၂၀၂၃ သြဂုတ်လ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေနဲ့ တပ်မိသားစုဝင်တွေကို အမြင်မှန်ရအောင် လူထုနိုင်ငံရေးနည်းသုံးဖို့ ယာယီသမ္မတပြော
📌 ၂။ တိုင်ကြားမှုများဆိုင်ရာကော်မတီက ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ဦးစီးဌာနများ၊ ကော်မတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်သက်ဆိုင်သည့် တိုင်ကြားမှုများအား စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိ
📌 ၃။ သာယာဝတီ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှိက်ပြီး တိုက်ပိတ်မှုကြောင့် ပြင်းထန်ဒဏ်ရာများနဲ့ မေ့မြောသူအချို့ရှိ
📌 ၄။ ပုလဲမြို့နယ်ရှိ ကျေးရွာများသို့ စကစတပ်များ စစ်ကြောင်းထိုးဝင်ရောက်၍ ကျေးရွာများမှ ပြည်သူ ၇၀၀၀ ဝန်းကျင်ခန့် အိုးအိမ်များစွန့်ကာ ထွက်ပြေးတိမ်းရှောင်
📌 ၅။ ဇူလိုင်လ တစ်လတာကာလအတွင်း နိုင်ငံတဝန်းတွင် အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် (၂၈) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၁၆) ဦးဖြင့် သေဆုံးမှု အများဆုံးတွင် ရှိနေ
📌 ၆။ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းအား ကာကွယ်ရေးတပ်များ တိုက်ခိုက်ရာစကစတပ်က သုံးဦးသေဆုံးပြီး ဆယ်ဦးထိခိုက်ဒဏ်ရာရ
📌 ၇။ ပခုက္ကူကားလမ်းမကြီးပေါ်တွင် လမ်းသွားလမ်းလာ ကုန်သည်မော်တော်ယာဉ်များထံမှ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေသော ရေစကြိုမြို့နယ် ဆင်းချောင်းပျူစောထီးရွာမှ အကြမ်းဖက်စစ်ကောင်စီတပ်များ၊ ပျူများကို ဝေဟင်မှ တိုက်ခိုက်
📌 ၈။ “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်”ဘန်နာကိုင်စွဲကာ လူထုသပိတ် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်လှုပ်ရှားခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေနဲ့ တပ်မိသားစုဝင်တွေကို အမြင်မှန်ရအောင် လူထုနိုင်ငံရေးနည်းသုံးဖို့ ယာယီသမ္မတပြော
သြဂုတ်လ၄
စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေနဲ့ တပ်မိသားစုဝင်တွေကို အမြင်မှန်ရအောင် လူထုနိုင်ငံရေးနည်းသုံးဖို့ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
"ကျွန်တော်တို့ဟာ လူထုနိုင်ငံရေးလမ်းစဉ်ကို အမြင်ကျယ်ကျယ်နဲ့ ဆက်လက်ချဲ့ထွင် လုပ်ဆောင်ကြဖို့ အထူး တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ဖြားမှုတွေကြားထဲမှာ ပြည်သူတွေ ဝေဝါး ထွေပြားတာမျိုး မဖြစ်သွားဖို့ / အမြဲနိုင်ငံရေးသတိရှိစေဖို့ တိုက်တွန်းလှုံ့ဆော်သင့်ပါတယ်။ စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေနဲ့ တပ်မိသားစုဝင်တွေကိုလည်း အမြင်မှန်ရအောင် လူထုနိုင်ငံရေးနည်းတွေကို သုံးပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ လူထုနိုင်ငံရေးလမ်းစဉ်ကို ကျယ်ပြန့်နိုင်သမျှ ကျယ်ပြန့်အောင် ချဲ့ထွင်နေမှသာလျှင်၊ လူထုရဲ့ နိုင်ငံရေးအခန်းကဏ္ဍက ကျယ်ပြန့်လာပြီး နွေဦးတော်လှန်ရေးရဲ့ ရည်ရွယ်ချက် ပန်းတိုင်တွေဟာ အမြဲပြီးမြောက် အောင်မြင်နိုင်မယ်လို့"ယာယီသမ္မတကဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ယနေ့အထိ ဗိုလ်မှူးကြီးအဆင့်ကနေ အောက်ခြေရဲဘော်အထိပါဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ၁၄၀၀၀ ခန့်ရှိပြီဖြစ်ပါတယ်။
========================
📌📌 ၂။ တိုင်ကြားမှုများဆိုင်ရာကော်မတီက ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ဦးစီးဌာနများ၊ ကော်မတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်သက်ဆိုင်သည့် တိုင်ကြားမှုများအား စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိ
သြဂုတ်လ၄
ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ဦးစီးဌာနများ၊ ကော်မတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်သက်ဆိုင်သည့် တိုင်ကြားမှုများအား စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိတယ်လို့ တိုင်ကြားမှုများဆိုင်ရာကော်မတီ၊ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ၄ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တိုင်ကြားမှုများဆိုင်ရာကော်မတီသည် တိုင်ကြားမှုများနှင့်ပတ်သက်၍ လက်ခံစိစစ်ခြင်း၊ တိုင်ကြားမှုများအား ပဏာမစုံစမ်းစစ်ဆေးခြင်း၊ တိုင်ကြားမှုများနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်း ပေးရန်လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ညှိနှိုင်းဖြေရှင်းနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ တားမြစ်အမိန့်များ ထုတ်ပြန်နိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ အစီရင်ခံတင်ပြခြင်း၊ တိုင်ကြားမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကော်မတီ၊ ကော်မရှင်အဖွဲ့များနှင့် ချိတ်တွဲ ဆောင်ရွက်ခြင်း၊ အမှုများကို ဆက်လက်ကြားနာစစ်ဆေးနိုင်ရန် သက်ဆိုင်ရာဌာနများ၊ ကော်မတီများ၊ ကော်မရှင်များ ၊ အဖွဲ့များနှင့် စီရင်ပိုင်ခွင့်ရှိသော တရားရေးဌာနများသို့ စနစ်တကျလွှဲပြောင်းပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည်၂၀၂၃ခုနှစ်၊ မေလ(၁) ရက်နေ့၊ အမိန့်ကြေညာချက်အမှတ်(၃၃/၂၀၂၃) ဖြင့် “ တိုင်ကြားမှုများဆိုင်ရာကော်မတီ ” ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၃။ သာယာဝတီ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှိက်ပြီး တိုက်ပိတ်မှုကြောင့် ပြင်းထန်ဒဏ်ရာများနဲ့ မေ့မြောသူအချို့ရှိ
သြဂုတ်လ၄ရက်
သာယာဝတီ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှိက်ပြီး တိုက်ပိတ်မှုကြောင့် ပြင်းထန်ဒဏ်ရာများနဲ့ မေ့မြောသူအချို့ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
ဖြစ်စဥ်အား သာယာဝတီအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာဖြင့် ပါလာသော နိုင်ငံရေးအကျဥ်းသားအချို့ထံကသိရပါတယ်။
သာယာဝတီအကျဉ်းထောင်တွင် ကိုသန်းတိုးအောင် ၊ ကိုရန်နိုင်စိုး ၊ ဦးလှစိုး၊ စုတ်ဖွားကြီး၊ တာမွေ ကိုဇွဲ (ခ)ကိုခင်မောင်ကျော် နှင့် လက်ပံတန်းမှ အိုဘီ ၊ CDM ဗိုလ်ကြီး တစ်ယောက်နဲ့ အခြားသော နိုင်ကျဉ်းအမျိုးသားပေါင်း ၁၆ဦးအား ထောင်တွင်းဓမ္မာရုံရှေ့ကွင်းပြင်၌ ခြေကျင်းနှင့် ခြောက်လက်မဒေါင့်ထည့်ပြီး ပုံစံ ၄ ပုံစံ ၅ ပုံစံကြီးမောင်း၍ ရိုက်နှိက်ပြီး တိုက်ပိတ် ထားခဲ့တယ်လို့သိရပါတယ်။
ကိုသန်းတိုးအောင်နှင့် အပေါင်းပါ ၄ ဦးတို့မှာ ရိုက်နှက်ခံပြီး တိုက်ထဲသို့ ပို့အပြီးတွင် တိုက်အတွင်း၌မေ့မျောသွားသဖြင့် ထောင်တွင်းဆေးရုံသို့ ပို့ဆောင်ထားတယ်လို့သိရပါတယ်။
ကိုသန်းတိုးအောင်ကို ဦးဆောင်သူဟုဆိုကာ ထောင်တွင်း ဆေးရုံ၌ အရေးပေါ်အခြေအနေဖြင့် ဆေးကုသ မပေးပဲ ထားရှိထားတယ်လို့ ကြားသိရပြီး တိုက်အတွင်းမှ အကျဥ်းကျ ဆရာဝန် တစ်ဦးမှ ကိုသန်းတိုးအောင် ဦးခေါင်းတွင် သွေးခဲ ဒဏ်ရာ ရရှိထားသည့်အခြေအနေဖြစ်နေကြောင်းဆိုခဲ့ပါတယ်။
========================
📌📌 ၄။ ပုလဲမြို့နယ်ရှိ ကျေးရွာများသို့ စကစတပ်များ စစ်ကြောင်းထိုးဝင်ရောက်၍ ကျေးရွာများမှ ပြည်သူ ၇၀၀၀ ဝန်းကျင်ခန့် အိုးအိမ်များစွန့်ကာ ထွက်ပြေးတိမ်းရှောင်
သြဂုတ်လ၄
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကျေးရွာများသို့ စကစတပ်များစစ်ကြောင်းထိုးဝင်ရောက်၍ ကျေးရွာများမှ ပြည်သူ ၇၀၀၀ ဝန်းကျင်ခန့် အိုးအိမ်များစွန့်ကာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သြဂုတ်လ၄ရက်မှာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတည်ပြုဆိုပါတယ်။
"ပုလဲမြို့နယ်တွင်း ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကြောင်းဟာ တနယ်ကျေးရွာအား မီးရှို့ပြီး မင်းတိုင်ပင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် ညအိပ်ခဲ့ပါတယ်။ သြဂုတ်လ၄ရက်နေ့ နံနက် ၇နာရီခန့်တွင် ဇီးဖြူကုန်းပျူစောထီးစခန်းမှ ပျူစောထီးများဟာ ရောက်ရှိလာသည့်စစ်ကြောင်းအား အမှီပြုကာ လှည်းများဖြင့် ထွက်လာပြီး မင်းတိုင်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာတို့မှ ပြည်သူပိုင်ပစ္စည်းများကို အတင်းအဓမ္မခိုးယူပြီး စစ်ကြောင်းနှင့်အတူ ဇီးဖြူကုန်း ပျူစောထီးစခန်းအတွင်းကို ၁၁:၀၀နာရီအချိန်ခန့်တွင် ဝင်ရောက်သွားခဲ့ကြပါတယ်"လို့ဆိုပါတယ်။
စစ်ကြောင်းဝင်ရောက်လာသောကြောင့် မင်းတိုင်ပင်၊ ငှက်ပျောတော၊ အိုင်းမ၊ ချောင်းဦး၊ နှောကန်၊ ထန်းတောတိုက်၊ အိုးဘို၊ ဆင်ရှင်ကျေးရွာများမှ ပြည်သူ ၇၀၀၀ ဝန်းကျင်ခန့် အိုးအိမ်များစွန့်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
နေအိမ်စွန့်ခွာထွက်ပြေးလာကြရသော စစ်ဘေးရှောင်ပြည်သူများအား သက်ဆိုင်ရာကျေးရွာများရှိ ရပ်ကျေး ပအဖ၊ပကဖများ၊ အရပ်ဖက်အဖွဲ့အစည်းများက ပြည်သူများနှင့်ပူးပေါင်းကာ နေရာထိုင်ခင်းများစီစဉ်ပေးခြင်း၊ အစားအသောက်များကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြတယ်လို့သိရပါတယ်။
========================
📌📌 ၅။ ဇူလိုင်လ တစ်လတာကာလအတွင်း နိုင်ငံတဝန်းတွင် အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် (၂၈) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၁၆) ဦးဖြင့် သေဆုံးမှု အများဆုံးတွင် ရှိနေ
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ တစ်လတာကာလအတွင်း နိုင်ငံတဝန်းတွင် အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် (၂၈) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၁၆) ဦးဖြင့် သေဆုံးမှု အများဆုံးတွင် ရှိနေတယ်လို့ သတင်းရရှိပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အကြမ်းဖက်စစ်အုပ်စု၏တပ်က စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ အမှတ် (၂) ရပ်ကွက်သို့ ဝင်ရောက်၍ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ အမှတ် (၂) ရပ်ကွက်၌ နေထိုင်သော ညီအစ်ကိုနှစ်ဦးမှာ ဆိုင်ကယ်ဖြင့် တိမ်းရှောင်ထွက်ပြေးစဉ် အကြမ်းဖက်စစ်အုပ်စု၏တပ်က ပစ်ခတ်ခဲ့သောကြောင့် ဆိုင်ကယ်မောင်းသူ လာလ်ရမ်ရွန်သာမှာ ကျည်ထိမှန်၍ သေဆုံးခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၈၈၈) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၆။ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းအား ကာကွယ်ရေးတပ်များ တိုက်ခိုက်ရာစကစတပ်က သုံးဦးသေဆုံးပြီး ဆယ်ဦးထိခိုက်ဒဏ်ရာရ
သြဂုတ်လ၄
သြဂုတ်လ ၊ ၃ရက်နေ့ ညနေ၅နာရီ မိနစ်၂၀ခန့်မှ ၇နာရီ မိနစ်၃၀အချိန်ခန့်ထိ အကြမ်းဖက်စစ်ကောင်စီတပ်သားများရှိရာ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းအားကို ကာကွယ်ရေးတပ်များမှ တိုက်ခိုက်ရာ စကစတပ်ကသုံးဦးသေဆုံးပြီး ဆယ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
"သြဂုတ်လ ၊ ၃ရက်နေ့ ညနေ၅နာရီမိနစ်၂၀ခန့်မှ ၇နာရီမိနစ်၃၀အချိန်ခန့်ထိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အခြေချနေထိုင်နေသော စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းအား ကျွန်ုပ်တို့ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF ၊ မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း ၊ မြင်းခြံအမှတ်(၃)တပ်ရင်းတို့မှ ဦးဆောင်၍ ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့်အတူ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်မှ စကစ(၃)ဦးနေရာတွင်ပွဲချင်းပြီးသေဆုံးကာ (၁၀)ဦးထိခိုက်ဒဏ်ရာများရရှိပြီး (၄)ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းသိရပါတယ်။
ပြောက်ကျားစစ်ဆင်ရေးတွင်'' ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF၊ မြင်းခြံခရိုင်အမှတ်(၁)တပ်ရင်း၊မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊စစ်ကိုင်းခရိုင်အမှတ်(၅)တပ်ရင်းနဲ့ မဟာမိတ်တပ်များပါဝင်ခဲ့ပါတယ်။
========================
📌📌 ၇။ ပခုက္ကူကားလမ်းမကြီးပေါ်တွင် လမ်းသွားလမ်းလာ ကုန်သည်မော်တော်ယာဉ်များထံမှ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေသော ရေစကြိုမြို့နယ် ဆင်းချောင်းပျူစောထီးရွာမှ အကြမ်းဖက်စစ်ကောင်စီတပ်များ၊ ပျူများကို ဝေဟင်မှ တိုက်ခိုက်
သြဂုတ်လ၄
ပခုက္ကူကားလမ်းမကြီးပေါ်တွင် အပြစ်မဲ့ မိဘပြည်သူများ ၊ လမ်းသွားလမ်းလာ ကုန်သည်မော်တော်ယာဉ်များထံမှ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေသောရေစကြိုမြို့နယ် ဆင်းချောင်းပျူစောထီးရွာမှ အကြမ်းဖက်စစ်ကောင်စီတပ်များ၊ ပျူများကို ဝေဟင်မှ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုပကဖက ဩဂုတ်လ ၄ရက်မှာ အတည်ပြုဆိုပါတယ်။
"ပခုက္ကူကားလမ်းမကြီးပေါ်တွင် အပြစ်မဲ့ မိဘပြည်သူများ ၊ လမ်းသွားလမ်းလာ ကုန်သည်မော်တော်ယာဉ်များထံမှ ငွေညှစ်တောင်းခံမှုများ၊ မတရားဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသော ရေစကြိုမြို့နယ် ဆင်းချောင်းပျူစောထီးရွာမှ အကြမ်းဖက်စစ်ကောင်စီတပ်များ၊ ပျူများကို ကျွန်တော်တို့ Salingyi Special Task Force - SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)} ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAF ၊ Myaung Special Drone Force -MSDFမှ နယ်မြေခံ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YSO ပ က ဖ ၊ မြိုင် ပ က ဖ တပ်ရင်း၂ တို့နှင့်အတူ နေ့လည် ၁နာရီအချိန်ခန့်တွင် ဝေဟင်သူရဲကောင်း မောင်းသူမဲ့ လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်"လို့ဆိုပါတယ်။
ညနေပိုင်း ၅ နာရီအချိန်ခန့်တွင်လည်း မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသော ရဲစခန်း ပေါ်သို့ ကျွန်တော်တို့ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ အထက်ပါ Drone အဖွဲ့များမှ မောင်းသူမဲ့လေယာဉ်များနှင့်အတူ ဗုံးသီး ၅ လုံးဖြင့် ကောင်းကင်ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၈။ “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်”ဘန်နာကိုင်စွဲကာ လူထုသပိတ် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်လှုပ်ရှားခဲ့
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဩဂုတ်လ ၄ ရက်နေ့ နေ့လည်မှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး "ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်”ဘန်နာကိုင်စွဲကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထူပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ စစ်အာဏာသိမ်းပြီးချိန်မှစပြီး ပြည်သူလူထုကို အကြောင်းမျိုးမျိုးပြ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေတာအပြင် ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကိုပါ လုယက်ဖျက်ဆီး အကြမ်းဖက်မှုများ နေ့စဉ်နဲ့အမျှ ကျူးလွန်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment