၂၀၂၃ ဇူလိုင်လ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၏ မှန်ကန်သော ရပ်တည်ချက်နှင့် သဘောထားများအတွက် ကဏ္ဍအလိုက် ချိတ်ဆက်ရပ်တည်ဆောင်ရွက်သွားမယ်လို့ CRPHထုတ်ပြန်
📌 ၂။ စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာ မတူညီမှုများထက် ဘုံပန်းတိုင်များကို အာရုံစိုက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ တိုက်တွန်း
📌 ၃။ MDYPDF ရဲ့ ပြည်တော်ဝင် Campaign ပိတ်ပွဲအခမ်းအနား ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ဦးမင်းကိုနိုင်တို့တက်ရောက်မယ်
📌 ၄။ NUGPay သုံးစွဲသူတစ်နှစ်စာ ကင်းလွတ်ခွင့်ရရှိသူများအနေဖြင့် Activation Code ဖိုး ပေးချေလိုပါက CDMဝန်ထမ်းများ အတွက် ပြန်လည်လှူဒါန်းနိုင်
📌 ၅။ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပစ်ခတ်တိုက်ခိုက်သောကြောင့် လူဦးရေ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ
📌 ၆။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ထောက်ပို့လမ်းကြောင်းသွားသော စစ်ကောင်စီ ကား (၂) စီးကို KNLA၊ PDF၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်
📌 ၇။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွရဲစခန်းနှင့် ချောင်းနှစ်ခွတံတားအနီးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်အားဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်
📌 ၈။ မကွေးတိုင်းပခုက္ကူမြို့နယ် အင်ပင်(ကျေးရွာ)အနီးတွင် မိုင်းရှာနေတဲ့ စကစတပ်ဖွဲ့များ မိုင်းခွဲခံရ
📌 ၉။ ရိုးမခေါ်သံ ကမ်ပိန်း ၈ရက်အတွင်းမှာ အမေရိကန်ဒေါ်လာ ၉၃၀၀၀ ကျော်ရရှိ
📌 ၁၀။ “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက် ”ဘန်နာကိုကိုင်စွဲကာ လောင်းလုံးမြိုနယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၏ မှန်ကန်သော ရပ်တည်ချက်နှင့် သဘောထားများအတွက် ကဏ္ဍအလိုက် ချိတ်ဆက်ရပ်တည်ဆောင်ရွက်သွားမယ်လို့ CRPHထုတ်ပြန်
ဇူလိုင်၂
ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၏ မှန်ကန်သော ရပ်တည်ချက်နှင့် သဘောထားများ အတွက် ကဏ္ဍအလိုက် ချိတ်ဆက်ရပ်တည်ဆောင်ရွက်သွားမယ်လို့ CRPHထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင်၂ရက်နေ့ ကြိုဆိုဝမ်းမြောက်ကြောင်းထုတ်ပြန်ချက်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဖော်ပြပါတယ်။
ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)သည် တောင်ပေါ်မြေပြန့် တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ အကြမ်းဖက်(စကစ) စစ်အုပ်စု အား ပြန်လည်ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ရက်စွဲပါ သဘောထားကြေညာချက်(၁/၂၀၂၃) ထုတ်ပြန်ခဲ့မှုသည် ပြည်သူလူထုနှင့်အတူ ရပ်တည်လျက် နွေဦးတော်လှန်ရေးတွင် ပြတ်သားစွာ လက်တွဲပါဝင် ဆောင်ရွက်သွားမည်ကို ဖော်ညွှန်းသော သမိုင်းတွင်မည့် လုပ်ဆောင်ချက်ဖြစ်သဖြင့် ဂုဏ်ယူအားတက်ရပါတယ်လို့ ဆိုပါတယ်။
ယခုကဲ့သို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအနေဖြင့် နွေဦး တော်လှန်ရေးတွင် တက်ကြွစွာဖြင့် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ဆင်နွှဲနေကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးနှင့်အတူ ရပ်တည်ချက် ခိုင်မာစွာ မိမိတို့အားလုံး၏ ဘုံရန်သူ စစ်မိစ္ဆာအား အတူတကွ ပြန်လည် တော်လှန်ခုခံသွားမည်ဖြစ်ကြောင်း တရားဝင်ထုတ် ပြန်ကြေညာသည့်အတွက် လှိုက်လှဲစွာ ကြိုဆို ဝမ်းမြောက်သည်ကို ဖော်ပြလိုပါတယ်လို့ဆိုပါတယ်။
စစ်အာဏာရှင်စနစ်အား အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းရာတွင် ကရင်နီပြည်လူမျိုး ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး အနေဖြင့် တိကျသော ရည်မှန်းချက်များ ချမှတ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အခြားတိုင်းရင်းသား တော်လှန်ရေးအင်အားစု အသီးသီးတို့နှင့် လက်တွေ့ကျကျ တော်လှန်ရေး လုပ်ငန်းများကို ပူးတွဲလုပ်ဆောင်သွားမည်ကို သိရှိရသည့်အတွက် ပြည်သူလူထု အားလုံး၏ ကိုယ်စား အားအင်သစ်များ ရရှိပါကြောင်းနှင့် မှန်ကန်သော ရပ်တည်ချက်နှင့် သဘောထားများ အတွက် ကဏ္ဍအလိုက် ချိတ်ဆက်ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဆိုထားပါတယ်။
========================
📌📌 ၂။ စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာ မတူညီမှုများထက် ဘုံပန်းတိုင်များကို အာရုံစိုက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ တိုက်တွန်း
ဇူလိုင်၂ရက်
ဇူလိုင်၂ရက် United States Chin Coalition ၏ ၂ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၏ မိန့်ခွန်း၌ “စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာ မတူညီမှုများထက် ဘုံပန်းတိုင်များကို အာရုံစိုက်ကြရန်” ထည့်သွင်းဆိုထားပါတယ်။
" ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရန်နှင့် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဆောင်ကြဉ်းပေးမည့် လူမျိုးတုံးသတ်ဖြတ်မှု စစ်အာဏာရှင်တို့၏ အုပ်စိုးမှုကို အဆုံးသတ်စေမည့် ဒီမိုကရေစီလိုလားသည့် လှုပ်ရှားမှုတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအား ရင်းနှီးမြှုပ်နှံရန် ကျနော်တို့ တောင်းဆိုထားပါတယ်။ ထို့အပြင် မြန်မာနိုင်ငံ ပြည်တွင်းပြည်ပရှိ လွတ်လပ်ရေးတိုက်ပွဲဝင်သူများ အားလုံးကို အမြင့်ဆုံးအဆင့်တွင် စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကာ မတူညီမှုများထက် ကျနော်တို့၏ ဘုံပန်းတိုင်များကို အာရုံစိုက်ကြရန် တိုက်တွန်းအပ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများမှာလည်း စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြင့်တက်လျက်ရှိပါတယ်။
========================
📌📌 ၃။ MDYPDF ရဲ့ ပြည်တော်ဝင် Campaign ပိတ်ပွဲအခမ်းအနား ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ဦးမင်းကိုနိုင်တို့တက်ရောက်မယ်
ဇူလိုင်၂
MDYPDF ရဲ့ ပြည်တော်ဝင် Campaign ပိတ်ပွဲအခမ်းအနား ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်နဲ့ ဦးမင်းကိုနိုင်တို့ တက်ရောက်မယ်လို့ ဇူလိုင်၂ရက်နေ့ မှာ ကမ်ပိန်းနဲ့ ပတ်သက်လို့ MDYPDFက အသိပေးဆိုပါတယ်။
"MDYPDF ရဲ့ ပြည်တော်ဝင် Campaign ဟာ သတ်မှတ်ရက် မပြည့်ခင်မှာ Target ပြည့်ခဲ့တဲ့အပြင် ယခုအချိန်ထိလည်း လာရောက် ပြည်တော်ဝင်သူ အမြောက်အမြားရှိနေဆဲပါ။ ပြည်သူ့ဝန်းရံမှု၊ ထောက်ခံမှုအပြည့်နဲ့ အောင်မြင်ခဲ့တဲ့ Campaign တစ်ခုလည်း ဖြစ်ခဲ့တာကြောင့် ဂုဏ်ယူစွာနဲ့ပဲ ပိတ်ပွဲအခမ်းအနား ပြုလုပ်ရမယ့် အချိန်ရောက်ရှိလို့ လာပါပြီ။ ဒါ့အပြင် ပြည်တော်ဝင်ရဲ့ နောက်ဆုံးပိတ်အိတ်နဲ့ လွယ်ရမယ့် အကိုကြီး ကိုမင်းကိုနိုင်ရဲ့ “ပြည်တော်ဝင်” ပန်းချီကားကို Final Auction လုပ်ရမယ့် အချိန်လည်း ရောက်ရှိလို့လာပါပြီ။ အခုဆိုရင် “ပြည်တော်ဝင်” ပန်းချီကားကို $6,100 ပေးထားသူလည်း ရှိနေပါပြီ"လို့ဆိုပါတယ်။
ဇူလိုင်၃ရက်ည ည(၇:၃၀) နာရီ တွင်ပြည်တော်ဝင် Campaign ပိတ်ပွဲအခမ်းအနားကို Zoom ကနေ Live လွှင့်သွားမှာဖြစ်ပြီး ဦးမင်းကိုနိုင် (၈၈ကျောင်းသားမျိုးဆက်)၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်၊ ပါမောက္ခ ဒေါက်တာ ခင်မောင်လွင်၊ ဒေါက်တာ တေဇာဆန်းစတဲ့ တာဝန်ရှိသူများတက်ရောက်မှာဖြစ်ပါတယ်။
========================
📌📌 ၄။ NUGPay သုံးစွဲသူတစ်နှစ်စာ ကင်းလွတ်ခွင့်ရရှိသူများအနေဖြင့် Activation Code ဖိုး ပေးချေလိုပါက CDMဝန်ထမ်းများ အတွက် ပြန်လည်လှူဒါန်းနိုင်
ဇူလိုင်၂ရက်
NUGPay သုံးစွဲသူတစ်နှစ်စာ ကင်းလွတ်ခွင့်ရရှိသူများအနေဖြင့် Activation Code ဖိုး ပေးချေလိုပါက CDMဝန်ထမ်းများ အတွက် ပြန်လည်လှူဒါန်းနိုင်တယ်လို့ ဇူလိုင်၂ရက်မှာ NUG Payက CDMဝန်ထမ်းများအတွက် ပြန်လည်လှူဒါန်းနိုင်မည့် အစီအစဥ်အား အသိပေးဖော်ပြပါတယ်။
"၂၀၂၂ ဇူလိုင်လ ၁ ရက် နေ့မှ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အတွင်း တစ်နှစ်တာ Activation Code (၅၀၀၀ ကျပ်) ပေးချေ၍ အကောင့်ဖွင့်လှစ်ခဲ့သော NUGPay သုံးစွဲသူများသည် ပထမတစ်နှစ်ပြည့်သည့်နေ့မှစ၍ နောက်ထပ် တစ်နှစ်စာ Activation Code ဖိုး ပေးချေစရာမလိုပဲ တစ်နှစ်စာ ကင်းလွတ်ခွင့်ရရှိပါမှာဖြစ်ပါတယ်။ တစ်နှစ်စာ ကင်းလွတ်ခွင့်ရရှိသူများအနေဖြင့် Activation Code ဖိုး ပေးချေလိုပါက CDM ဝန်ထမ်းများ အတွက် Activation Code ပေးအပ်မည့် အစီအစဉ်တွင် လှူဒါန်းနိုင်ပါတယ်"လို့ဖော်ပြပါတယ်။
NUGPay နှင့်လက်တွဲ၍ CDM ဝန်ထမ်းများ အတွက် ပြန်လည်လှူဒါန်းမည့်သူများအနေဖြင့် QRကုတ်အား NUG Payလူမှုကွန်ရက်တွင်ဖော်ပြထားပါတယ်။
========================
📌📌 ၅။ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပစ်ခတ်တိုက်ခိုက်သောကြောင့် လူဦးရေ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ
ဇူလိုင်၂
မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ပစ်ခတ်တိုက်ခိုက်သောကြောင့် လူဦးရေ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဇူလိုင်၂ရက်မှာ ကေအဲန်ယူ-ဗဟိုကအသိပေးဆိုပါတယ်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့ နံနက် (၄) နာရီအချိန်ခန့်တွင် ဝင်ရောက်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄) လုံး၊ နွားတဲ (၁) လုံးနှင့် မြက်ရိတ်စက် (၁) လုံး ပျက်စီးခဲ့ရပါတယ်လို့ဆိုပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် ကေအဲန်ယူ−မူးမြို့နယ်အတွင်းရှိ ရေတွင်းကုန်း ကျေးရွာမှတဆင့် ဝင်ရောက်လာကာ ပြည်သူလူထုများအား လက်နက်ကြီး (၃၂) လုံးအပြင် လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စောစိုးမိုးခိုင် အသက် (၄၂) နှစ်နှင့် စောခါဒူ အသက် (၃၀) နှစ်တို့ (၂) ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရေတွင်းကုန်းနှင့် ဥသျှစ်ကုန်း ရွာအတွင်းရှိ လူနေအိမ် (၄) လုံးမှာလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ရပါတယ်။
ထိုကဲသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ရေတွင်းကုန်းကျေးရွာ၊ ဥသျှစ်ကုန်း ကျေးရွာနှင့် အုန်းပင်စုကျေးရွာများအတွင်းရှိ အိမ်ခြေ စုစုပေါင်း (၂၉၁) လုံးမှ လူဦးရေ (၁၄၅၆)ဦး ခန့်မှာ ကြောက်လန့်ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ထောက်ပို့လမ်းကြောင်းသွားသော စစ်ကောင်စီ ကား (၂) စီးကို KNLA၊ PDF၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်
ဇူလိုင်လ၊ (၂) ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ထောက်ပို့လမ်းကြောင်း သွားသောစစ်ကောင်စီ ကား (၂) စီးကို KNLA၊ PDF၊ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းကို တောင်ပိုင်းစစ်ဒေသသတင်းနှင့် ပြန်ကြားရေးက ဇူလိုင်၂ရက်မှာ အသိပေးဆိုပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုဝန်းကျင်တွင် သိမ်ဇရပ် ခမရ (၂၀၇) မှ စစ်ကောင်စီ စစ်သားများတင်ဆောင်လာသော ကား (၂) စီးအား KNLA၊ PDF၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဟိုက်ဂျက်ကား (၁) စီးနှင့် ဖိုးဝီးကား (၁) စီး၊ စုစုပေါင်းကား (၂) စီးသည် စစ်ကောင်စီတပ်သား (၂၅) ဦးခန့်အား တင်ဆောင်လာပြီး ရန်ကုန်-မော်လမြိုင် လမ်းမကြီးတွင် စစ်ကောင်စီ ထောက်ပို့ ယာဉ်တန်းများ သွားလာရန်အတွက် လမ်းလုံခြုံရေး ယူပေးနေခြင်းဖြစ်ပြီး အောက်အင်္ဂဘိုဝန်းကျင်တွင် ပူးပေါင်းတပ်ဖွဲ့ ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသခွဲ (၂) ၊တပ်မဟာ (၁) နယ်မြေရှိ KNLA၊ PDF၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များမှ အာပီဂျီ၊ လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား (၃) ဦးသေဆုံးပြီး၊ ဒါဏ်ရာရသူများကြောင်းသိရပါတယ်။
========================
📌📌 ၇။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွရဲစခန်းနှင့် ချောင်းနှစ်ခွတံတားအနီးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်အားဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်
ဇူလိုင်၂
"ဇူလိုင်လ ၂ရက်နေ့၊ နေ့လည် ၁၁နာရီခန့်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွရဲစခန်းနှင့် ချောင်းနှစ်ခွတံတားအနီးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား Saw Dragon Drone Force နှင့် Lion Battalion Commando - ဗျူဟာစစ်ကြောင်းတို့ ပူးပေါင်းကာ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပါတယ်"လို့ စစ်ရေးသတင်းကို Saw Dragon Drone Forceက အသိပေးဆိုပါတယ်။
စစ်ဆင်ရေးတွင် ဒရုန်း ဗုံးသီး ၃လုံးဖြင့် စစ်ကောင်စီတပ်များ တပ်စွဲထားရာ အဆိုပါနေရာနှစ်ခုအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီမှ တပ်သား ၅ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
စစ်ဆင်ရေးအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ချောင်းနှစ်ခွတံတားအား ယာယီပိတ်ထားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ စနိုက်ပါဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့်လည်း အနီးရှိဆိုင်ကယ်စီးလာသော အငြိမ်းစားဗိုလ်မှူး၏ သားဖြစ်သူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၈။ မကွေးတိုင်းပခုက္ကူမြို့နယ် အင်ပင်(ကျေးရွာ)အနီးတွင် မိုင်းရှာနေတဲ့ စကစတပ်ဖွဲ့များ မိုင်းခွဲခံရ
ဇူလိုင်၂
မကွေးတိုင်းပခုက္ကူမြို့နယ် အင်ပင်(ကျေးရွာ)အနီးတွင် မိုင်းရှာနေတဲ့ စကစတပ်ဖွဲ့များ မိုင်းခွဲခံရတယ်လို့ စစ်ရေးသတင်းကို Young Force (UG)ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂)က ဇူလိုင်၂ရက်မှာ အသိပေးဆိုပါတယ်။
"ဇူလိုင်၂ရက်နေ့၊ညနေ ၆နာရီခွဲ ဝန်းကျင်ခန့်တွင် မကွေးတိုင်းပခုက္ကူမြို့နယ် အင်ပင်(ကျေးရွာ)အနီးတွင်လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး (မိုင်း)များရှာဖွေလျှက်ရှိသော BE စကစတပ်များ မိုင်းခွဲခံရ၍ ထွက်ပြေးသွားပါတယ်။ စကစနဲ့ပျူ များအား အယောင်ပြမိုင်း ၊ အသံမိုင်းများဖြင့် အရူးလုပ်၍ ကိုးပင် နှင့် အင်ပင် ကျေးရွာကြား နောက်ချန်ကင်းပုန်းလာဝပ်သော စကစများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၉။ ရိုးမခေါ်သံ ကမ်ပိန်း ၈ရက်အတွင်းမှာ အမေရိကန်ဒေါ်လာ ၉၃၀၀၀ ကျော်ရရှိ
ဇူလိုင်၂
ရိုးမခေါ်သံ ကမ်ပိန်း ၈ရက်အတွင်းမှာ အမေရိကန်ဒေါ်လာ ၉၃၀၀၀ ကျော်ရရှိခဲ့တယ်လို့ လတ်တလော ကမ်ပိန်းရရှိငွေကို ဒို့ကမ်ပိန်းက ဇူလိုင်၂ရက်မှာ အသိပေးဖော်ပြပါတယ်။
"Campaign စတဲ့ ၈ရက်အတွင်းမှာ USD $93,000 ကျော်တဲ့… ။ ပြည်သူ့ပါဝင်မှုက ထင်မထားလောက်အောင်ကို အရှိန်နဲ့အဟုန်နဲ့ ပါ… ဗျူဟာကျတဲ့ တိုက်စစ်တွေကို ပြည်သူက ဘယ်လောက်တောင် အလိုရှိနေကြောင်း ပြလိုက်တဲ့ သက်သေတွေပါပဲ။ ကျွန်တော်တွေ အောင်ပွဲတွေ အလိုရှိနေကြပြီ။ အိမ်ပြန်လာမယ့် သားတွေ သမီးတွေကို မျှော်နေကြပြီ။ မအလ ကျရှုံးခန်းကို ကြည့်ဖို့ အသင့်ဖြစ်နေကြပြီ"လို့ဆိုပါတယ်။
ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒေသတွေက တော်လှန်ရေးရဲဘော်တွေ အိမ်ပြန်ကြဖို့ ဆယ်လ်မွန်စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ဘတ်ဂျက်ကို ရရှိနိုင်ရေးအတွက် “ရိုးမခေါ်သံ” Campaign ကို 25 June မှ 16 July အထိ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။
ဆယ်လ်မွန် စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးမှာ စစ်ရေးမဟာဗျူဟာအတွက် အရေးပါလှတဲ့ ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ဝှမ်းဒေသကို နယ်မြေစိုးမိုးမှုရရှိစေရန် ရေးဆွဲထားတဲ့ စစ်ဆင်ရေးတစ်ခု ဖြစ်ပါတယ်။
========================
📌📌 ၁၀။ “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက် ”ဘန်နာကိုကိုင်စွဲကာ လောင်းလုံးမြိုနယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှား
ဇူလိုင်၂ရက်
ဇူလိုင် ၂ ရက်နေ့ နေ့လည်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ လောင်းလုံးမြိုနယ်အတွင်း "ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက် ”ဘန်နာကိုကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ကိုလုပ်ဆောင်ခဲ့ပါတယ်။
လူထုသပိတ်လှုပ်ရှားမှုကို အကြမ်းဖက်စစ်ကောင်စီမှ ပြုလုပ်ရန် ကြံရွယ်နေသည့် ဖက်ဆစ်ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်သည့်အနေဖြင့် “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ဘန်နာကိုကိုင်စွဲ၍ ချီတက်ခဲ့ကြပြီး ဒေသခံ အမျိုးသမီးများ လူငယ်များ ကျောင်းသားများနှင့် အလုပ်သမား လယ်သမားအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအနေဖြင့် စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်ကြာကာလအတွင်း အရပ်သားပြည်သူလူထုအပေါ် အကြမ်းဖက်ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုများ နေ့စဉ်နှင့်မျှ ကျူးလွန်နေသည့်အပြင် နေအိမ်ပေါင်း မြောက်များစွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment