၂၀၂၃ သြဂုတ်လ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
📌 ၂။ ကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်းများအဖြစ်မြေပြင်ကျောင်းပေါင်း (၃၇၅) ကျောင်း ကို “ကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်းများ” အဖြစ် အသိအမှတ်ပြု
📌 ၃။ စစ်စရိတ်ကို ဖြည့်တင်းပေးနေတဲ့ လူထုဟာ အောင်ပွဲကိုလည်း မျှော်လင့်နေပြီလို့ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင် ပြောကြား
📌 ၄။ တော်လှန်ရေးကို သုံးသပ်သူများအနေနဲ့ ပြည်သူတွေရဲ့ မဟာဗျူဟာမြောက်ရွေးချယ်မှုကို အရာမသွင်း မလုပ်မိဖို့ လိုမယ်လို့ဆို
📌 ၅။ ခုနစ်လတာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသား (၇၀၁) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၄၀၇) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေ
📌 ၆။ ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး
📌 ၇။ ဒီပဲယင်းနယ်အရှေ့ခြမ်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ရာသီဥတုဆိုးဝါးနေသည့်ကြားမှ စစ်ဘေးရှောင် ထောင်ချီ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်
📌 ၈။ မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးတောပျူစောထီးရွာ 3 Kg သယ်ဆောင်နိုင်သော မောင်းသူမဲ့ လေယာဉ်များဖြင့် ဝေဟင်တိုက်ခိုက်မှုများဖော်ဆောင်ခဲ့
📌 ၉။ ဒီမော့ဆို - ဖရူဆိုလမ်းမကြီးပေါ်တွင် သြဂုတ်လ (၂) ရက်နေ့ နံနက်ပိုင်းမှ စစ်ကောင်စီ၏ တပ်ဖွဲ့များစစ်ကြောင်းထိုး လာသောကြောင့်တော်လှန်ရေးတပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ
📌 ၁၀။ ဘီယာသောက်နေသော ရန်သူ့တပ်သား(၂)ဦးကို ပစ်ခတ်ရာ(၂) ဦး သေဆုံး၍ MA-1သေနတ် (၂) လက်နှင့်5.56 ကျည် (၁၇) တောင့် သိမ်းဆည်းရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
ဩဂုတ် လ ၂ ရက်
သြဂုတ်လ၂ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၅/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဌာနများမှ ဌာနနှင့် သက်ဆိုင်သည့်လုပ်ငန်းများအား မှာကြားဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်းများအဖြစ်မြေပြင်ကျောင်းပေါင်း (၃၇၅) ကျောင်း ကို “ကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်းများ” အဖြစ် အသိအမှတ်ပြု
သြဂုတ်လ၂
''ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် မြေပြင်ကျောင်းပေါင်း (၃၇၅) ကျောင်း ကို “ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများ” အဖြစ် အသိအမှတ်ပြုကြေညာလိုက်ပါတယ်။
သြဂုတ်လ၂ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကြေညာချက်အမှတ် (၁၄/၂၀၂၃)ကို ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ကြားကာလတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေသော ကျောင်းသားများ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရန်အတွက် မြေပြင် ပြည်သူ့ပညာရေးကျောင်းများနှင့် ဆက်သွယ်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်လို့ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြု လျှောက်လွှာတင်ထားသည့် ကျောင်းများအနက် စိစစ်ပြီး၊ အသိအမှတ်ပြုရေးမူဝါဒ (၁၁) ချက်ကို လိုက်နာမည်ဟု ဝန်ခံကတိပြုသည့် မြေပြင်ကျောင်းပေါင်း (၃၇၅) ကျောင်း ကို “ကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်းများ” အဖြစ် အသိအမှတ်ပြုလိုက်တယ်လို့ဖော်ပြပါတယ်။
စိစစ်ဆဲ Online ကျောင်းများနှင့် မြေပြင်ပြည်သူ့ပညာရေးကျောင်းများကိုလည်း အသိအမှတ်ပြုကြောင်း ဆက်လက်ထုတ်ပြန် ကြေညာပေးသွားမယ်လို့အသိပေးကြေညာပါတယ်။
========================
📌📌 ၃။ စစ်စရိတ်ကို ဖြည့်တင်းပေးနေတဲ့ လူထုဟာ အောင်ပွဲကိုလည်း မျှော်လင့်နေပြီလို့ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင် ပြောကြား
သြဂုတ်လ၂ရက်
စစ်စရိတ်ကို ဖြည့်တင်းပေးနေတဲ့ လူထုဟာ အောင်ပွဲကိုလည်း မျှော်လင့်နေပြီလို့ ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ကရင်နီအိပ်မက် မောင်း၁၀၀စကားဝိုင်းမှာ ပြောပါတယ်။
"လတ်တလောမှာ ကျမတို့ အားကိုးစရာ ပြည်သူလူထုပဲရှိတယ်။ စစ်စရိတ်ကိုဖြည့်တင်းရတယ်။ စစ်လက်နက်နဲ့ ရိက္ခာ ယူနီဖောင်းကအစပေါ့ဝယ်ခြမ်းရတယ်။ အဲဒီလိုမျိုးမှာ ပြည်သူလူထုကလည်း အောင်ပွဲကိုမျှော်လင့်တယ်။ အခုအချိန်မှာတော့ စစ်ရေးအရ အပြောင်းအလဲကြီးတွေက ဖြစ်ဖို့လိုလာတယ်။ လိုလည်းလိုအပ်လာတယ်။ ကရင်နီဆိုရင် ကျမတို့အားကျရတဲ့နေရာဒေသထဲမှာပါတယ်။ ကရင်နီဆိုရင် ရန်သူစကစက ကုန်းကြောင်းတက်လာဖို့ဆိုတာ သိပ်ခဲယဥ်းသွားပြီ"လို့ဆိုပါတယ်။
PRF - ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစုအစီအစဥ် စတင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ (၁၇) လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ (၁၀.၉၃) သန်း လက်ခံရရှိအသုံးပြုခဲ့ပြီး ရရှိလာသော ပြည်သူ့ထောက်ပို့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ တပ်ရင်းများ ထောက်ပံ့စားရိတ်အဖြစ် အမေရိကန်ဒေါ်လာ (၉.၀၃) သန်း အသုံးပြုခဲ့ပါတယ်။
PRF အစီအစဥ်၏ ထောက်ခံမှုဖြင့် အမေရိကန်ဒေါ်လာ (၁.၉) သန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဒေသကာကွယ်ရေး အဖွဲ့(LDF)များနှင့် စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်းများထံသို့ တိုက်ရိုက် ပေးပို့ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ တော်လှန်ရေးကို သုံးသပ်သူများအနေနဲ့ ပြည်သူတွေရဲ့ မဟာဗျူဟာမြောက်ရွေးချယ်မှုကို အရာမသွင်း မလုပ်မိဖို့ လိုမယ်လို့ဆို
သြဂုတ်လ၂ရက်
တော်လှန်ရေးကို သုံးသပ်သူများအနေနဲ့ ပြည်သူတွေရဲ့ မဟာဗျူဟာမြောက်ရွေးချယ်မှုကို အရာမသွင်း မလုပ်မိဖို့လိုမယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကပြောပါတယ်။
"တော်လှန်ရေးမှာလည်း ပြည်သူတွေရဲ့ ထောက်ပို့ လုပ်ရပ်တွေကလည်း အလိမ်အညာတွေ၊ ကိုယ်ကျိုးရှာတွေကို နှစ်နှစ်အတွင်းမှာ ဖယ်ထုတ်နိုင်တဲ့ နည်းလမ်းတွေရှိခဲ့ပြီး၊ မဟာဗျူဟာကျလာတာကို တွေ့ရတော့ အားတက်မိတယ်။ နွေဦးတော်လှန်ရေးက နဂိုကတည်းက အားလုံးပါဝင်ပြီး လူတိုင်းသိတဲ့ ဗျူဟာတွေနဲ့ ချီတက်ခဲ့တော့ အမှားအယွင်းရှိလည်း အားလုံးဝင်ပြော၊ ဝင်ပြင်စနစ်နဲ့ ချီတက်ခဲ့တာ။ ကွန်ပျူတာ စကားရပ်နဲ့ဆို open source development လိုပါပဲ။ တော်လှန်ရေးကို သုံးသပ်သူများအနေနဲ့လည်း ပြည်သူတွေရဲ့ မဟာဗျူဟာမြောက်ရွေးချယ်မှုကို dismiss အရာမသွင်း မလုပ်မိဖို့လိုမယ် ထင်ပါတယ်"ဒုဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိုင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၅။ ခုနစ်လတာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသား (၇၀၁) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၄၀၇) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေ
သြဂုတ်၂ရက်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ခုနစ်လတာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသား (၇၀၁) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၄၀၇) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေတယ်လို့ သြဂုတ်လ၂ရက်မှာ အသိပေးဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ခုနစ်လတာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသား (၇၀၁) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၄၀၇) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေတယ်လို့ဆိုပါတယ်။
ထို့ပြင် နိုင်ငံတဝန်း ဖမ်းဆီးခံရမှုအနေဖြင့် အမျိုးသား (၁၁၁၉) ဦးရှိပြီး စစ်ကိုင်းတိုင်း၌ (၂၆၃) ဦးဖြင့် အများဆုံး ဖမ်းဆီးခံရပြီး ထို (၁၁၁၉) ဦးအနက် (၁၀၉၇) ဦးမှာ လက်ရှိတွင် အကျဉ်းထောင်များ၌ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၆။ ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး
သြဂုတ်လ၂
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သြဂုတ်လ၂ရက်မှာ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က အသိပေးဆိုပါတယ်။
"ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာအား မီးရှို့ဖျက်ဆီးမှု (၃) ကြိမ်ရှိပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းအလွန် နှစ်နှစ်ကျော်ကာလအတွင်း နေအိမ်အဆောက်အအုံ ဘာသာရေးအဆောက်အအုံများ အပါအဝင် စုစုပေါင်း ၈၁,၈၉၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပါတယ်။
ဒီပမာဏထဲက ၃၀ ရာခိုင်နှုန်းနီးပါး (၂၄,၁၃၈ လုံးထက်မနည်း) ဟာ ၂၀၂၃ ခုနှစ် ခြောက်လအတွင်း ဖြစ်ခဲ့ပြီး နိုင်ငံအနှံ့ မီးရှို့ဖျက်ဆီးခံခဲ့ရမှု အားလုံးရဲ့ ၇၂ ရာခိုင်နှုန်းကျော်ဟာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေ ဖြစ်ကြတယ်လို့ ISP Myanmarကထုတ်ပြန်ထားပါတယ်။
========================
📌📌 ၇။ ဒီပဲယင်းနယ်အရှေ့ခြမ်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ရာသီဥတုဆိုးဝါးနေသည့်ကြားမှ စစ်ဘေးရှောင် ထောင်ချီ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်
သြဂုတ်လ၂ရက်
ဒီပဲယင်းနယ် အရှေ့ခြမ်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ရာသီဥတုဆိုးဝါးနေသည့်ကြားမှ စစ်ဘေးရှောင်ထောင်ချီ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သြဂုတ်လ၂ရက်မှာ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကဆိုပါတယ်။
"ဒီပဲယင်းနယ်အရှေ့ခြမ်း စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းသည် မရကန်ရွာအတွင်း ဝင်ရောက်နေပြီး ရာသီဥတုဆိုးဝါးနေသည့်ကြားမှ စစ်ဘေးရှောင် ထောင်ချီ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ပါတယ်"လို့ဆိုပါတယ်။
လတ်တလော အကူအညီ လိုအပ်နေဆဲ စစ်ဘေးရှောင်များအတွက် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံးအကူအညီများ ထောက်ပံ့ပေးလျက်ရှိပြီး အလှူရှင်များအနေဖြင့် စစ်ဘေးရှောင်များအတွက် တတ်စွမ်းသရွေ့ ပါဝင်ကူညီပေးကြဖို့ဆိုထားပါတယ်။
========================
📌📌 ၈။ မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးတောပျူစောထီးရွာ 3 Kg သယ်ဆောင်နိုင်သော မောင်းသူမဲ့ လေယာဉ်များဖြင့် ဝေဟင်တိုက်ခိုက်မှုများဖော်ဆောင်ခဲ့
သြဂုတ်လ၂ရက်
မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးတောပျူစောထီးရွာ 3 Kg သယ်ဆောင်နိုင်သော မောင်းသူမဲ့ လေယာဉ်များဖြင့် ဝေဟင်တိုက်ခိုက်မှုများဖော်ဆောင်ခဲ့တယ်လို့ ဩဂုတ်လ (၂)ရက်မှာ စစ်ရေးသတင်းကို ရေစကြိုပကဖက အတည်ပြုပါတယ်။
"မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးတောပျူစောထီးရွာသို့ ဩဂုတ်လ(၁)ရက် ညနေ၅နာရီဝန်းကျင်ခန့်တွင် 3 Kg သယ်ဆောင်နိုင်သော မောင်းသူမဲ့ လေယာဉ်များဖြင့် ဝေဟင်တိုက်ခိုက်မှုများ ဖော်ဆောင် တိုက်ပွဲဝင်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဇီးတောမှ ပျူများအထိခိုက်များရှိနိုင်ပြီး သီးခြားအတည်မပြုမနိုင်သေးဘူး"လို့ဆိုပါတယ်။
စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူ Salingyi Special Task Force - SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)}၊Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAF မှ ပူပေါင်းဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၉။ ဒီမော့ဆို - ဖရူဆိုလမ်းမကြီးပေါ်တွင် သြဂုတ်လ (၂) ရက်နေ့ နံနက်ပိုင်းမှ စစ်ကောင်စီ၏ တပ်ဖွဲ့များစစ်ကြောင်းထိုး လာသောကြောင့်တော်လှန်ရေးတပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ
သြဂုတ်လ၂
ကရင်နီပြည် ဒီးမော့ဆို - ဖရူဆိုလမ်းမကြီးပေါ်တွင် သြဂုတ်လ (၂) ရက်နေ့ နံနက်ပိုင်းမှ စစ်ကောင်စီ၏ တပ်ဖွဲ့များစစ်ကြောင်းထိုး လာသောကြောင့်တော်လှန်ရေးတပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သြဂုတ်လ၂ရက်နေ့မှာ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက အသိပေးဆိုပါတယ်။
"ဒီးမော့ဆို - ဖရူဆိုလမ်းမကြီးပေါ်တွင် သြဂုတ်လ (၂) ရက်နေ့ နံနက်ပိုင်းမှ စစ်ကောင်စီ၏ တပ်ဖွဲ့များမှာ ဖရူဆိုဖက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာသောကြောင့် မိမိတို့ တော်လှန်ရေးတပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပါတယ်"လို့ဆိုပါတယ်။
အထက်ပါ စစ်ရေးအခြေနေများကြောင့် ဒေါညင်းခူ - ထီးပေါ့ဆို လမ်းအားအသုံးပြု၍ အသွားလာနေကြသော ပြည်သူများအနေဖြင့် မြေပြင်စစ်ရေးအခြေနေအရ အထက်ပါလမ်းအား ယာယီပိတ်ထားမည်ဖြစ်ပြီး ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံ အသိပေးထားပါတယ်။
========================
📌📌 ၁၀။ ဘီယာသောက်နေသော ရန်သူ့တပ်သား(၂)ဦးကို ပစ်ခတ်ရာ(၂) ဦး သေဆုံး၍ MA-1သေနတ် (၂) လက်နှင့်5.56 ကျည် (၁၇) တောင့် သိမ်းဆည်းရရှိ
ဩဂုတ်လ (၂) ရက်
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မလမ်း၊ ဆုံစည်းရာ ဘီယာဆိုင်တွင်ဘီယာသောက်နေသော ရန်သူ့တပ်သား(၂)ဦးကို ပစ်ခတ်ရာ(၂) ဦး သေဆုံး၍ MA-1သေနတ် (၂) လက်နှင့်5.56 ကျည် (၁၇) တောင့် သိမ်းဆည်းရရှိ ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က သြဂုတ်လ၂ရက်နေ့မှာ အသိပေးဖော်ပြပါတယ်။
"၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့၊ နေ့လည်(၂:၀၂)နာရီတွင် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မလမ်း၊ ဆုံစည်းရာ ဘီယာဆိုင်တွင် ဘီယာထိုင်သောက်နေသော ရန်သူ့တပ်သား(၂) ဦးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင်တပ်ရင်း(၈)က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
ပစ်ခတ်စဉ် ဆိုင်ကယ်စီးပြီး ထွက်ပြေးသဖြင့် အနောက်မှ လိုက်လံပစ်ခတ်ခဲ့ရာ မြစ်ခြေ-ကမ္မလမ်းဘေးရှိ ရေမြောင်းထဲတွင် ကျည်ထိမှန် ဒဏ်ရာနှင့် လဲကျနေသော ရန်သူ့တပ်သား(၁)ဦးကို လက်နက်ချ အညံ့မခံသဖြင့်အသေပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အတွင်း ရန်သူ့တပ်သား(၂) ဦး သေဆုံးကာ MA-1 (၂)လက်နှင့်5.56 ကျည် (၁၇) တောင့် သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment