်လွှင့်ဖော်ပြလျက်ရှိပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးသမားတွေလိုချင်တဲ့ ငြိမ်းချမ်းရေးဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အဝရှိတဲ့ ငြိမ်းချမ်းရေးမျိုးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား
ဇူလိုင်လအတွင်း ထုတ်ဝေတဲ့ “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတင်းလွှာ၏” ပြည်ထောင်စုဝန်ကြီး စကားသံမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အခုလိုပြောကြားခဲ့ပါတယ်။
"ငြိမ်းချမ်းရေးမှာ Positive paceနဲ့ Negative paceဆိုတာရှိတယ်။ Positive pace ဆိုတာကတော့ ကျနော်တို့တော်လှန်ရေးသမားတွေလိုချင်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အဝရှိတဲ့ ငြိမ်းချမ်းရေးမျိုးပါ။ တစ်ခါတိုက်ပြီး စနစ်တစ်ခုပြောင်းသွားတဲ့အခါနောက်တစ်ခါပြန်တိုက်စရာမလို စနစ်မျိုးဖြစ်ရမယ်။Negative paceဆိုတာ ထောင်သားတွေကို ငြိမ်ငြိမ်လေးနေဆိုတာမျိုး အတင်းအဓမ္မ ငြိမ်ခိုင်းတဲ့စနစ်မျိုး၊ဒါကအချိန်မရွေး ပြန်ပေါက်ကွဲနိူင်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့အတူ ဖက်ဒရယ်ချာတာအတိုင်း အမျိုးသားညီညွတ်ရေးအစိုးရဟာအတူတကွပူးပေါင်းလုပ်ဆောင်လျက်ရှိနေပါတယ်။
========================
📌📌 ၃။ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက် ၊သစ်တောဝိုင်းအနီးတွင် ကင်းလှည့်လာသည့်စကစတပ်ဖွဲ့များကို CDFမင်းတပ်ပစ်ခတ်တိုက်ခိုက်၍ စကစဘက်မှ ခုနစ်ဦးသေဆုံး
ဇူလိုင်၃၁
ဇူလိုင်၃၁ရက်မှာ စစ်ရေးသတင်းကို CDFမင်းတပ်က အခုလိုအတည်ပြုဆိုပါတယ်။
"ဇူလိုင်လ (၃၀)ရက်မှာ ချင်းပြည်နယ်၊မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက် ၊သစ်တောဝိုင်းအနီးတွင် ညနေ ၃:၄၀အချိန်၌ကင်းလှည့်လာသည့် စစ်သား၊ရဲသားများပါ ကားတစ်စီး အား CDF-Mindat မှသွားရောက် တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
ထိုတိုက်ပွဲအတွင်းတွင်စကစဖက်မှ ၇ ဦးသေဆုံးခဲ့ပြီး စကစ များ၏ ကား၊လက်နက်များကိုအခြေအနေအရ သိမ်းဆည်းနိုင်ခြင်းမရှိခဲ့သော်လည်း ဒဏ်ရာရလူနာများနှင့် အလောင်းများအား ကားဖြင့်စကစဘက်ကပြန်လည်သယ်သွားကြကြောင်းသိရပါတယ်။
========================
📌📌 ၄။ မြိုင်မြို့နယ်၊ ဝက်ပုပ် ပျူစောထီး ကျေးရွာအား Drone (၅) စီးသုံး၍ ဗုံးသီး၁၀လုံးချတိုက်ခိုက်ခဲ့
ဇူလိုင်၃၁
"ဇူလိုင်၃၀ရက် မနက် ၉ နာရီအချိန်မှစ၍မကွေးတိုင်း မြိုင်မြို့နယ်၊ ဝက်ပုပ် ပျူစောထီး ကျေးရွာအား Drone (၅) စီးသုံး၍ 1kg (၂) ဖူး၊ အဖူးသေး (၈) ဖူးဖြင့် စုစုပေါင်း (၁၀) ဖူး ချခဲ့ပါတယ်"လို့ ဇူလိုင်၃၁ရက်မှာ စစ်ရေးသတင်းကို Myaing U.A.V Fighterကအသိပေးဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးအား မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ တပ်ရင်း (၃)၊ တပ်ခွဲ (၁) နှင့် မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ တပ်ရင်း (၂)၊ တပ်ခွဲ (၁) နှင့် နယ်မြေခံ တော်လှန်ရေး အဖွဲ့များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ပါတယ်။
စကစဘက်မှ ၈၁ မမ (၂) လုံး နှင့်ပြန်လည်ပစ်ခတ်ခဲ့သဖြင့် Drone (၁) စီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။
========================
📌📌 ၅။ ပုလဲမြို့နယ်ရှိ ကျေးရွာများကို စကစတပ်များစစ်ကြောင်းထိုးဝင်ရောက်နေ၍ ဒေသခံ ၆၀၀၀ ခန့် အိုးအိမ်စွန့်ခွါထွက်ပြေးတိမ်းရှောင်နေရ
ဇူလိုင်၃၁ရက်
"ပုလဲမြို့နယ် အင်မထီးပျူစောထီးကျေးရွာကို ၂ညအိပ်တပ်စွဲခဲ့သည့် စကစအကြမ်းဖက်စစ်ကြောင်းဟာ ယနေ့မနက်၆:၀၀နာရီခန့်မှ အင်မထီးရွာ အနောက်ဘက်ကိုစစ်ကြောင်းထိုးလာရာ ၈:၀၀နာရီအချိန်ခန့်တွင် ကန့်ဒေါင့်ကျေးရွာရှိစကစ အခြေစိုက်စခန်းအတွင်း မှစကစ လက်အောက်ခံ စစ်သားများမှ မဲဇရပ်ကျေးရွာအနီးမှာ လာရောက်စောင့်ကြိုပြီး စခန်းအတွင်းဝင်ရောက်သွားကြပါတယ်။ယခုလို စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် စစ်ကြောင်းသွားရာ လမ်းတလျောက်ရှိ သာယာကုန်း၊ဦးနှောက်၊ကိုင်းတွင်း၊သရက်ကန်၊တလိုင်းကန်၊ညောင်ရင်းကုန်း၊မဲဇရပ်၊မင်းတိုင်ပင် ၊ရွာသစ်၊သာစည်ကျေးရွာများရှိ ပြည်သူ ၆၀၀၀ ခန့် အိုးအိမ်စွန့်ခွါထွက်ပြေးတိမ်းရှောင်နေကြရပါတယ်"လို့ဇူလိုင်၃၁ရက် မနက်ပိုင်းမှာ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုဆိုပါတယ်။
အိုးအိမ်စွန့်ခွါထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်များအား သက်ဆိုင်ရာရပ်ကျေးများရှိ ပအဖ၊ပကဖများမှဦးဆောင်ပြီး ပြည်သူများနှင့်ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ၊Western Chindwin Association (WCA) အဖွဲ့တို့မှပူးပေါင်းကာ နားနေရန်နေရာများစီစဉ်ပေးခြင်းအစားအသောက်များ ကျွေးခြင်းများ တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့သိရပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ဆီဖြူကုန်းပျူစောထီးကျေးရွာအတွက်လည်း ပြည်သူပိုင်ပစ္စည်းများ လုယက်ခြင်း၊ ခိုးယူခြင်းများကိုလည်း ပြုလုပ်နိုင်သောကြောင့် ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများ သတိထား နေထိုင်သွားလာကြပါရန်အသိပေးကြေညာထားပါတယ်။
========================
📌📌 ၆။ “ပြောက်ကျားစစ်သည် မြို့ပြဆီ” သိန်းတထောင်ပရောဂျက် ရန်ပုံငွေ ကံစမ်းမဲ အစီအစဥ်တွင်ပါဝင်ကြဖို့ PDF-Khayan တိုက်တွန်း
ဇူလိုင်၂၅ရက်ကနေ သြဂုတ်လ၂၅ရက်အထိ ရောင်းချမည့် ပြောက်ကျားစစ်သည် မြို့ပြဆီ ´´ သိန်းတထောင်ပရောဂျက် ရန်ပုံငွေ ကံစမ်းမဲ အစီအစဥ်တွင် ကံစမ်းမဲလက်မှတ်များကို မြန်မာငွေ နှစ်သောင်းကျပ်၊ သက်ဆိုင်ရာနိူင်ငံအလိုက် ဝယ်ယူပါက ကိုယ်စားလှယ်နဲ့ စျေးနှုန်းများကို
ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-Khayan)ကဖော်ပြထားပါတယ်။
ကျနော်တို့ ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-Khayan) ဟာ လက်ရှိတွင် စုဖွဲ့လေ့ကျင့်မှုများပြန်လည်ဆောင်ရွက်လျက်ရှိပြီ ရပ်တည်ရုန်းကန်နေရသည်ဖြစ်ရာ လက်နက်ခဲယမ်း လိုအပ်ချက်နှင့် ရိက္ခာလိုအပ်ချက်များစွာ ရင်ဆိုင်နေရပါတယ်။ရန်ပုံငွေလှူဒါန်းမှုများမှာလည်း အချိန်အတိုင်းအတာအရ နည်းပါးလာသည့်အခါ မြို့နယ်အခြေပြု Local PDF တပ်ဖွဲ့ဖြစ်သည့်အတွက် အလွန်ခက်ခဲစွာစုစည်းရပ်တည်နေကြရပါတယ်။ ဒါကြောင့် ယခုကဲ့သို့ ရန်ပုံငွေကံစမ်းမဲအစီအစဉ်များကို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်လို့ဆိုပါတယ်။
ခရမ်းမှသည် တောင်ပိုင်းခရိုင်ဆီ၊တောင်ပိုင်းခရိုင်မှသည် ရန်ကုန်တိုင်းဆီပြောက်ကျားစစ်ဆင်ရေးများ လှုပ်ရှားဆောင်ရွက်နိုင်ဖို့ လက်နက်ခဲယမ်းအတွက် ရန်ပုံငွေ ကံစမ်းမဲအစီအစဥ်တစ်ရပ်လည်းဖြစ်ပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းတိုင်းအတွင်း စစ်ဘေး မီးဘေးသင့်ပြည်သူများ၏ လိုအပ်ချက် များအတွက် မြေဧက (၁) ဧကကျော်တွင် ကျောက်ဖရုံပင်နှင့်ငရုတ်ပင်များအား orangnic သီးနှံအဖြစ် စိုက်ပျိုးသွားမည်
"စစ်ကိုင်းတိုင်းအတွင်း စစ်ဘေး မီးဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို အမြဲရှေ့ရူသည့် ကျနော်တို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ မြေပြင်အဖွဲ့သားများသည် မြေဧက (၁) ဧကကျော်အတွက် ကျောက်ဖရုံ ပျိုးပင်နှင့်ငရုတ်ပျိုးပင်များအား ပျိုးထောင်ပြီးစီးမှု အခြေနေ မှတ်တမ်းအား အလှူရှင် မိဘပြည်သူများ ဝမ်းသာပီတိဖြစ်နိုင်စေရန် ရည်ရွယ်၍ တင်ပြလိုက်ရပါတယ်"လို့ ဇူလိုင်လနောက်ဆုံးပတ်မှာ ဆိုထားပါတယ်။
S&C စိုက်ခင်းမှ စိုက်ပျိုးသွားမည့် ကျောက်ဖရုံနှင့် ငရုတ်ပင်တို့အား orangnic သီးနှံ အဖြစ်သာစိုက်ပျိုးသွားမှာဖြစ်တယ်လို့ အသိပေးကြေညာထားပါတယ်။
အခု တင်ပြပေးခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment