၂၀၂၃ သြဂုတ်လ ၃၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ Timor-Leste ၏ရုန်းကန်မှုကို ဂုဏ်ပြုပြီး မြန်မာလူမျိုးများနှင့် စည်းလုံးညီညွတ်မှုအတွက် အလေးအနက်ကျေးဇူးတင်ရှိတယ်လို့ယာယီသမ္မတပြောကြား
📌 ၂။ အကြမ်းဖက်စစ်အာဏာရှင်တစ်စုသည် တိုင်းရင်းသားပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများအားလုံး “ဝါး” အစည်းပြေသကဲ့သို့ စုစည်းညီညွတ်မှု ပျက်ပြယ်စေရန် ရည်ရွယ်ချက် ရှိရှိ ထိုးခွဲလျက်ရှိနေတယ်လို့ CRPHအသိပေး
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတိုင်ကြားမှုများဆိုင်ရာကော်မတီကိုတိုင်ကြားမှုပေါင်း ၁၄၆ မှုရှိ
📌 ၄။ ကရင်နီပြည် ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ဘေးရှောင်တွေရဲ့ ကပ်ရပ်ပေ၃၀ အနီးတွင် စကစတပ်များ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်
📌 ၅။ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားသို့ ဒေါနစစ်ကြောင်း တက်ရောက်ဂုဏ်ပြု
📌 ၆။ ကျောင်းသားလက်ရုံးတပ်တော်မှ သင်တန်းသား၆၀တက်ရောက်သင်ကြားခဲ့တဲ့အထူးတိုက်ခိုက်ရေးသင်တန်းကို ရက္ခိုင့်တပ်တော်AAမှ လေ့ကျင့်သင်ကြားပေးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ Timor-Leste ၏ရုန်းကန်မှုကို ဂုဏ်ပြုပြီး မြန်မာလူမျိုးများနှင့် စည်းလုံးညီညွတ်မှုအတွက် အလေးအနက်ကျေးဇူးတင်ရှိတယ်လို့ယာယီသမ္မတပြောကြား
သြဂုတ်လ၃၁ရက်
Timor-Leste ၏ရုန်းကန်မှုကို ဂုဏ်ပြုပြီး မြန်မာလူမျိုးများနှင့် စည်းလုံးညီညွတ်မှုအတွက် အလေးအနက်ကျေးဇူးတင်ရှိတယ်လို့
ယာယီသမ္မတ ဒူဝါလရှီးလပြောကြားပါတယ်။
သြဂုတ်လ၃၁ရက်မှာ ယာယီသမ္မတဒူဝါလရှီးလမှ ၎င်း၏Twitterမှတစ်ဆင့် အခုလိုရေးသား ပြောဆိုထားပါတယ်။
"၁၉၉၉ ခုနှစ် ဆန္ဒခံယူပွဲ ၂၄ နှစ်မြောက် တီမောလက်စ်တီကို ဂုဏ်ပြုပါတယ်။ ကျွန်ုပ်တို့သည် Timor-Leste ၏ရုန်းကန်မှုကို ဂုဏ်ပြုပြီး မြန်မာလူမျိုးများနှင့် စည်းလုံးညီညွတ်မှုအတွက် အလေးအနက်ကျေးဇူးတင်ပါတယ်"လို့ဆိုပါတယ်။
တီမောလက်စတေးနိူင်ငံဟာ အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားအား အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုဖိတ်ကြားခဲ့ပါတယ်။
ထို့အပြင် တီမောသမ္မတနဲ့ဝန်ကြီးချုပ်တို့ဟာ NUGနိူင်ငံခြားရေးဝန်ကြီးဒေါ်ဌင်မာအောင်၊ လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ ချက်သမ္မတနိူင်ငံ NUG ကိုယ်စားလှယ်ဦးလင်းသန့်တို့ကိုလက်ခံတွေ့ဆုံခဲ့ပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်အာဏာရှင်တစ်စုသည် တိုင်းရင်းသားပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများအားလုံး “ဝါး” အစည်းပြေသကဲ့သို့ စုစည်းညီညွတ်မှု ပျက်ပြယ်စေရန် ရည်ရွယ်ချက် ရှိရှိ ထိုးခွဲလျက်ရှိနေတယ်လို့ CRPHအသိပေး
သြဂုတ်လ၃၁
(၇၆) နှစ်မြောက် မွန်တော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအခုလို ဖော်ပြထားပါတယ်။
"အကြမ်းဖက်စစ်အာဏာရှင်တစ်စုသည် တိုင်းရင်းသားပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများအားလုံး “ဝါး” အစည်းပြေသကဲ့သို့ စုစည်းညီညွတ်မှု ပျက်ပြယ်စေရန် ရည်ရွယ်ချက် ရှိရှိ ထိုးခွဲလျက်ရှိနေသည်ကို အထူးသတိပြုကြစေလိုပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ရယူနိုင်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးရယူနိုင်ခဲ့သည်မှာ အထင်ရှားဆုံး သမိုင်းသင်ခန်းစာပင် ဖြစ်ပါတယ်။ဆယ်စုနှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရသော အသက်၊ သွေး၊ ချွေးနှင့် ခွန်အားများအတွက် ပိုမိုစည်းလုံးညီညွတ်ရန် အလွန်အရေးကြီးလှပါတယ်။ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်း လာရေးသည် တိုင်းရင်းသားပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအားလုံးအပေါ် မူတည် လျက်ရှိပြီး ဇွဲ၊ သတ္တိနှင့် လုံ့လ၊ ဝီရိယရှိရန် အရေးကြီးသလို နိုင်ငံရေးအမြင်ကျယ်ရန်လည်း အထူး လိုအပ်ပါတယ်လို့ဆိုပါတယ်။
ယနေ့နွေဦးတော်လှန်ရေးတွင်လည်း မွန်တိုင်းရင်းသားတို့သည် အခြားသော ညီနောင် တိုင်းရင်းသားများနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်ရေးတွင် စွမ်းစွမ်းတမံ တိုက်ပွဲဝင်နေကြပုံမှာ ဂုဏ်ယူလေးစားဖွယ်ကောင်းလှပြီး မွန်တိုင်းရင်းသားများသည် အသက် ပေးဆပ်ခဲ့ကြသော မွန်ခေါင်းဆောင်ကြီးများ၏ မပြီးမြောက်ခဲ့သည့် တော်လှန်ရေးခရီးလမ်းကို ဦးလည်မသုန် ဆက်လက်လျှောက်လှမ်းနေကြဆဲ ဖြစ်တယ်လို့ဆိုပါတယ်။
စစ်အာဏာရှင်စနစ် ချေမှုန်းရေး လမ်းခရီးတွင် ကျဆုံးခဲ့ကြရသော မွန်တော်လှန်ရေးခေါင်းဆောင်ကြီးများနှင့်တကွ မွန်တိုင်းရင်းသား ရဲဘော်အပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်ပါတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတိုင်ကြားမှုများဆိုင်ရာကော်မတီကိုတိုင်ကြားမှုပေါင်း ၁၄၆ မှုရှိ
သြဂုတ်လ၃၁ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတိုင်ကြားမှုများဆိုင်ရာကော်မတီကိုတိုင်ကြားမှုပေါင်း ၁၄၆ မှုရှိတယ်လို့သိရပါတယ်။
သြဂုတ်လနောက်ဆုံးပတ် တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေကပြောကြားခဲ့ပါတယ်။
"တိုင်ကြားမှုက ဒီကာလမှာ ၁၄၀ ကျော်ပေါ့။ ပြီးခဲ့တဲ့ ၂ ပတ်လောက်ကဆိုရင် ၁၄၆ မှုရှိတယ်၊ ၁၄၆ မှုဆိုတာက ဖွင့်လိုက်တဲ့ကာလ ၃ လမှာ ဖြစ်တဲ့အမှုဆိုတာထက် ဝန်ကြီးဌာနက ပြန် လွှဲပြောင်းလာတဲ့အမှုတွေ ရှိတယ်။ အဲဒီအမှုတွေမှာ ဖြေရှင်းဆောင်ရွက်ပြီးလို့ ပိတ်သိမ်းလိုက်တဲ့အမှုက ၁၀ မှု၊ တိုင်ကြားလာတဲ့အမှုတွေမှာ မှတ်တမ်းတင် သိမ်းဆည်းထားတာ ၁၂ မှုရှိပါတယ်။ အဲဒါကလည်း တိုင်ကြားတဲ့သူရော၊ တိုင်ကြားခံရတဲ့သူရော ဆက်သွယ်ဆောင်ရွက်လို့ မရတော့ဘူး။ တိုင်ကြားတဲ့သူတွေကလည်း နောက်ပိုင်းမှာ မတိုင်တော့ဘူးဆိုတဲ့သဘောမျိုး ပြောလာတဲ့အခါ အဲ့ဒါကိုမှတ်တမ်း တင်ထားတာ ၁၂ မှုရှိပါတယ်။ ကျန်တဲ့ဝန်ကြီးဌာနတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့အမှုကို လွှဲပြောင်းပေးတာက ၁၇ မှု ရှိပါတယ်"လို့ဆိုပါတယ်။
တိုင်ကြားမှုများတွင် ပြည်သူကအများဆုံးတိုင်ကြားမှုတို့ပါဝင်ပြီး မြို့နယ်ပအဖ ၊ ပကဖတို့တွင်လည်းအချင်းချင်းတိုင်ကြားမှုတို့ရှိကြောင်းသိရပါတယ်။
========================
📌📌 ၄။ ကရင်နီပြည် ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ဘေးရှောင်တွေရဲ့ ကပ်ရပ်ပေ၃၀ အနီးတွင် စကစတပ်များ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်
သြဂုတ်လ၃၁ရက်
ကရင်နီပြည် ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ဘေးရှောင်တွေရဲ့ ကပ်ရပ်ပေ၃၀ အနီးတွင် စကစတပ်များ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
သြဂုတ်လ၃၁ရက် မနက် ၄း၁၅အချိန်မှာ စကစတပ်များကလေကြောင်းတိုက်ခိုက်ခဲ့တာလို့ ကရင်နီစစ်ဘက်ရေးရာ သတင်းများအရသိရပါတယ်။
"ယနေ့မနက် ကရင်နီပြည် ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ဘေးရှောင်တွေရဲ့ ကပ်ရပ်ပေ၃၀ အနီးတွင် ၄း၁၅အချိန်တိုက်လေယာဥ်ဖြင့် သုံးကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ ဗုံးတွေထဲမှ တစ်လုံးအားမပေါက်ကွဲပဲ တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားသို့ ဒေါနစစ်ကြောင်း တက်ရောက်ဂုဏ်ပြု
သြဂုတ်လ၃၁ရက်
၇၆ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားသို့ ဒေါနစစ်ကြောင်း တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သြဂုတ်လ၃၁ရက်မှာ ဒေါနစစ်ကြောင်းကတရားဝင်အသိပေးဖော်ပြပါတယ်။
"ဒီနေ့ဟာ မွန်တိုင်းရင်းသာ လူမျိုးတို့ရဲ့ ၇၆ကြိမ်မြောက် တော်လှန်ရေးနေ့ဖြစ်ပါတယ်။ကျွန်တော်တို့ ဒေါနစစ်ကြောင်းသည် မဟာမိတ်အင်အားစုများအဖြစ် တော်လှန်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။MSRF၊ABSDF ၊ပူးပေါင်းမဟာမိတ် KNLA ၊ နှင့် အခြားမဟာမိတ်အဖွဲ့များက လည်း မွန်တော်လှန်ရေး အခမ်းအနားသို့ တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်"လို့ဆိုပါတယ်။
တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်၊ တန်းတူလွတ်လပ်ခွင့်နှင့်စစ်မှန်သည့် ဖယ်ဒရယ် ဒီမိုကရေစီ ရအောင်ကြိုးစားကြဖြစ်ကြောင်း တော်လှန်ရေးနေ့အခမ်းအနားတွင်မဟာမိတ်များကဂတိသစ္စာ ပြုခဲ့ကြပါတယ်။
========================
📌📌 ၆။ ကျောင်းသားလက်ရုံးတပ်တော်မှ သင်တန်းသား၆၀တက်ရောက်သင်ကြားခဲ့တဲ့အထူးတိုက်ခိုက်ရေးသင်တန်းကို ရက္ခိုင့်တပ်တော်AAမှ လေ့ကျင့်သင်ကြားပေးခဲ့
သြဂုတ်လ၃၁
သြဂုတ်လနောက်ဆုံးပတ်မှာ ကျောင်းသားလက်ရုံးတပ်တော်မှ အခုလိုအသိပေးဆိုပါတယ်။
သြဂုတ်လ ၊ ၂၈ ရက်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ် ၌ ရက္ခိုင့်တပ်တော်မှ လေ့ကျင့်သင်ကြားပေးခဲ့သော အထူးတိုက်ခိုက်ရေးသင်တန်း ဆင်းပွဲ အခမ်းအနားအား ကျင်းပခဲ့ပါတယ်။
အဆိုပါ သင်တန်း၌ သင်တန်းသား ၆၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းသား ၅၈ ဦး သင်တန်းဆင်းနိုင်ခဲ့တယ်လို့သိရပါတယ်။
အခမ်းအနားတွင် သင်တန်းဆင်း တပ်သားစစ်ကြောင်းမှ ချီတက် အလေးပြုခြင်း ၊ ကျောင်းသားလက်ရုံးတပ်တော် နှင့် ရက္ခိုင့်တပ်တော်မှ တာဝန်ရှိသူများမှ အမှာစကားပြောကြားခြင်း နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကျွေးမွေးဧည့်ခံခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါအခမ်းအနားသို့ မဟာမိတ်တပ်အသီးသီးမှအရာရှိ ၊ အရာခံ များ နှင့် အကြပ်စစ်သည်များ ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ ဗဟိုကော်မတီဝင်များ ၊အရာရှိ ၊အရာခံ ၊အကြပ်စစ်သည် ၊ရဲဘော်တို့ တက်ရောက်ခဲ့ကြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment