၂၀၂၃ သြဂုတ်လ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဖက်ဆစ်စစ်တပ်ရဲ့ “ထောင်ချောက်”ကို သတိကြီးကြီးနဲ့ စောင့်ကြည့်လုပ်ကိုင်နေရမယ့် အချိန်လည်းဖြစ်တယ်လို့ ယာယီသမ္မတသတင်းစကားပါး
📌 ၂။ တီမောလက်စတေးနိုင်ငံ၏ရပ်တည်ချက်သည် တန်ဖိုးမဖြတ်နိုင်သည့် မိတ်ဆွေကောင်းတို့၏ စံနမူနာမီးရှုးတန်ဆောင်အဖြစ် ကျေးဇူးတင်စွာအစဉ်အမြဲအမှတ်ရနေမယ်လို့ဆို
📌 ၃။ CRPHပညာရေးကော်မတီက မြေပြင်တွင် ဆောင်ရွက်နေကြသည့် ပညာရေးကဏ္ဍနှင့် စပ်လျဥ်း၍ ကချင်ပြည်နယ်ရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး
📌 ၄။ တရားမဝင် (၂၀၀၀၀) တန်ငွေစက္ကူများကို မသုံးစွဲခြင်း၊ Boycott လုပ်ခြင်းဖြင့် စစ်ကောင်စီဘဏ္ဍာရေးစနစ်ကို ဖြိုချနေသည့် ဘဏ္ဍာရေးတိုက်ပွဲတွင် ပါဝင်ပေးကြရန် ပြည်သူလူထုကို တန့်ဆည် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မေတ္တာရပ်ခံ
📌 ၅။ စစ်ကိုင်းမြို့နယ်မှ အရပ်သားနေအိမ်များနှင့် ပြည်သူများကို မီးရှို့ သတ်ဖြတ်ခဲ့သော စစ်ကြောင်း ဝက်လက်မြို့နယ် အနောက်ခြမ်းဘက်သို့ ရောက်ရှိလာ၍ အမျိုးသမီး ၁ဦးအား (မုဒိမ်းကျင့်)သတ်ဖြတ်ကာ အမျိုးသား ၃ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့
📌 ၆။ ကော့ကရိတ်မြို့အဝင် အာရှလမ်းမဘေး တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနှင့် ကော့နွဲ့ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတို့ကို
ဒရုန်းနဲ့ဗုံးသီးများကြဲချ၍ ရန်သူစစ်ကောင်စီလက်အောက်ခံတပ်သား ၅ဦးခန့်သေဆုံးကာ ၁၀ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိ
📌 ၇။ မုံရွာ မင်းထောက်တံတားမှ ထွက်လာသော စစ်ကောင်စီရေယာဥ် (၃)စီးအား ချင်းတွင်းမြစ်ကြောင်းတစ်နေရာအရောက်တွင် RPGနဲ့
ကာကွယ်ရေးတပ်များပစ်ခတ်
📌 ၈။ အမေရိကန်ပြည်ထောင်စု Sacramento မြို့မှာ"THE WAY" ရုပ်ရှင်ပွဲဦးထွက်ပြသရာရုံပြည့်ရုံလျှံအားပေးခဲ့ကြ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဖက်ဆစ်စစ်တပ်ရဲ့ “ထောင်ချောက်”ကို သတိကြီးကြီးနဲ့ စောင့်ကြည့်လုပ်ကိုင်နေရမယ့် အချိန်လည်းဖြစ်တယ်လို့ ယာယီသမ္မတသတင်းစကားပါး
သြဂုတ်လ၂၇ရက်
ဩဂုတ်လ (၂၇) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားပါးဆိုရာမှာ အခုလိုပြောပါတယ်။
"ဖက်ဆစ်စစ်တပ်ဟာ သူတို့ပြုမူနေကျအတိုင်း တိုင်းရင်းသားတွေကြားမှာ နည်းမျိုးစုံနဲ့ သွေးခွဲသပ်လျှိုဖို့ ကြိုးစားနေတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားတွေ့မြင်နေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး စစ်တပ်ရဲ့ “ထောင်ချောက်”ကို သတိကြီးကြီးနဲ့ စောင့်ကြည့်လုပ်ကိုင်နေရမယ့် အချိန်လည်း ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံရေးလှည့်ကွက်အမျိုးမျိုးထုတ်သုံးနေပြီး အတုအယောင်ရွေးကောက်ပွဲ ကျင်းပမယ့်အရိပ်အယောင်ကိုပြသနေလျက်ရှိပါတယ်။
========================
📌📌 ၂။ တီမောလက်စတေးနိုင်ငံ၏ရပ်တည်ချက်သည် တန်ဖိုးမဖြတ်နိုင်သည့် မိတ်ဆွေကောင်းတို့၏ စံနမူနာမီးရှုးတန်ဆောင်အဖြစ် ကျေးဇူးတင်စွာအစဉ်အမြဲအမှတ်ရနေမယ်လို့ဆို
သြဂုတ်လ၂၇ရက်
တီမောလက်စတေးနိုင်ငံ၏ရပ်တည်ချက်သည် တန်ဖိုးမဖြတ်နိုင်သည့် မိတ်ဆွေကောင်းတို့၏ စံနမူနာမီးရှုးတန်ဆောင်အဖြစ် ကျေးဇူးတင်စွာ အစဉ်အမြဲအမှတ်ရနေမယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သြဂုတ်လ၂၇ရက်မှာ လူမှုကွန်ရက်တွင် အသိပေးဖော်ပြထားပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို အကြမ်းဖက်ပြီး တရားဥပဒေမဲ့ အာဏာသိမ်းရယူထားသည့် အကြမ်းဖက်စစ်အုပ်စုက ရန်ကုန်မြို့တွင် နှစ်နိုင်ငံဆက်ဆံရေးတာဝန်ထမ်းဆောင်နေသည့် တီမောလက်စတေးသံတမန်များကို ရန်ကုန်မှ စက်တင်ဘာ ၁ ရက်နေ့တွင် အပြီးထွက်ခွာသွားရန်ဖိအားပေးခဲ့ကြောင်းသိရှိရပါတယ်လို့ဆိုပါတယ်။
အဆိုပါအကြမ်းဖက်ဥပဒေမဲ့ဖိအားပေးခြင်းကို တီမောလက်စတေး သမ္မတကြီးက မတုန်မလှုပ်ဘဲ ဥပဒေပြင်ပက၊ အင်အားအသုံးပြုခြင်းကလွဲပြီးဘာမှမလုပ်တတ်တဲ့ အရိုင်းအစိုင်းတွေရဲ့ အရေးတယူဆက်ဆံခြင်းမခံရတဲ့အတွက် ဂုဏ်ယူနေကြောင်းသိရှိရပါတယ်လို့ဖော်ပြပါတယ်။
တီမောလက်စတေးနိုင်ငံ၏ ရပ်တည်ချက်သည် မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးအခက်ခဲ အကြမ်းတမ်းဆုံး ကာလ ရင်ဆိုင်ဖြတ်ကျော်နေရချိန်တွင် တန်ဖိုးမဖြတ်နိုင်သည့် မိတ်ဆွေကောင်းတို့၏ စံနမူနာမီးရှုးတန်ဆောင်အဖြစ် ကျေးဇူးတင်စွာအစဉ်အမြဲအမှတ်ရနေမည်ဖြစ်ကြောင်းဖေါ်ပြလိုပါတယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၃။ CRPHပညာရေးကော်မတီက မြေပြင်တွင် ဆောင်ရွက်နေကြသည့် ပညာရေးကဏ္ဍနှင့် စပ်လျဥ်း၍ ကချင်ပြည်နယ်ရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး
သြဂုတ်လ၂၇ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးကော်မတီသည် ပညာရေးကဏ္ဍနှင့် စပ်လျဥ်း၍ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဥ်အား ဩဂုတ်လ ၂၆ ရက်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပညာရေးကော်မတီ ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုလို အခက်အခဲကြားမှ တက်ရောက်ပေးကြသည့် မြို့နယ်ပညာရေး ဘုတ်အဖွဲ့များအား ကျေးဇူးတင်ကြောင်း၊ တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ပါကြောင်းနှင့် ဘေးကင်းလုံခြုံကြပါစေကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာကြသော ကချင်ပြည်နယ်ရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များက မြေပြင်တွင် ကျောင်းများဖွင့်လှစ်ပေးနိုင်မှုအခြေအနေများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကြားကာလတွင် CDM များနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အသိအမှတ်ပြုရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပညာရေးကော်မတီနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေများနှင့် ထောက်ပံ့မှုအခြေအနေများအား ဆွေးနွေးမေးမြန်းခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင် ဦးဝင်းနိုင်နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ တရားမဝင် (၂၀၀၀၀) တန်ငွေစက္ကူများကို မသုံးစွဲခြင်း၊ Boycott လုပ်ခြင်းဖြင့် စစ်ကောင်စီဘဏ္ဍာရေးစနစ်ကို ဖြိုချနေသည့် ဘဏ္ဍာရေးတိုက်ပွဲတွင် ပါဝင်ပေးကြရန် ပြည်သူလူထုကို တန့်ဆည် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မေတ္တာရပ်ခံ
ဩဂုတ်လ ၂၇ ရက်
သြဂုတ်လ၂၇ရက်မှာ တရားမဝင်ငွေကြေး ၂၀၀၀၀ ကျပ်တန်နှင့် စပ်လျဉ်း၍ ပြည်သူများသို့ အသိပေးပန်ကြားချက်တစ်ရပ်ကို တန့်ဆည်ပအဖက အသိပေးထုတ်ပြန်ပါတယ်။
တရားမဝင်စစ်ကောင်စီမှ ထုတ်ဝေသော ၂၀၀၀၀ တန် ငွေစက္ကူကြောင့် ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် ပြည်သူလူထုဆင်းရဲကြပ်တည်းမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်းနှင့် စစ်ကောင်စီ၏ ဝင်ငွေရလမ်းများပိုမိုလာကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို အကြမ်းဖက်မီးရှို့သတ်ဖြတ်မှုများကို စစ်ကောင်စီမှ ပိုမိုလုပ်ဆောင်လာနိုင်တယ်လို့ဖော်ပြပါတယ်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် တရားမဝင် (၂၀၀၀၀) တန်ငွေစက္ကူများကို မသုံးစွဲခြင်း၊ လက်ဝယ်တွင် သိမ်းဆည်းထားမှုမပြုခြင်း၊ Boycott လုပ်ခြင်းဖြင့် စစ်ကောင်စီဘဏ္ဍာရေးစနစ်ကို ဖြိုချနေသည့် ဘဏ္ဍာရေးတိုက်ပွဲတွင် တက်ညီလက်ညီပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ကြောင်းဆိုထားပါတယ်။
========================
📌📌 ၅။ စစ်ကိုင်းမြို့နယ်မှ အရပ်သားနေအိမ်များနှင့် ပြည်သူများကို မီးရှို့ သတ်ဖြတ်ခဲ့သော စစ်ကြောင်း ဝက်လက်မြို့နယ် အနောက်ခြမ်းဘက်သို့ ရောက်ရှိလာ၍ အမျိုးသမီး ၁ဦးအား (မုဒိမ်းကျင့်)သတ်ဖြတ်ကာ အမျိုးသား ၃ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့
သြဂုတ်လ၂၇ရက်
သြဂုတ်လ၂၇ရက်မှာ ဖြစ်စဥ်ကို wetlet informational networkကအသိပေးဆိုပါတယ်။
"သြဂုတ်လ၂၅ရက်နေ့တွင် စစ်ကိုင်းမြို့နယ် ဆားတောင်ကျေးရွာ မြောက်ဘက် သိမ်ကျောင်းတွင် စစ်ကြောင်းထိုးနေသော စစ်ကြောင်းသည် ဝက်လက်မြို့နယ် အနောက်ခြမ်း မင်္ဂလာရေစင်ရွာတွင် ရောက်ရှိ၍ ရွာသာကြီးရွာတွင် တပ်စွဲညအိပ်ခဲ့ပါတယ်။ ဩဂုတ်လ ၂၆ရက်နေ့ မနက် ၄နာရီခန့်တွင် ရွာသာကြီးရွာမှ မြောက်ဘက်သို့ ထွက်လာကာ ကျီးကန်မြောက်ရွာသို့ဝင်ရောက်ပြီး ပြည်သူ ၂ဦးထံမှ ပိုက်ဆံ ၅၁၅သိန်းနှင့် နောက်ထပ် ပြည်သူ ၁ဦးထံမှ ပိုက်ဆံ ၄သိန်း ဆွဲကြိုး ၁ကုံး၊ ဖုန်းအလုံး၂၀ထက်မနည်း ယူဆောင်သွား၍ အသက် ၂၀ ခန့် အမျိုးသမီး ၁ဦးအား အကြမ်းဖက် ဖမ်းဆီးခဲ့ပြီး အသက်-၅၀ကျော် အမျိုးသား ၃ဦး ကိုလည်း ဖမ်းဆီးသွားကာ ကျီးကန်မြောက်ရွာနှင့် လှတောရွာကြား သရက်ခြံထဲတွင် အဖမ်းခံရသော အမျိုးသမီးအား အကြမ်းဖက် မုဒိမ်းကျင့်၍ လည်ပင်း ဓားဖြင့် လှီးသတ်ခဲ့ပြီး ထိုအမျိုးသား ၃ဦးကိုလည်း ဓားဖြင့် သတ်ဖြတ်ခဲ့တယ်"လို့ဆိုပါတယ်။
အဆိုပါ စကစတပ်များဟာ သြဂုတ်လ၂၇ရက် မနက် ၅နာရီခန့်တွင် လှတောရွာ အရှေ့ဘက်သို့ ထွက်လာပြီး ပင်းဇင်းရွာထဲသို့ လက်နက်ကြီး/လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့ပြီးနောက် ဝက်လက်မြို့ထဲသို့ ဝင်ရောက်သွားခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ကော့ကရိတ်မြို့အဝင် အာရှလမ်းမဘေး တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနှင့် ကော့နွဲ့ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတို့ကိုဒရုန်းနဲ့ဗုံးသီးများကြဲချ၍ ရန်သူစစ်ကောင်စီလက်အောက်ခံတပ်သား ၅ဦးခန့်သေဆုံးကာ ၁၀ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိ
သြဂုတ်လ၂၇ရက်
သြဂုတ်လ၂၇ရက်မှာ စစ်ရေးသတင်းကိုCloud Wingsက အသိပေးဆိုပါတယ်။
"ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် Special Operation Groupတို့ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ရဲ့ မြို့ဝင်လုံခြုံရေး၊ အာရှလမ်းပိုင်းလုံခြုံရေးများ ဆောင်ရွက်ပေးနေတဲ့ ကော့ကရိတ်မြို့အဝင် အာရှလမ်းမဘေးရှိ ဆောက်လက်စ ဆီဆိုင်ဝန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီစခန်းနှင့် ကော့နွဲ့ကျေးရွာတွင်း တပ်စွဲထားသော စစ်ကောင်စီစခန်းတို့အား ဩဂုတ်လ၊ ၂၆ရက်နေ့၊ နံနက်၈:၂၀ခန့် နှင့် နံနက် ၉:၃၀ခန့်တို့တွင် ၁၀၇မမ ဗုံးသီး၊ ၆၀မမဗုံးသီးများ အသုံးပြုကာ တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် တပ်စွဲထားတဲ့ စခန်းများမှ ရန်သူစစ်ကောင်စီလက်အောက်ခံတပ်သား ၅ဦးခန့်သေဆုံးကာ ၁၀ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရန်သူစစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၂၀မမ၊ ၈၁မမ များဖြင့် အလုံး၅၀ထက်မနည်း နေရာအနှံ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ပြီးKNLA၊ Cloud Wings ၊ SOG ပူးပေါင်းတပ်ဘက်မှ လူသူ၊ လက်နက်ခဲယမ်း၊ ပစ္စည်းများ ထိခိုက်မှု၊ ဆုံးရှုံးမှု တစုံတရာမရှိခဲ့ဘူးလို့သိရပါတယ်။
========================
📌📌 ၇။ မုံရွာ မင်းထောက်တံတားမှ ထွက်လာသော စစ်ကောင်စီရေယာဥ် (၃)စီးအား ချင်းတွင်းမြစ်ကြောင်းတစ်နေရာအရောက်တွင် RPGနဲ့
ကာကွယ်ရေးတပ်များပစ်ခတ်
သြဂုတ်၂၇ရက်
မုံရွာ မင်းထောက်တံတားမှ ထွက်လာသော စစ်ကောင်စီရေယာဥ် (၃)စီးအားချင်းတွင်းမြစ်ကြောင်းတစ်နေရာအရောက်တွင် RPGနဲ့
ကာကွယ်ရေးတပ်များပစ်ခတ်ခဲ့တယ်လို့ MSPDF က သြဂုတ်လ၂၇ရက်မှာ အတည်ပြုဆိုပါတယ်။
"သြဂုတ်လ ၊ ၂၅ရက်နေ့ မနက်၁၁နာရီ ၂၀မိနစ်အချိန်ခန့်တွင် မုံရွာ မင်းထောက်တံတားမှ ထွက်လာသော စစ်ကောင်စီရေယာဥ် (၃)စီးအား စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFနှင့်အတူ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်းတို့မှ ချင်းတွင်းမြစ်ကြောင်း တစ်နေရာအရောက်တွင် RPG ၊ MSPDFထုတ် လက်လုပ်Rocketများ ၊ လက်နက်ငယ်အမျိုးမျိုးဖြင့် အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိုပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ အထိခိုက် အကျအဆုံးရှိနိုင်ပြီး စုံစမ်းစစ်ဆေးဆဲဖြစ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များမှာ အထိခိုက် လုံးဝမရှိပဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြပါတယ်။
========================
📌📌 ၈။ အမေရိကန်ပြည်ထောင်စု Sacramento မြို့မှာ"THE WAY" ရုပ်ရှင်ပွဲဦးထွက်ပြသရာရုံပြည့်ရုံလျှံအားပေးခဲ့ကြ
သြဂုတ်လ၂၇ရက်
သြဂုတ်လ ၂၆ရက်တွင် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Sacramento မြို့၌ THE WAY" ရုပ်ရှင် ပွဲဦးထွက်ပြသရာ ရုံပြည့် ရုံလျှံအားပေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
"ပွဲဦးထွက်ပွဲမှာ တော်လှန်ပြည်သူတွေနဲ့အတူ " The Way " တွင် ဆုရ theme songအပိုဒ်ကို သံပြိုင်သီဆိုခဲ့ရတဲ့ တော်လှန်အမှတ်တရ ကြီးကတော့မေ့မရစရာပါပဲ။ ဂီတရုပ်ရှင်နှင့်ပတ်သက်သော ပစ္စည်းတချို့ကို လေလံအလှူငွေအပြိုင်ပေးပြီး ပါဝင်အားဖြည့်ကြတဲ့ Sacramentoက တော်လှန်ပြည်သူများကိုလည်း တကယ်ကိုလေးစားကျေးဇူးတင်ရပါတယ်။ The Way က စီးဆင်းမယ့်တော်လှန်ငွေများကို မြန်မာပြည်တွင်း လိုအပ်လျက်ရှိသော စစ်ရှောင်ဒေသ ကလေးငယ် ဘိုးဘွားတို့၏ ပညာရေး ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ပေးပို့လှူဒါန်းသွားဦးမှာပါ"လို့THE WAY teamကဆိုထားပါတယ်။
ပွဲအခမ်းအနားကို Sacramento က မြန်မာပြည်ဖွားအားလုံး တက်ရောက်ခဲ့ကြပြီး ရုပ်ရှင်မပြသခင် တိုင်ရင်းသားရိုးရာအကအလှတွေ၊ သီချင်းတွေ၊ Game တွေနဲ့ ဖျော်ဖြေပြသခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment