၂၀၂၃ သြဂုတ်လ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ လစဉ် ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာများပေးပို့ခဲ့
📌 ၂။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ မြန်မာနိုင်ငံအတွက် ထိရောက်မှုရှိသည့် ဆုံးဖြတ်ချက်အဆို ချမှတ်နိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို စတင်ရမည့် အကောင်းမွန်ဆုံးအချိန်ဖြစ်တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၃။ တော်လှန်ရေးရဲဘော်များကို ထောက်ပို့ဝန်းရံပေးကြဖို့ ချက်နိူင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့်ပြောကြား
📌 ၄။ NUG တရားရေးဝန်ကြီးဌာနက တရားမမှုပေါင်း၂၉မှုနှင့်ရာဇဝတ်မှုပေါင်း ၁၇၃ မှုတို့ကို ပြီးပြတ်အောင်ဆောင်ရွက်နိူင်ခဲ့သဖြင့် အမှုပြီးပြတ်မှု၅၃ရာခိုင်နှုန်းအထိ အောင်မြင်စွာဆောင်ရွက်နိူင်ခဲ့
📌 ၅။ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်၏ အခြေခံစံနှုန်းများကို ချိုးဖောက်နေသော အကြမ်းဖက်စစ်အုပ်စု၏ လက်ဝေခံများကို မည်သည့် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများမှ လက်ခံလိမ့်မည် မဟုတ်ကြောင်း CTUMထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ လစဉ် ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာများပေးပို့ခဲ့
သြဂုတ်လ၄
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)သည် ၂၀၂၁ခုနှစ် သြဂုတ်လမှ ၂၀၂၃ခုနှစ် ဇူလိုင်လအထိ ရရှိခဲ့သော ONE DAY CHALLENGE လှုပ်ရှားမှု ရန်ပုံငွေများအနက်မှ လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေအား အမျိုးသား ညီညွတ်ရေးအစိုးရ NUGထံ ပေးပို့လာခဲ့ရာ ၂၀၂၃ခုနှစ် ဩဂုတ်လ ၃ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ ၁.၉သန်းအား ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ သြဂုတ်လ၄ရက်OneDayChallengeလှုပ်ရှားမှုဆိုင်ရာထုတ်ပြန်ချက်အရသတင်းရရှိပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)သည် One Day Challenge ထောက်ပံ့ငွေဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ၏ နယ်မြေစိုးမိုးရေး မဟာဗျူဟာစီမံချက် အောင်မြင်နိုင်စေရေးအတွက် အကြမ်းဖက်စစ်တပ်ကို ရှေ့တန်းကနေ ဖိအားကောင်းစွာပေးကာ တော်လှန်တိုက်ပွဲဝင်နေသော တပ်ဦးခံတပ်ဖြစ်သည့် အထူးတပ်ဖွဲ့သို့ အမေရိကန် ဒေါ်လာ၃သောင်း (၅၉၄သိန်းကျပ်)တန်ဖိုးရှိ ကျည်အရေအတွက် (၁၃,၅၀၀)အား ထောက်ပံ့ခဲ့ပြီး ဥကရစ်ထ စခမ်းသိမ်းတိုက်ပွဲအတွက် ဘတ်တစ်သန်းနှင့် မြေပြင်PDF,LPDF,UG အဖွဲ့ (၁၈၉)ဖွဲ့သို့ ကျပ်(၃၂၄၀)သိန်းအား “NUGအစိုးရ၏ ထောက်ပံ့ ကူညီငွေ" အဖြစ် ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ ယာယီသမ္မတ ဒူဝါလရှီးလသည် လစဉ် ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာများအား ပေးပို့ခဲ့ရာ ၂၀၂၃ခုနှစ် ဩဂုတ်လ ၃ရက်နေ့တွင် ၁၉ကြိမ်မြောက် ပေးပို့ခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၂။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ မြန်မာနိုင်ငံအတွက် ထိရောက်မှုရှိသည့် ဆုံးဖြတ်ချက်အဆို ချမှတ်နိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို စတင်ရမည့် အကောင်းမွန်ဆုံးအချိန်ဖြစ်တယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
သြဂုတ်လ၄
သြဂုတ်လ၃ရက်ကျင်းပတဲ့ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် “ငတ်မွတ်မှုဘေးအန္တရာယ်နှင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာမလုံလောက်မှုပြဿနာ (Famine and Conflict-Induced Global Food Insecurity)” ခေါင်းစဉ်ဖြင့် High-Level Open Debate ကိုတက်ရောက်ရာမှာ သံအမတ်ကြီးက မြန်မာနိုင်ငံအတွက် ထိရောက်မှုရှိသည့် ဆုံးဖြတ်ချက်အဆိုချမှတ်နိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို စတင်ရမည့် အကောင်းမွန်ဆုံးအချိန် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
"မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ပေးအပ်နိုင်ရေးဟူသော လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများကို ထိရောက်စွာ ဖော်ဆောင်နိုင်မည့် လုပ်ဆောင်ချက်များကို ချမှတ်ရန် တိုက်တွန်းကြောင်း၊ဤအချိန်သည် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ မြန်မာနိုင်ငံအတွက် ထိရောက်မှုရှိသည့် ဆုံးဖြတ်ချက်အဆိုချမှတ်နိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို စတင်ရမည့် အကောင်းမွန်ဆုံးအချိန်ပင်ဖြစ်ကြောင်း "သံအမတ်ကြီးကဆိုပါတယ်။
လက်ရှိမြန်မာနိူင်ငံတွင် ၁၅.၂ သန်းသော ပြည်သူများမှာ စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်ပေါ်လျက်ရှိကာ ၁.၉ သန်းခန့်သော ပြည်သူများမှာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်လာရပါတယ်။
မြန်မာနိုင်ငံ အတွင်း ကလေးသူငယ်များမှာလည်း အာဟာရချို့တဲ့မှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရပြီး WFP ၏ အချက်အလက်များအရ အသက် (၅) နှစ်အောက် ကလေးငယ် (၃) ဦးလျှင် (၁) ဦးနှုန်းဖြင့် ဖွံ့ဖြိုးမှုနှေးကွေးမှု ရင်ဆိုင်နေရကြောင်း၊ (၇) ရာခိုင်နှုန်းမှာ အာဟာရချို့တဲ့လာကြောင်းသိရပါတယ်။
========================
📌📌 ၃။ တော်လှန်ရေးရဲဘော်များကို ထောက်ပို့ဝန်းရံပေးကြဖို့ ချက်နိူင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့်ပြောကြား
သြဂုတ်လ၄ရက်
သြဂုတ်လ၄ရက်တွင် ချက်သမ္မတနိူင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့်မှ လူမှုကွန်ရက်ကနေတစ်ဆင့် အခုလိုပြောကြားခဲ့ပါတယ်။
"အခုလို ကာလဝိပတ္တိအခါမှာ တချို့တွေ အေးဆေးစွာ အိပ်မောကျနေချိန် အနာဂါတ်မှာ တတိုင်းပြည်လုံး အေးချမ်းလုံခြုံစွာ ရှိစေဖို့ ပစ္စပ္ပန်တွေကို အသက်နဲ့ ရင်းထားသူတွေဖြစ်တဲ့ တောထဲ တောင်ထဲက ညီအကို သားသမီးတွေ၊ မြို့ပေါ်တွေက ယူဂျီပျောက်ကြားရဲဘော်တွေဟာ အိပ်ခြင်းကို အံတု ရန်ပြုနေကြရတာပါ။ မြန်မာနိုင်ငံသားအားလုံးအတွက် သူတို့ဘဝတွေကို ရင်းနှီးပေးဆပ်နေသူတွေအပေါ် ကျနော်တို့ ကိုယ်ချင်းစာတရားလေးထားပြီး သူတို့ကို အလေးအမြတ်ပြုတဲ့အနေနဲ့ ကိုယ်တတ်နိုင်တာလေးတွေကို သဒ္ဒါတတ်အား နည်းများ မဆို ပါဝင်နိုင်ဖို့ လိုတယ်လေ။ အခုထိလည်း အဲဒီ ပါဝင်အားဖြည့်နေကြတဲ့ ထောက်ပို့တပ်သားကြီးတွေဟာ ပြည်တွင်း ပြည်ပမှာ အရှိန်အဟုန်ရနေကြတာ အခုတော်လှန်ရေးခရီးဟာ သက်သေပါပဲ"လို့ဆိုပါတယ်။
လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့တိုင်းတွင် ထောက်ပို့ရဲဘော်များလိုအပ်လျက်ရှိပြီးတော့ လစဥ်ကြေးပေးသွင်းရုံဖြင့် အမြဲတမ်းထောက်ပို့
အဖွဲ့ဝင်ဖြစ်နိူင်မှာဖြစ်ပါတယ်။
========================
📌📌 ၄။ NUG တရားရေးဝန်ကြီးဌာနက တရားမမှုပေါင်း၂၉မှုနှင့်ရာဇဝတ်မှုပေါင်း ၁၇၃ မှုတို့ကို ပြီးပြတ်အောင်ဆောင်ရွက်နိူင်ခဲ့သဖြင့် အမှုပြီးပြတ်မှု၅၃ရာခိုင်နှုန်းအထိ အောင်မြင်စွာဆောင်ရွက်နိူင်ခဲ့
သြဂုတ်လ၄
"အမျိုးသားညီညွတ်ရေးအစိုးရ၏တရားရုံးများသည် မိမိတို့ဆောင်ရွက်ဖွယ်ရှိသည့်လုပ်ငန်းများကို လည်ပတ်ဆောင်ရွက်လျက်ရှိနေပြီး ၂၀၂၃ ခုနှစ်ဇွန်လအထိတရားမမှု ၇၄မှုနှင့်ရာဇဝတ်မှု ၃၀၆မှုတို့ကို ကြားနာစစ်ဆေးခဲ့ကာ တရားမမှုပေါင်း၂၉မှုနှင့်ရာဇဝတ်မှုပေါင်း
၁၇၃မှုတို့ကို ပြီးပြတ်အောင်ဆောင်ရွက်နိူင်ခဲ့သဖြင့် အမှုပြီးပြတ်မှု၅၃ရာခိုင်နှုန်းအထိ အောင်မြင်စွာဆောင်ရွက်နိူင်ခဲ့ပါတယ်"လို့ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနမှ အများပြည်သူသို့ ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့အပြင် "ပြည်သူများသည် ၄င်းတို့နေထိုင်ရာမြို့ရွာများနှင့် လူမှုပတ်ဝန်းကျင်မထားကို အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်မှုလက်အောက်မှ လွတ်မြောက်စေရန်အတွက် တိုက်ပွဲဝင်နေသည့်နည်းတူ တရားရေးဝန်ကြီးအနေနဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ အခြားသောဝန်ကြီးဌာနများ အဖွဲ့အစည်းများနဲ့ပူးပေါင်းကာ တရားမျှတမှုဖော်ဆောင်ရေးအတွက် ကဏ္ဍများအတွက် သင့်လျော်သောပုဂ္ဂိုလ်များကို ရွေးချယ်ခန့်အပ်ခြင်း၊ လိုအပ်သောသင်တန်းများပိုချခြင်းကိုဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
========================
📌📌 ၅။ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်၏ အခြေခံစံနှုန်းများကို ချိုးဖောက်နေသော အကြမ်းဖက်စစ်အုပ်စု၏ လက်ဝေခံများကို မည်သည့် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများမှ လက်ခံလိမ့်မည် မဟုတ်ကြောင်း CTUMထုတ်ပြန်
သြဂုတ်လ၄
သြဂုတ်လ၄ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ CTUMက အခုလိုထုတ်ပြန်ခဲ့ပါတယ်။
"မိမိတို့ CTUM နှင့် CTUM ၏ အဖွဲ့ဝင်များအား အကြမ်းဖက်စစ်အုပ်စု၏ အလုပ်သမားဝန်ကြီးဌာန၏ ဒုဝန်ကြီး ဦးဝင်းရှိန်မှ တွေ့ဆုံ၍ CTUM ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား အစားထိုးရန် သွေးခွဲသည်ကို မှတ်တမ်းများအရ သိရှိရပါတယ်။ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်၏ အခြေခံစံနှုန်းများနှင့် ကိုက်ညီမှုမရှိသော၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်၏ အခြေခံစံနှုန်းများကို ချိုးဖောက်နေသော အကြမ်းဖက်စစ်အုပ်စု၏ လက်ဝေခံများကို မည်သည့် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများမှ လက်ခံလိမ့်မည် မဟုတ်ပါ။ မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အခြေအနေကို ပိုမိုယိမ်းယိုင်စေမည်သာ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
CTUM သည် အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး ချိုးဖောက်မှုများအပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) မှ အရေးယူဆောင်ရွက်နိုင်စေရန် အစဉ်တစ်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ (၁၀၉) ကြိမ်မြောက် ILC ညီလာခံတွင် အကြမ်းဖက်စစ်အုပ်စု အား အရေးယူဆောင်ရွက်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry COI - on violations on Freedom of Association) ဖွဲ့စည်းရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ဖော်ပြပါတယ်။
ယခုနှစ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်မည့် ILO ၏ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) အစည်းအဝေးတွင် ယင်းစုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry - COI) ၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို အတည်ပြု ဆုံးဖြတ်မည် ဖြစ်ကြောင်းလည်းသိရပါတယ်။
CTUM အား နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်ခြင်း၊ “အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကိုက်ညီပြည့်စုံ၍ လက်ရှိတွင် ယင်းအဖွဲ့ချုပ်များသည် ဥပဒေနှင့်အညီ လွတ်လပ်စွာဖွဲ့စည်းမှု၊ စည်းရုံးမှုများ ပြုလုပ်လျက်ရှိသည်” ဟု လိမ်လည်ဖော်ပြခြင်းများပြုလုပ်သော်လည်း အကြမ်းဖက်စစ်အုပ်စုသည် လက်နက် အားကိုးဖြင့် ခြိမ်းခြောက်၊ ပစ်ခတ်၊ ဗုံးကြဲ၍မရသော အပြည်ပြည်ဆိုင်ရာသည် တွေ့ရှိချက်များကို အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) သို့ အစီရင်ခံမှာဖြစ်တယ်လို့ဆိုပါတယ်။
အခု တင်ပြပေးခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment