16th AUG 2023 - Evening Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အတိုင်းအတာ တစ်ခုထိ One Year Plan ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ်ပြောကြား

📌 ၂။ နိူင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦး အမေရိကန်နိူင်ငံ ဆန်ခရမ်မဲန်တို့ရှိ မြန်မာမိသားစုများနှင့်ဆက်တိုက်တွေ့ဆုံ

📌 ၃။ နွေဦးတော်လှန်ရေးဟာ လာလတ္တံသော ဖက်ဒရယ်ဒီမိုကရေစီရဲ့ အကြိုရှေ့ပြေးပုံရိပ်ဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား

📌 ၄။ နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့နယ်အရှေ့ဘက်တွင် လေးရက်အတွင်း ကာကွယ်ရေးတပ်နှင့်စကစတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်မှ အယောက်၅၀ထက်မနည်းသေဆုံး

📌 ၅။ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ အထူးမွမ်းမံသင်တန်းကို အောင်မြင်စွာကျင်းပပြီးစီး

📌 ၆။ ဩဂုတ်လအတွက် နွေဦးထီအပတ်စဥ်၂၂အား ၂၄ နာရီပတ်လုံး ဝယ်ယူနိူင်ပြီ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အတိုင်းအတာ တစ်ခုထိ One Year Plan ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ်ပြောကြား


သြဂုတ်လ၁၆ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၂၇/၂၀၂၃ တွင် One Year Planနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောကြားလိုက်ပါတယ်။


"အားရစရာ အကောင်းဆုံး သတင်းကတော့ နေပြည်တော် ကောင်စီနယ်မြေအနီးက စစ်ကောင်စီလက်အောက်ခံ စခန်းကုန်းကို သိမ်းနိုင်ခဲ့တဲ့ သတင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီး လူထုကို အသိပေးခဲ့တဲ့လမ်းများအားလုံး      နေပြည်တော်သို့ဆိုတဲ့ စီမံချက်အတွက် အားရကျေနပ်စရာ အောင်မြင်မှုပဲ ဖြစ်ပါတယ်။ ရှေ့လဆိုရင် ကျွန်တော်တို့ စီမံဆောင်ရွက်ခဲ့တဲ့ One Year Plan လည်း တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဒီစီမံချက်ကို စတင်ကတည်းက စီမံချက်အတိုင်း ကြိုးစားအကောင်အထည်ဖော်ကြပြီး ဒီနှစ်အတွင်းမှာ တော်လှန်ရေးကို ဘယ်လိုအောင်အောင်မြင်မြင်နဲ့ အဆုံးသတ်ကြမလဲဆိုတဲ့ အဆုံးအဖြတ် အဖြေတစ်ခုခုကို ရရှိနိုင်အောင် ကြိုးစားကြမယ်ဆိုတဲ့ သံန္နိဋ္ဌာန် ရှိခဲ့သလို ကြိုးစားပြီး ဝိုင်းဝန်းအကောင် အထည်ဖော်ပေးခဲ့ကြတဲ့ ဝန်ကြီးဌာနများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် မမျှော်မှန်းနိုင်ခဲ့တဲ့ အခက်အခဲတွေ ကြုံခဲ့ရတဲ့ အထဲက အတိုင်းအတာ တစ်ခုထိ One Year Plan ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး ရှေ့ဆက်သွားမယ့် အစီအစဉ်တွေအတွက် အစိုးရအဖွဲ့ တစ်ခုလုံး တိုင်တိုင်ပင်ပင် ညှိနှိုင်းဆွေးနွေးပြီး စီစဉ်ဆောင်ရွက်သွားကြဖို့ကိုလည်းဝန်ကြီးချုပ်ကတိုက်တွန်းဆိုပါတယ်။


========================


📌📌 ၂။ နိူင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦး အမေရိကန်နိူင်ငံ ဆန်ခရမ်မဲန်တို့ရှိ မြန်မာမိသားစုများနှင့်ဆက်တိုက်တွေ့ဆုံ


သြဂုတ်လ၁၆ရက်


နိူင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦးသည် အမေရိကန်နိူင်ငံ ဆန်ခရမ်မဲန်တိုရှိ မြန်မာမိသားစုများနှင့်ဩဂုတ်လ ၁၄ ရက်နေ့တွင် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး လက်ရှိနွေဦးတော်လှန်ရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။


ထိုသို့တွေ့ဆုံရှင်းလင်းရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေမှုများ၊ နိုင်ငံတကာထောက်ခံမှု အခြေအနေများ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာပြည် အလားအလာများ၊အာဆီယံ နိုင်ငံများနှင့် အမျိုးသားညီညွတ်ရေး အစိုးရနှင့် လက်ရှိဆက်ဆံရေးအခြေအနေများ အမေရိကန်အစိုးရနှင့် လွှတ်တော်တို့နှင့်ထိတွေ့ဆက်ဆံမှုများ၊ Burma Act ခေါ် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံပေါ်ထောက်ပံ့မှုများ အတွက် လုပ်ပိုင်ခွင့်အကြောင်းများကို ပြောကြားခဲ့ပါတယ်။


တက်ရောက်လာသူ မြန်မာအင်အားစုများကလည်း  သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးဟာ လာလတ္တံသော ဖက်ဒရယ်ဒီမိုကရေစီရဲ့ အကြိုရှေ့ပြေးပုံရိပ်ဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ပြောကြား


သြဂုတ်လ၁၆ရက်


"ကျနော် တို့ တော်လှန်ရေးဟာ လာလတ္တံသော ဖက်ဒရယ်ဒီမိုကရေစီရဲ့ အကြိုရှေ့ပြေးပုံရိပ်လည်း ဖြစ်ပါတယ်။လိုချင်တာက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ၊ လုပ်နေတာက လက်နက်ကိုင်အုပ်စုဖွဲ့ဝါဒနဲ့ တရားလက်လွတ်ကိစ္စများဆိုရင် အနာဂါတ်ဖက်ဒရယ်မပြောနှင့် လက်ရှိတော်လှန်ရေးကိုပါ ထိခိုက်စေမှာပဲဖြစ်တယ်။ကိုယ်လိုချင်တဲ့ တော်လှန်ရေး ရလာဒ်နဲ့ နိုင်ငံသစ်အတွက် စံနှုန်း၊ ကျင့်ဝတ်တွေ နဲ့ ပုံရိပ်ကောင်းတည်ဆောက်ဖို့ အင်မတန် အရေးပါပါတယ်"လို့ သြဂုတ်လအတွင်းမှာ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ၎င်း၏လူမှုကွန်ရက်မှာ သုံးသပ်ပြောဆိုထားပါတယ်။


ဒါ့အပြင် လက်ရှိနွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်ပုံရိပ်ဟာ စွန့်လွှတ်စွန့်စားမှု၊ တော်လှန်ရေး ရည်ရွယ်ချက်အပေါ် ဦးတည်ထားမှု၊ ပြည်သူနဲ့ တသားတည်းရှိမှု၊ ပညာတတ်လူငယ်တွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ စတဲ့ပုံရိပ်ကောင်းတွေနဲ့ ထုံမွှမ်းထားတယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့နယ်အရှေ့ဘက်တွင် လေးရက်အတွင်း ကာကွယ်ရေးတပ်နှင့်စကစတပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်မှ အယောက်၅၀ထက်မနည်းသေဆုံး


သြဂုတ်လ၁၆ရက်


"သံတောင်မြောက်ပိုင်း(အထူးဒေသ)- NTDF နှင့် ရှမ်း/တောင်ဖယ်ခုံ သစ်ကြိတ် (1004)PDF တပ်ရင်းတို့ပူးပေါင်းသော Iron Tiger Battalion - ကျားသံလုံးစစ်ကြောင်းသည် နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့နယ်အရှေ့ဘက်တွင် သြဂုတ်လ၁၀ရက်မှ ၁၄ရက်အတွင်း တိုက်ပွဲ ခုနစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ၅၀ခန့် သေဆုံးခဲ့တယ်"လို့ သြဂုတ်လ၁၅ရက်မှာ စစ်ရေးသတင်းကို သံတောင်မြောက်ပိုင်း(အထူးဒေသ)- NTDFကအတည်ပြုဆိုပါတယ်။


နေပြည်တော်သို့ ဝင်ရောက်ထိုးဖောက်နိင်ရန်အတွက် စစ်ရေးဆောင်ရွက်ရန် မဟာမိတ်ခေါ်၍ မိမိတို့သံတောင်မြောက်ပိုင်း(အထူးဒေသ) နှင့် ရှမ်း/တောင်ဖယ်ခုံ သစ်ကြိတ် (1004)PDF တပ်ရင်းတို့ပူးပေါင်းသော Iron Tiger Battalion - ကျားသံလုံးစစ်ကြောင်းသည် သံတောင်မြောက်ပိုင်း(အထူးဒေသ) ပျဉ်းမနားမြို့နယ် ဘို့မသံတောင် စခန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ပစ္စည်း ကိုးမျိုးသိမ်းပိုက်နိုင်ခဲ့ကာ စခန်းအတွင်းရှိ စစ်ကောင်စီ တပ်သား ကိုးဦးနှင့်အရာရှိတစ်ဦးသေဆုံးခဲ့ပြီး ကာကွယ်ရေးဘက်မှရဲဘော် သုံးဦးကျဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။


ဒါ့အပြင် ဝေသာလီလမ်းမပေါ်တွင် စစ်ကူလာသောကားအား ဖြတ်ထုတ်တိုက်ခိုက်နိုင်ခဲ့ပြီး နန်းလွင်စန်းရွာသို့ စစ်ကြောင်းထိုးလာသော (606)တပ် စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ကာ ဆိတ်ဖူးတောင်ကျေးရွာတွင်း လူနာပို့ဆောင်သော စစ်ကားအား တိုက်ခိုက်ခဲ့ပါသေးတယ်။


သြဂုတ်လ၁၁ရက်တွင် ပျဉ်းမနား (85)တပ်၊ ရန်သူ့အင်အား ၃၅ဦးခန့်ဖြင့်ထိုးလားသော စစ်ကြောင်းနှင့် စုပေါင်းတပ်များ ဘို့မအထက်နှင့် ဘို့မတဲစုရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘို့မအထက်ကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရပါတယ်။


========================


📌📌 ၅။ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ အထူးမွမ်းမံသင်တန်းကို အောင်မြင်စွာကျင်းပပြီးစီး


သြဂုတ်လ၁၆ရက်


သြဂုတ်လ၁၅ရက်မှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ အထူးမွမ်းမံသင်တန်းပြီးစီးကြောင်းကို အသိပေးဆိုထားပါတယ်။


အမှတ်စဥ် (/၂၀၂၃) အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ အမှတ်စဥ် (/၂၀၂၃) အထူးမွမ်းမံသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့မှ သြဂုတ်လ ၁၂ ရက်နေ့အထိ အခက်အခဲများကြားကနေပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။


၎င်းသင်တန်းအတွင်း၌ရဲဘော်များကိုယ်ခံပညာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ကို အဓိကထားပြီးပို့ချလေ့ကျင့်စေကာ အခက်အခဲများကြောင့် သင်တန်းကာလ (၂၀) ရက်သာ သတ်မှတ်ပြီး ရဲဘော် (၃၂) ဦးဖြင့်သာ ပြုလုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

 

အထူးမွမ်းမံသင်တန်းထပ်မံပြုလုပ်နိုင်ရေးနှင့် လိုအပ်နေသော စစ်အသုံးအဆောင်ပစ္စည်းအချို့တို့ကို ဖြည့်တင်းနိုင်ရန်အတွက် အကူအညီများစွာလိုအပ်နေသေးတယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ ဩဂုတ်လအတွက် နွေဦးထီအပတ်စဥ်၂၂အား ၂၄ နာရီပတ်လုံး ဝယ်ယူနိူင်ပြီ


သြဂုတ်လ၁၆


သြဂုတ်လ၁၅ရက်မှာ အောင်လံလွှင့်ချီ နွေဦးထီမိသားစုက အခုလိုအသိပေးဆိုပါတယ်။


"ထီအပတ်စဉ် (၂၂) ဩဂုတ်လအတွက် နွေဦးထီထိုးပြီးကြပြီလား။NUGPay ဖြင့် နွေဦးထီ messenger chat bot မှာ ၂၄ နာရီပတ်လုံး ဝယ်ယူလို့ရသလို နိုင်ငံတကာရှိကိုယ်စားလှယ်များထံမှလည်း  ဝယ်ယူနိုင်ပါတယ်"လို့ဆိုပါတယ်။


နွေဦးထီလက်မှတ်ရောင်းရငွေကြေးများကိုအောင်လံလွှင့်ချီနွေဦးထီ မိသားစုမှ လစဥ် CDMဝန်ထမ်းမထားသို့ ပြန်လည်ထောက်ပို့ပေးလျက်ရှိနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment