၂၀၂၃ ဇူလိုင်လ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးအင်အားစုတွေရဲ့ သတ္တိနဲ့ ဇွဲကို မှတ်ကျောက်တင်ရမှာ ဖြစ်သလို ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်မှုတွေကိုလည်း မှတ်တမ်းတင်ထားရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၂။ အမေရိကန်ပြည်ထောင်စုအိုကလာဟိုးမားပြည်နယ်၊ အထက်လွှတ်တော် (Oklahoma Senate) မှ Senator Jo Anna Dossett နှင့် အိုကလာဟိုးမား ဒီမိုကရက်တစ်ပါတီ ဥက္ကဌတို့ကို NUGဝန်ကြီးများတွေ့ဆုံခဲ့
📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
📌 ၄။ ယူကေအထက်လွှတ်တော်အမတ်နှစ်ဦးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး
📌 ၅။ သုံးလအတွင်း စကစရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအမျိုးသမီး (၆၂) ဦး၊ လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသူ (၂၂) ဦးနဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ စုစုပေါင်း (၁၆) ဦးရှိခဲ့
📌 ၆။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ နှစ်ရွာမှ အပြစ်မဲ့ပြည်သူ ၆၀ ကျော်အား စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းမှ ဖမ်းဆီး
📌 ၇။ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွားစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်၊ ခလယ်တံခွန်တိုင်ရဲစခန်းတို့အား ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ် (၁) ဦးနှင့် တပ်သား (၁) ဦးသေဆုံးခဲ့
📌 ၈။ "တော်လှန်သစ်ပင်" ကမ်ပိန်းရန်ပုံငွေပမာဏရဲ့ ၂၅% ရောက်ရှိပြီဖြစ်ကာ သြဂုဏ်လ၈ရက်နေ့အထိ ကမ်ပိန်းကာလ တိုးမြှင့်သတ်မှတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးအင်အားစုတွေရဲ့ သတ္တိနဲ့ ဇွဲကို မှတ်ကျောက်တင်ရမှာ ဖြစ်သလို ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်မှုတွေကိုလည်း မှတ်တမ်းတင်ထားရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
ဇူလိုင်၅ရက်
ဇူလိုင်၄ရက်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၂/၂၀၂၃) တွင် "တော်လှန်ရေးအင်အားစုတွေရဲ့ သတ္တိနဲ့ ဇွဲကို မှတ်ကျောက်တင်ရမှာ ဖြစ်သလိုရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်မှုတွေကိုလည်း မှတ်တမ်းတင်ထားရမယ်”လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုပါတယ်။
''ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ သတ္တိနဲ့ ဇွဲကို မှတ်ကျောက်တင်ရမှာ ဖြစ်သလို တစ်ဖက်က ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အလွန်ဆိုးဝါးတဲ့ လူမဆန်မှုတွေကိုလည်း မှတ်တမ်းတင်ထားရမှာပဲ ဖြစ်ပါတယ်။''
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်းနှစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး လူပေါင်းသုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၂။ အမေရိကန်ပြည်ထောင်စုအိုကလာဟိုးမားပြည်နယ်၊ အထက်လွှတ်တော် (Oklahoma Senate) မှ Senator Jo Anna Dossett နှင့် အိုကလာဟိုးမား ဒီမိုကရက်တစ်ပါတီ ဥက္ကဌတို့ကို NUGဝန်ကြီးများတွေ့ဆုံခဲ့
ဇူလိုင်၅
အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားပြည်နယ်၊ အထက်လွှတ်တော် (Oklahoma Senate) မှ Senator Jo Anna Dossett နှင့် အိုကလာဟိုးမား ဒီမိုကရက်တစ်ပါတီ ဥက္ကဌတို့နှင့် NUGဝန်ကြီးများတွေ့ဆုံခဲ့ပါတယ်။
ဇူလိုင်၂ရက်မှာ အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမား (Oklahoma) ပြည်နယ်၊ Tulsa မြို့တွင် မြန်မာပြည်သူလူထုနှင့် တွေ့ဆုံပွဲသို့ NUGဝန်ကြီးများဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့ တက်ရောက်ခဲ့ကြပါတယ်။
လူထုတွေ့ဆုံပွဲ မတိုင်မီတွင် ပြည်ထောင်စုဝန်ကြီးများသည် အိုကလာဟိုးမားပြည်နယ်၊ အထက်လွှတ်တော် (Oklahoma Senate) မှ Senator Jo Anna Dossett နှင့် အိုကလာဟိုးမား ဒီမိုကရက်တစ်ပါတီ ဥက္ကဌ (Oklahoma Democratic Party Chair) Alicia Andrews တို့နှင့် သီးသန့်တွေ့ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။
Senator နှင့် အိုကလာဟိုးမား ဒီမိုကရက်တစ်ပါတီ ဥက္ကဌတို့က မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုများနှင့် ကြိုးပမ်းမှုများကို အသိအမှတ်ပြုကြောင်း၊ Myanmar Community Of Tulsa နှင့် မြန်မာ့အရေးလှုပ်ရှားနေသူများထံ ပြန်လည်ဆက်သွယ်ပြီး ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန် ကြိုးစားသွားမည့်အကြောင့်း ပြောကြားခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
ဇူလိုင် လ ၅ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၁/၂၀၂၃)ကို ဇူလိုင်၅ရက်နေ့က ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့သိရပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ယူကေအထက်လွှတ်တော်အမတ်နှစ်ဦးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး
ဇူလိုင်၅ရက်
ယူကေအထက်လွှတ်တော်အမတ်နှစ်ဦးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
ယူကေအထက်လွှတ်တော်အမတ် Hon. Mr. Raymond Edward Harry Collins (Lord Collins of Highbury)၊ အောက်လွှတ်တော်အမတ် Hon. Ms. Catherine West တို့နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့ ဇူလိုင် ၄ရက် ဗီဒီယိုကွန့်ဖရင့် မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးရာမှာ တရားမဝင်အာဏာသိမ်းစစ်ကောင်စီအပေါ် ထပ်မံအရေးယူဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်နိုင်ရေး၊ မြန်မာပြည်သူများအတွက် အကူအညီလိုအပ်နေသည့်ကဏ္ဍများနှင့် ယူကေလွှတ်တော်ကိုယ်စားလှယ်များမှ အကူအညီပေးလုပ်ဆောင်နိုင်မည့် ကိစ္စရပ်များအပေါ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး မိုင်းလမင်းထွန်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဆိုပါတယ်။
========================
📌📌 ၅။ သုံးလအတွင်း စကစရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအမျိုးသမီး (၆၂) ဦး၊ လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသူ (၂၂) ဦးနဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ စုစုပေါင်း (၁၆) ဦးရှိခဲ့
ဇူလိုင်၅ရက်
သုံးလအတွင်း စကစရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအမျိုးသမီး (၆၂) ဦး၊ လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသူ (၂၂) ဦးနဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ စုစုပေါင်း (၁၆) ဦးရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ၏ ပြုစုထားသည့် အချက်အလက်များကို ဇူလိုင်လအတွင်းမှာ ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလ မှ ၂၅ ရက်နေ့ ဇွန်လထိ သုံးလတာအတွင်း မြန်မာ့အမျိုးသမီးသမဂ္ဂ၏ ပြုစုထားသည့် အမျိုးသမီးသေဆုံးသူ အရေအတွက်များသည် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအမျိုးသမီး စုစုပေါင်း (၆၂) ဦး၊ လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသူ (၂၂) ဦး၊ ဖမ်းဆီးထိန်းသိမ်း၍ သတ်ဖြတ်ခံရသည့် အမျိုးသမီး (၅) ဦး၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ စုစုပေါင်း (၁၆) ဦးနှင့် ပစ်သတ်ခံရသည့် အမျိုးသမီး စုစုပေါင်း (၁၀) ဦး ရှိခဲ့တယ်လို့ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)၏ အချက်အလက်များအပေါ် အခြေခံ၍ မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အချက်အလက် စုဆောင်းချက်အရ ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၅ ရက်နေ့ ဇွန်လထိ၊ သုံးလတာအတွင်းတွင် အမျိုးသမီးစုစုပေါင်း (၁၁၁) ဦး အသက်ဆုံးရှုံးခဲ့၍ (၆၇) ဦးအား အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
========================
📌📌 ၆။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ နှစ်ရွာမှ အပြစ်မဲ့ပြည်သူ ၆၀ ကျော်အား စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းမှ ဖမ်းဆီး
ဇူလိုင်၅
ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ အပြစ်မဲ့ပြည်သူ ၆၀ ကျော်အား စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းမှ ဖမ်းဆီးသွားတယ်လို့ ဇူလိုင် ၅ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင်က အသိပေးဆိုပါတယ်။
ဇူလိုင်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ အပြစ်မဲ့ပြည်သူ ၆၀ ကျော်အား စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း-၃၆၁ နှင့် ၃၆၃ စစ်ကြောင်းတို့မှ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရတယ်လို့ဆိုပါတယ်။
ဇူလိုင်လ ၄ ရက်နေ့တွင် ပင့်သာရွာနှင့် ချောင်းကြားရွာစစ်ရှောင်တဲများအား မီးရှို့ဖျက်ဆီးပြီး ထွက်လာသော စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း-၃၆၁နှင့် ပျူစောထီးစုပေါင်းအင်အား ၁၀၀ ကျော်သည် မနက် ၁၁ နာရီခန့်တွင် ပင့်သာတိုက်နယ်၊အင်းမရွာ စစ်ရှောင်တဲတိုက်မှ ကုန်းကွက်များတွင် ထယ်ထိုးနေသော အပြစ်မဲ့ပြည်သူ ၁၂ ဦးအား အကြမ်းဖက်ဖမ်းဆီးသွားကြောင်းသိရပါတယ်။
၎င်းဖမ်းဆီးခံရသည့် ပြည်သူများထဲတွင် အမျိုးသား ၈ ယောက်နှင့် အမျိုးသမီး ၄ ယောက်တို့ ပါဝင်ပြီး အသက်မပြည့်သေးသည့် ယောင်္ကျားလေး ၃ ယောက်ပါဝင်ကြောင်း ဒေသခံများထံမှ သိရပါတယ်။
၎င်းအပြင် ဇူလိုင်လ ၅ ရက်၊ ယနေ့မနက် ၆ နာရီတွင် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့အထိုင်ရှိ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း-၃၆၃စစ်ကြောင်း အင်အား ၅၀ ကျော်သည် မိဿလင်ကုန်းရွာသို့ အကြမ်းဖက်ဝင်ရောက်ခဲ့ပြီး ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူ ၅၀ ခန့်အား ဖမ်းဆီးကာ မနက် ၈ နာရီ ၁၅ မိနစ်တွင် ကိုးတောင်ဘို့အထိုင်သို့ ပြန်လည်ဝင်ရောက်သွားကြောင်းသိရပါတယ်။
========================
📌📌 ၇။ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွားစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်၊ ခလယ်တံခွန်တိုင်ရဲစခန်းတို့အား ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ် (၁) ဦးနှင့် တပ်သား (၁) ဦးသေဆုံးခဲ့
ဇူလိုင်လ (၅) ရက်
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီ၏ ခလရ-၂၈၃၊ ခုတ်ခွားစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်၊ ခလယ်တံခွန်တိုင် ရဲစခန်းတို့အား ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ် (၁) ဦးနှင့် တပ်သား (၁) ဦးသေဆုံးခဲ့ပါတယ်။
ဇူလိုင်၅ရက်မှာ စစ်ရေးသတင်းကို သတင်းနှင့်ပြန်ကြားရေးဌာန စစ်ဒေသခွဲအမှတ်၃ကဖော်ပြပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ-၂၈၃ တပ်ရင်းဌာနချုပ်၊ ခုတ်ခွားစစ်စခန်း၊ အဘစ်စစ်ကောင်စီဂိတ်၊ ခလယ်တံခွန်တိုင်ရဲစခန်းနှင့် စစ်တပ်လက်အောက်ခံ စစ်သားများအခြေပြုတပ်ဆွဲထားသည့် နေရာအများအပြားကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှ စတင်ကာ (၈၁) မမဗုံးသီးများ၊ (၆၀)မမ ဗုံးသီးများနှင့် လက်နက်ကြီးများအသုံးပြုပြီး နေ့စဉ် အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားများ၏ အခြေပြုနေရာများ ကြေမွပျက်စီးခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ အမြောက်တပ် အမတ-၃၁၈ မှ ဗိုလ်၁ဦးနှင့် တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ကနဦးသိရှိရကာ စစ်ကောင်စီတပ်သား ( ၅ ) ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ "တော်လှန်သစ်ပင်" ကမ်ပိန်းရန်ပုံငွေပမာဏရဲ့ ၂၅% ရောက်ရှိပြီဖြစ်ကာ သြဂုဏ်လ၈ရက်နေ့အထိ ကမ်ပိန်းကာလ တိုးမြှင့်သတ်မှတ်
ဇူလိုင်၅
"တော်လှန်သစ်ပင်" ကမ်ပိန်းရန်ပုံငွေပမာဏရဲ့ ၂၅% ရောက်ရှိပြီဖြစ်ကာ သြဂုဏ်လ၈ရက်နေ့အထိ ကမ်ပိန်းကာလတိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ဇူလိုင်၅ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အားပေးထောက်ခံမှုနှင့်အတူ ဒေါနစစ်ကြောင်း ထောက်ပို့အဖွဲ့က ဦးစီးဆောင်ရွက်တဲ့ "တော်လှန်သစ်ပင်" ကမ်ပိန်းလေးဟာ မျှော်မှန်းရန်ပုံငွေပမာဏရဲ့ ၂၅% ရောက်ရှိပြီဖြစ်ပါတယ်။ မျှော်မှန်းရန်ပုံငွေပမာဏ ပြည့်မီရေးအတွက် "တော်လှန်သစ်ပင်" ကမ်ပိန်းကို သြဂုတ်လ၈ရက် ထိ တိုးမြှင့်ထားပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။
ရရှိတဲ့ ကမ်ပိန်းရန်ပုံငွေများကို ဒေါနစစ်ကြောင်း၊ အလယ်ပိုင်းစစ်ဒေသ၊ စစ်ဘေးရှောင်ပြည်သူများနှင့် CDM ဝန်ထမ်းများ ထောက်ပံ့ရေးနှင့် ပျိုးဥယျာဉ်အတွက် ဖြန့်ဝေသုံးစွဲ/ထောက်ပို့ပေးသွားမှာဖြစ်လို့ ထပ်မံတိုးမြှင့်လိုက်တဲ့ ကမ်ပိန်းကာလအတွင်း ပြည်တွင်း/ပက ထောက်ပို့ပြည်သူများအနေဖြင့် ကူညီအားဖြည့်ပေးနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment