25th AUG 2023 - Morning Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တရားမဝင်နှစ်သောင်းတန်ငွေစက္ကူများကို ငွေကြေးလည်ပတ်မှုတွင် အသိအမှတ်ပြုလက်ခံသုံးစွဲသောဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့်အရေးယူမယ်

📌 ၂။ ကြားကာလအုပ်ချုပ်ရေးကို အဓိက ဖော်ဆောင်လျက်ရှိသည့် ဒေသတွေမှာ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး ချိန်ခွင်လျှာ ဟန်ချက်ညီရန် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၃။ ပြည်သူ့တော်လှန်ရေးအရှိန်ကို ဘယ်နည်းနဲ့မှ အကျခံမှာ မဟုတ်တဲ့အပြင် ပိုပြီးပြင်းပြင်းထန်ထန် အရှိန်မြှင့်ကြရလိမ့်မယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြား

📌 ၄။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအရေးနှင့်ပတ်သက်၍ တဆင့်တိုးတက်လာသော်လည်း လုံလောက်မှုမရှိသေးဘူးလို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား

📌 ၅။ တော်လှန်ရေး အဖွဲ့အစည်း ကြီးငယ်မဟူFinancial Accountability ငွေကြေးဆိုင်ရာတာဝန်ယူ၊ တာဝန်ခံမှုစနစ် တည်ဆောက်ဖို့လိုတယ်လို့ဆို

📌 ၆။ NLDပါတီဗဟိုအလုပ်ကော်မတီ (CWC)ပုံမှန်အစည်းအဝေး ကျင်းပ

📌 ၇။ မကွေးတိုင်း ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံ ကျေးရွာမှ ပခုက္ကူမြို့အတွင်းသို့ ပြန်လာသော စကစကားကို မိုင်းဆွဲတိုက်ခိုက်

📌 ၈။ BGF ဗိုလ်ဝင်းစိုးမောင်းနှင်လာသော ကားကို ကျိုက်ထိုKRFနဲ့ ဝေါပကဖပူးပေါင်းအဖွဲ့က ပစ်ခတ်ရာ ယာဥ်ပေါ်နှစ်ဦးစလုံးသေဆုံး၍  သေနတ်နှစ်လက်သိမ်းဆည်းရမိ

📌 ၉။ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သား (၆၀) ယောက်ခန့်ကို MRAတပ်တော်မှ တိုက်ခိုက်

📌 ၁၀။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၂၄ ရက်နေ့အထိ မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် (၆၁) ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူ (၂၄၅) ဦး ရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တရားမဝင်နှစ်သောင်းတန်ငွေစက္ကူများကို ငွေကြေးလည်ပတ်မှုတွင် အသိအမှတ်ပြုလက်ခံသုံးစွဲသောဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့်အရေးယူမယ်


သြဂုတ်လ၂၄ရက်

သြဂုတ်လ၂၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက အမိန့်ကြော်ငြာစာအမှတ်(၀၂/၂၀၂၃)ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ထုတ်ပြန်ချက်အရ တရားမဝင်နှစ်သောင်းတန် ငွေစက္ကူများကို လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ တနည်းနည်းနှင့် လွှဲပြောင်းခြင်းတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအခန်း(၁၂)တွင် ဖော်ပြထားသော အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ရာရောက်တယ်လို့ဆိုထားပါတယ်။


ထို့ကြောင့် ပြည်တွင်းငွေကြေးလည်ပတ်စီဆင်းမှုတွင် အဓိကကျသော အခန်းကဏ္ဍ၌ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် တရားမဝင်နှစ်သောင်းတန်ငွေစက္ကူများကို လက်ဝယ်ထားခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ တနည်းနည်းဖြင့် လွှဲပြောင်းခြင်းများ မပြုလုပ်ရန် တားမြစ်မိန့် ထုတ်ပြန်လိုက်တယ်လို့ဖော်ပြပါတယ်။


ပြည်သူများအနေဖြင့် တရားမဝင်နှစ်သောင်းတန်ငွေစက္ကူများကို ငွေကြေးလည်ပတ်မှုတွင် အသိအမှတ်ပြုလက်ခံသုံးစွဲသော ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အထားနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့သို့ အသိပေးတိုင်ကြားကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပြီး တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ တားဆီးနှိမ်နင်းအပြစ်ပေးအရေးယူသွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၂။ ကြားကာလအုပ်ချုပ်ရေးကို အဓိက ဖော်ဆောင်လျက်ရှိသည့် ဒေသတွေမှာ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး ချိန်ခွင်လျှာ ဟန်ချက်ညီရန် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၄/၂၀၂၃)ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။


"လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်သူကို လုံခြုံနွေးထွေးမှုရှိရန် တာဝန်ယူထားရသူများဖြစ်ကြောင်း၊ COCနဲ့ပတ်သက်ပြီး ယခုထက် အားကောင်းအောင် လိုက်နာကြရန်လိုကြောင်း၊ ကြားကာလအုပ်ချုပ်ရေးကို အဓိက ဖော်ဆောင်လျက်ရှိသည့် ဒေသတွေမှာ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး ချိန်ခွင်လျှာသည် ဟန်ချက်ညီရန် အရေးကြီးကြောင်း၊ ယခုလက်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ဟု ခေါ်ကြသည့် LDFတွေနှင့် ပကဖ၊ ပအဖတွေအကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်တွေသည် သက်ဆိုင်ရာ ပကဖ၊ ပအဖ တွေ၏ စည်းရုံးရေး စွမ်းရည်နှင့်လည်း သက်ဆိုင်မည်ဖြစ်ကြောင်း၊ ဘုံရည်မှန်းချက်တူညီကြပြီဆိုလျှင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးမှာ မည်သို့ပင်ကြီးမားသည့် အခက်အခဲနှင့် အတားအဆီးတွေ ရှိနေပါစေ အပြန်အလှန်လေးစားနားလည်မှုများနှင့် အခက်အခဲကို မုချ ကျော်လွှားနိုင်မည်ဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ပြည်သူ့တော်လှန်ရေးအရှိန်ကို ဘယ်နည်းနဲ့မှ အကျခံမှာ မဟုတ်တဲ့အပြင် ပိုပြီးပြင်းပြင်းထန်ထန် အရှိန်မြှင့်ကြရလိမ့်မယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြား


သြဂုတ်လ၂၄ရက်

ပြည်သူ့တော်လှန်ရေး အရှိန်ကို ဘယ်နည်းနဲ့မှ အကျခံမှာ မဟုတ်တဲ့အပြင် ပိုပြီးပြင်းပြင်းထန်ထန် အရှိန်မြှင့်ကြရလိမ့်မယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က သြဂုတ်လ၂၄ရက်မှာ လူမှုကွန်ရက်မှာဆိုထားပါတယ်။


"ပြည်သူ့တော်လှန်ရေး အရှိန်ကို ဘယ်နည်းနဲ့မှ အကျခံမှာ မဟုတ်တဲ့အပြင် ပိုပြီးပြင်းပြင်းထန်ထန် အရှိန်မြှင့်ကြရပါလိမ့်မယ်။ တားမြစ်မိန့်ကို လိုက်နာကြပါ။ ပြည်သူနဲ့အတူ ဘယ်လိုရပ်တည်ကြမလဲ ဆုံးဖြတ်ကြပါ။ စစ်ကောင်စီလက်အောက်မှာ ဘယ်ဘဝ ရောက်နေရလဲဆိုတာလည်း သိကြမှာပါ။ ပြည်သူနဲ့ကင်းကွာပြီး တိုးတက်လာတဲ့ လုပ်ငန်းဆိုတာ မရှိပါဘူး။ အားလုံးအတွက် အကောင်းဆုံးအဖြေဟာ တော်လှန်ရေးအောင်မြင်မှုပါပဲ"လို့ဝန်ကြီးကပြောပါတယ်။


သြဂုတ်လ၂၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက အမိန့်ကြော်ငြာစာအမှတ်(၀၂/၂၀၂၃)ကို ထုတ်ပြန်ကြေညာခဲ့ရာ တရားမဝင်နှစ်သောင်းတန်ငွေစက္ကူများကို ငွေကြေးလည်ပတ်မှုတွင် အသိအမှတ်ပြုလက်ခံသုံးစွဲသောဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အရေးယူမယ်လို့ဆိုထားပါတယ်။


========================


📌📌 ၄။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအရေးနှင့်ပတ်သက်၍ တဆင့်တိုးတက်လာသော်လည်း လုံလောက်မှုမရှိသေးဘူးလို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား


သြဂုတ်လ၂၄ရက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအရေးနှင့်ပတ်သက်၍ တဆင့်တိုးတက်လာသော်လည်း လုံလောက်မှုမရှိသေးဘူးလို့ NUGလူ့အခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက သြဂုတ်လ၂၄ရက်မှာ ပြောပါတယ်။


"အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေအပေါ် လေကြောင်းက တိုက်ခိုက်သတ်ဖြတ်နေမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန်ရူတ်ချလိုက်တာရယ်၊ အကြမ်းဖက်စစ်အုပ်စုကို တိုက်ရိုက်ဖြစ်စေ တဆင့်ခံဖြစ်စေ လေယာဥ်ဆီထောက်ပံ့ပေးနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ ဆက်လက်တင်ပို့နေရင် စီးပွားရေးပိတ်ဆို့မယ်လို့ သတိပေးလိုက်တာရယ်၊ ဒါတွေက တဆင့်တိုးတက်လာချက်တွေပါ။ ဒါပေမယ့် မလုံလောက်သေးပါဘူး။ ဆက်ကြိုးပမ်းကြရအုန်းမှာပါ။သေဆုံးသွားတဲ့ ပြည်သူတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေအတွက် မေ့ပစ်လို့မရသေးပါဘူး"လို့ဝန်ကြီးကဆိုပါတယ်။


ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအရေးကိစ္စနှင့် စပ်လျဉ်း၍ တံခါးပိတ်အစည်းအဝေး (Closed Meeting) ကို သြဂုတ်လ ၂၃ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ (၀၃၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါတယ်။


========================


📌📌 ၅။ တော်လှန်ရေး အဖွဲ့အစည်း ကြီးငယ်မဟူFinancial Accountability ငွေကြေးဆိုင်ရာတာဝန်ယူ၊ တာဝန်ခံမှုစနစ် တည်ဆောက်ဖို့လိုတယ်လို့ဆို


သြဂုတ်လ၂၄ရက်

တော်လှန်ရေး အဖွဲ့အစည်း ကြီးငယ်မဟူFinancial Accountability ငွေကြေးဆိုင်ရာတာဝန်ယူ၊ တာဝန်ခံမှုစနစ် တည်ဆောက်ဖို့ လိုတယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က သြဂုတ်လ၂၄ရက်မှာ ပြောကြားလိုက်ပါတယ်။


"တော်လှန်ရေး စခဲ့ကတည်းက စနစ်တည်ဆောက်ဖို့ကိုပဲ အားပေးတိုက်တွန်းတယ်။ တော်လှန်ရေး အဖွဲ့အစည်း ကြီးငယ်မဟူ Financial Accountability ငွေကြေးဆိုင်ရာတာဝန်ယူ၊ တာဝန်ခံမှု စနစ်တည်ဆောက်ဖို့လိုတယ်။ တချို့က ဒါကို ဘောက်ချာ၊ ရသုံးငွေရှင်းတမ်း အဆင့်လောက်ပဲ မြင်တယ်။ ငွေကြေးဆိုင်ရာ တာဝန်ခံမှု စနစ် ကောင်းဆိုတာ ရသုံးငွေ ရှင်းလင်းရေးတင်မကဘူး၊ အဖွဲ့အစည်း တစ်ခုရဲ့ စွမ်းဆောင်ရည်ကိုပါ တိုင်းတာပေးတယ်။ ယုံကြည်မှုကိုပေးတယ်။စတော့ရှယ်ရာ အရောင်းအဝယ်လုပ်နိုင်တယ် ဆိုတာ ဒီလို စနစ် ရှိလို့ပါပဲ"လို့ဆိုပါတယ်။


လက်ရှိမှာ တော်လှန်ရေးအင်အားစုများဟာ ရန်ပုံငွေများ ရှာဖွေခြင်းနဲ့ လက်နက်ဝယ်ယူခြင်းလုပ်ငန်းများကို အရှိန်မြှင့်တင်လျက်ရှိပါတယ်။


"တော်လှန်ရေး ဆိုတာလည်း တနည်းအားဖြင့် ယုံကြည်မှု ဝယ်ရောင်း ဖြစ်စဉ်တစ်ခုလိုပါပဲ။ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် စွမ်းဆောင်ရည် အကဲခတ်နိုင်ဖို့အတွက်၊ လုပ်ငန်းသုံးသပ်နိုင်ဖို့အတွက် ဖွဲ့စည်း၊ ကြီးငယ်အလိုက်၊ financial accountability and integrity system လိုအပ်ပါတယ်။ ငါ့ကို မယုံဘူးလား ဆိုတဲ့ စိတ်ထားမျိုးနဲ့မရပါဘူး။ နိုင်ငံရေး မှာ ဆိုရိုးရှိပါတယ်။ ငွေနဲ့အာဏာက လူကိုဖျက်ဆီးတယ်။ ဒါကြောင့်လည်း နိုင်ငံရေး အဖွဲ့အစည်းတွေမှာ အာဏာခွဲဝေ ကျင့်သုံးကြတာဖြစ်တယ်"လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ကဆိုပါတယ်။


========================


📌📌 ၆။ NLDပါတီဗဟိုအလုပ်ကော်မတီ (CWC)ပုံမှန်အစည်းအဝေး ကျင်းပ


သြဂုတ်လ၂၄ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်ကော်မတီက သြဂုတ်လ၂၄ရက်မှာ အသိပေးဖော်ပြပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီ(CWC) (32/2023)အစည်းအဝေးကို သြဂုတ်လ၂၄ရက်နေ့တွင်(Zoom)ဖြင့် ကျင်းပခဲ့ပြီး ၎င်းအစည်းအဝေးသို့ ဗဟိုအလုပ်ကော်မတီဝင်များနှင့်အတူ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်လည်းတက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ မကွေးတိုင်း ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံ ကျေးရွာမှ ပခုက္ကူမြို့အတွင်းသို့ ပြန်လာသော စကစကားကို မိုင်းဆွဲတိုက်ခိုက်


သြဂုတ်လ၂၄ရက်

မကွေးတိုင်း ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံ ကျေးရွာမှ ပခုက္ကူမြို့အတွင်းသို့ ပြန်လာသော စကစကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သြဂုတ်၂၄ရက် မှာ Young Force(UG)ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ()က အသိပေးဆိုပါတယ်။


"သြဂုတ်လ၂၄ရက် မွန်းလွဲပိုင်း မကွေးတိုင်း ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံ ကျေးရွာမှ ပခုက္ကူမြို့အတွင်းသို့ ပြန်လာသောစကစကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


လတ်တလော အထိခိုက်အပျက်စီး စုံစမ်းနေဆဲ ဖြစ်ကာ မိုင်းဆွဲအပြီး စကစတပ်များမှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိခိုက်မရှိဘူးလို့သိရပါတယ်။


စစ်ဆင်ရေးကို Shwe Nyar Myae PDFနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ BGF ဗိုလ်ဝင်းစိုးမောင်းနှင်လာသော ကားကို ကျိုက်ထိုKRFနဲ့ ဝေါပကဖပူးပေါင်းအဖွဲ့က ပစ်ခတ်ရာ ယာဥ်ပေါ်နှစ်ဦးစလုံးသေဆုံး၍  သေနတ်နှစ်လက်သိမ်းဆည်းရမိ


သြဂုတ်လ၂၄

BGF ဗိုလ်ဝင်းစိုး မောင်းနှင်လာသော ကားကို ကျိုက်ထိုKRFနဲ့ ဝေါပကဖပူးပေါင်းအဖွဲ့က ပစ်ခတ်ရာ ယာဥ်ပေါ်နှစ်ဦးစလုံးသေဆုံး၍  သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ ကျိုက်ထိုKRFက  သြဂုတ်လ၂၄ရက်မှာ အတည်ပြုဆိုပါတယ်။


သြဂုတ်လ၂၄ရက် မနက် ၇နာရီ ၃၀အချိန် ကျိုက်ထိုမြို့နယ်တွင် လောင်းကစားဝိုင်းပြုလုပ်ခိုင်းကာ သတင်းပေးပြန်လည် ဖမ်းဆီးခိုင်းသူ၊ တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးခိုင်းသူ BGF ဗိုလ်ဝင်းစိုးမောင်းနှင်လာသော အဖြူရောင်Mark2ကားကို ကော့ထင်းကျေးရွာနှင့် ဘိုရားကြီးကျေးရွာကြား တဘောင်တံတားအရောက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားလမ်းဘေးထိုးကျပြီး ယာဥ်ပေါ်ပါနှစ်ဦးစလုံးသေဆုံးကာ သေနတ်နှစ်လက်၊ ဖုန်းနဲ့ BGFတပ်ဖွဲ့ဝင်ကတ်ပြားအစရှိသည်တို့ကို သိမ်းဆည်းရမိကာ ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သား (၆၀) ယောက်ခန့်ကို MRAတပ်တော်မှ တိုက်ခိုက်


သြဂုတ်လ၂၄ရက်

မြောင်မြို့နယ်၊ ကျောက်ရစ်စခန်း မှ ထွက်လာသော စစ်ကောင်စီတပ်သား (၆၀) ယောက်ခန့်ကို MRAတပ်တော်မှ တိုက်ခိုက် ခဲ့တယ်လို့ စစ်ကိုင်းခရိုင် အမှတ်()တပ်ရင်း MRAက အသိပေးဆိုပါတယ်။


"သြဂုတ်လ၂၂ရက် မနက်(၁၁:၃၀) အချိန်ခန့်တွင် မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သား (၆၀) ယောက်ခန့်အား စစ်ကိုင်းခရိုင် အမှတ်()တပ်ရင်း MRA မှ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ Sniper ဖြင့် ချောင်းမြောင်း ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိတွေ့မှုမှာ စစ်‌ကောင်စီတပ်သား ထိခိုက်မှုအား စိစစ်ဆဲ ဖြစ်ပြီး MRAရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၁၀။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၂၄ ရက်နေ့အထိ မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် (၆၁) ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူ (၂၄၅) ဦး ရှိ


သြဂုတ်လ၂၄ရက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များကို သြဂုတ်လ၂၄ရက်မှာ အသိပေးဖော်ပြပါတယ်။


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၂၄ ရက်နေ့အထိ မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် (၆၁) ဦး သေဆုံးခဲ့သည်။ ထို့ပြင် ၎င်းကာလအတွင်း မန္တလေးတိုင်း၌ စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ (၂၄၅) ဦး ရှိပြီး၊ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများက မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ (၄၂) ဦး ရှိခဲ့တယ်လို့ဆိုပါတယ်။


ဩဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းအချိန်တွင် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ လမ်း (၈၀) နှင့် (၃၇) လမ်းအနီးရှိ Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဦးမြတ်ကျော် အပါအဝင် ဆရာ၊ ဆရာမများအား PDF တပ်ဖွဲ့ ဝင်များကို ထောက်ပံ့မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲ၍ အကြမ်းဖက်စစ်အုပ်စု၏တပ်က ဖမ်းဆီးခဲ့ပြီး ကျောင်းကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း သိရှိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment