8th AUG 2023 - Evening Daily News by Radio NUG


၂၀၂၃ သြဂုတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးအောင်ပွဲကို အပြီးတိုင်ရယူနိုင်မှသာလျှင် ပေးဆပ်သူလူထုအပေါင်းကို ကျေးဇူးဆပ်ရာရောက်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ အကြမ်းဖက်စစ်တပ်ကိို အဘက်ဘက်က ယုတ်လျော့ အားနည်းလာသောအခြေအနေမှာ အလဲထိုးအနိုင်ယူဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ အာဏာရှင်စနစ်၏ အငွေ့ အသက်၊ အကြွင်းအကျန် အလျဉ်းကင်းစင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်ဖြင့် အစားထိုးပြောင်းလဲနိုင်ရေး ရည်မှန်းချက်ပန်းတိုင်ဆီသို့ လက်တွဲညီညီ အတူချီတက်ကြမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ရှစ်လေးလုံးသဝဏ်လွှာပေးပို့

📌 ၄။ စစ်တပ်ကို စစ်တန်းလျား ပြန်ပို့ဖို့တင်မဟုတ်ဘဲ  လွတ်လပ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို တစ်ပြည်ထောင်လုံးမှာ ခံစားနိုင်ဖို့အထိ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်ပြောကြား

📌 ၅။ ရှစ်လေးလုံး စိတ်ဓါတ်ကို ဆက်လက်သယ်ဆောင်မြှင့်တင်ကြဖို့ NUGနိူင်ငံခြားရေးဝန်ကြီး တိုက်တွန်း

📌 ၆။ စစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားတဲ့ကြားမှ '' လေးလုံးလူထုအရေးတော်ပုံ (၃၅) နှစ်ပြည့်  အထိမ်းအမှတ်အဖြစ်လှုပ်ရှားမှုကို ရန်ကုန်မြို့လယ်တွင် တော်လှန်ရေးအင်အားစုများပြုလုပ်

📌 ၇။ ရှစ်လေးလုံး (၃၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ်တရားမဝင် နှစ်သောင်းကျပ်ငွေကို မီးရှို့ဆန္ဒထုတ်ဖော်ခဲ့ကြ

📌 ၈။ ဒီမိုကရေစီလိုလားတောင့်တမှုနှင့်လူအခွင့်အရေးများအတွက် မြန်မာပြည်သူများနဲ့အတူရပ်တည်ကြောင်း အမေရိကန်သံရုံးနှင့်နော်ဝေသံရုံးတို့မှ ရှစ်လေးလုံးနေ့ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးအောင်ပွဲကို အပြီးတိုင်ရယူနိုင်မှသာလျှင် ပေးဆပ်သူလူထုအပေါင်းကို ကျေးဇူးဆပ်ရာရောက်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


သြဂုတ်လ၈ရက်


ဩဂုတ် () ရက်တွင်ကျင်းပပြုလုပ်သော ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်နေ့ အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလမှ အခုလိုပြောကြားခဲ့ပါတယ်။


"ရှစ်လေးလုံးလူထုအရေးတော်ပုံမှသည် ယခုနွေဦးတော်လှန်ရေးကာလအထိ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် အသက်ပေးသွားသူတွေ အမြောက်အမြားရှိပါတယ်။ ကျွန်တော်တို့ဟာ အရေးတော်ပုံတွေအတွင်းမှာ အသက်ပေးသွားခဲ့တဲ့ လူထုရဲ့ ကျေးဇူးတရားကို အကောင်းဆုံး ပြန်ပေးဆပ်ရပါလိမ့်မယ်။ဒီမိုကရေစီရေးလူထုတော်လှန်ရေးအတွင်းမှာ အသက်ပေးသွားကြသူ အပေါင်းကို အကောင်းဆုံးကျေးဇူးဆပ်ခြင်းဆိုတာကတော့ နွေဦးတော်လှန်ရေးကို အလုံးစုံ အပြီးသပ်အောင်မြင်အောင် လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအောင်ပွဲကို အပြီးတိုင်ရယူနိုင်မှသာလျှင် ပေးဆပ်သူ လူထုအပေါင်းကို ကျေးဇူးဆပ်ရာရောက်ပါလိမ့်မယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ရှစ်လေးလုံး လူထုအရေးတော်ပုံကနေ ကြီးရင့်လာတဲ့ နွေဦးတော်လှန်ရေးမှာလည်း အောင်ပွဲရသည်အထိ တော်လှန်ရေးဝီရိယကို တစိုက်မတ်မတ် မြှင့်တင်မယ်လို့ ကတိပြုကြောင်း ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်ကိို အဘက်ဘက်က ယုတ်လျော့ အားနည်းလာသောအခြေအနေမှာ အလဲထိုးအနိုင်ယူဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


သြဂုတ်လ၈ရက်


ဩဂုတ်လ ၈ရက်နေ့တွင်ကျင်းပသော "(၃၅)နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ‌နေ့အခမ်းအနား"မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကအခုလိုပြောကြားခဲ့ပါတယ်။


"ဖက်ဆစ်အကြမ်းဖက်စစ်တပ်ကို စစ်ရေးစစ်မျက်နှာ၊ ဘဏ္ဍာရေးစစ်မျက်နှာ၊ နိုင်ငံခြားရေးစစ်မျက်နှာ၊ လူထုလှုပ်ရှားမှုစစ်မျက်နှာ၊ စိတ်ဓါတ်စစ်ဆင်ရေးစစ်မျက်နှာစတဲ့ စစ်မျက်နှာမျိုးစုံကနေ တော်လှန်တိုက်ပွဲဝင်နေကြပြီ ဖြစ်ပါတယ်။ ဒီကနေ့ အကြမ်းဖက်စစ်တပ်ဟာ အဘက်ဘက်က ယုတ်လျော့ အားနည်းလာသော အခြေအနေကနေ အလဲထိုးအနိုင်ယူကာ မြန်မာမြေမှာ ဒီမိုကရေစီ၊ လူအခွင့်အရေး၊ တန်းတူရေးနှင့် ခွင့်တူညီမျှစွာ ငြိမ်းချမ်းရေးပန်း ထာ၀ရရှင်သန်နိုင်စေဖို့ အဆုံးထိ နောက်မဆုတ်တမ်း ဆက်လက်တိုက်ပွဲဝင်သွားမယ် ဆိုတာကို ယနေ့ (၃၅) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံကြီးကို တိုင်တည်ရင်း ခေတ်အဆက်ဆက် ကျဆုံးခဲ့ရတဲ့ သူရဲကောင်းပြည်သူများကို ဦးညွတ်အပ်ပါတယ်"လို့ဆိုပါတယ်။


ဩဂုတ်လ ၈ရက်နေ့ "(၃၅)နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ‌နေ့အခမ်းအနား"အခမ်းအနားသို့  အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီးဒူဝါလရှီးလနဲ့ ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဌအပါအဝင် ဝန်ကြီးချုပ်နှင့်

အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားမဟာမိတ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တော်လှန်ရေးအတွက် ဦးဆောင်ဦးရွက်ပြုနေကြတဲ့ အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ တက်ရောက်လာသူများပါဝင်ခဲ့ကြပါတယ်။


========================


📌📌 ၃။ အာဏာရှင်စနစ်၏ အငွေ့ အသက်၊ အကြွင်းအကျန် အလျဉ်းကင်းစင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်ဖြင့် အစားထိုးပြောင်းလဲနိုင်ရေး ရည်မှန်းချက်ပန်းတိုင်ဆီသို့ လက်တွဲညီညီ အတူချီတက်ကြမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ရှစ်လေးလုံးသဝဏ်လွှာပေးပို့


သြဂုတ်လ၈ရက်


ဩဂုတ်လ ရက်မှာကျရောက်တဲ့“(၃၅) နှစ်မြောက် ရှစ်လေးလုံးလူထုအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့်သဝဏ်လွှာတွင် အမျိုးသားညီညွတ်ရေးအစိုးရမှအခုလို အသိပေးဖော်ပြထားပါတယ်။


ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးနှင့်တကွ သမိုင်းအဆက်ဆက် ဆင်နွှဲခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အကြောင်းပြု၍  မြန်မာပြည်သူလူထု တရပ်လုံး၏ အာဏာရှင် တော်လှန်ရေးစိတ်ဓါတ်သည် မျိုးဆက်ချင်း စီးကူးအားကောင်းခဲ့ကာ ယခုမျက်မှောက်ကာလတွင် ခေတ်အဆက်ဆက် အာဏာရှင်တို့ထက်ပင် ပိုမိုရိုင်းစိုင်းယုတ်မာသော စစ်အာဏာရှင်တစ်စု၏ မတရားအာဏာလုယူမှုနှင့် ဖိစီးနှိပ်စက်မှုတို့ကို မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးက စုစည်းညီညွတ်စွာ၊ သန္ဓိဌာန်ခိုင်မြဲစွာဖြင့် စစ်ရေးစစ်မျက်နှာ၊ ဘဏ္ဍာရေးစစ်မျက်နှာ၊ နိုင်ငံခြားရေးစစ်မျက်နှာ၊ လူထုလှုပ်ရှားမှုစစ်မျက်နှာ၊ စိတ်ဓါတ်စစ်ဆင်ရေးစစ်မျက်နှာ  စသည်ဖြင့် စစ်မျက်နှာအစုံဖွင့်ကာ အဆုံးသတ်တိုက်ပွဲကို ဖြစ်နိုင်သမျှနည်းနာအစုံအလင် (By All Possible Means)ဖြင့် ကျင့်သုံး၊ ဖော်ဆောင်၊ ဆင်နွှဲနေကြသည့် ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ ဖော်ပြပါတယ်။


မြန်မာပြည်သူလူထုသည် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးအပါအဝင် လူထုလှုပ်ရှားမှု အဆက်အဆက်၊ တော်လှန်ရေးအဆက်ဆက်တွင် အပြုခံသက်သက်မဟုတ်ဘဲ အနိုင်ကျင့်ဗိုလ်ကျ မှုများကို ခေါင်းငုံ့မခံ တုံ့ပြန်တော်လှန်နိုင်စွမ်းရှိသည့် စွမ်းနိုင်သူများဖြစ်ကြောင်းကို ယခုကဲ့သို့ အထိမ်းအမှတ်နေ့များတွင်သာမက တော်လှန်ရေးတိုင်း၏ နေ့ရက်တိုင်းတွင် မိမိတို့ တတ်စွမ်းသမျှ ပူးပေါင်းပါဝင်ရုန်းကန်ကြရင်း သက်သေပြခဲ့ကြပြီးဖြစ်သလို လက်ရှိအချိန်တွင်လည်း ထိုနည်းတူစွာ ဆက်လက်တော်လှန်ကြရန် အရေးကြီးသည်ဖြစ်ရာ ယခုဆင်နွှဲလျက်ရှိသော ဘဏ္ဍာရေးစစ်မျက်နှာ တိုက်ပွဲဖြစ်သည့်ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်" လှုပ်ရှားမှုအပါအဝင် စစ်မျက်နှာအသီးသီးတို့တွင် စိတ်အား၊ ကိုယ်အား၊ ငွေအား စသည်ဖြင့် တတ်စွမ်းသမျှ ဆက်လက် ပါဝင်ကြရင်း  အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ဖယ်ရှား ချုပ်ငြိမ်းစေပြီး အာဏာရှင်စနစ်၏ အငွေ့ အသက်၊ အကြွင်းအကျန် အလျဉ်းကင်းစင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်ဖြင့် အစားထိုး ပြောင်းလဲနိုင်ရေး ရည်မှန်းချက်ပန်းတိုင်ဆီသို့ လက်တွဲညီညီ အတူချီတက်ကြပါစို့လို့ တိုက်တွန်းရင်း ဤသဝဏ်လွှာကိုပေးပို့အပ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြထားပါတယ်။


========================


📌📌 ၄။ စစ်တပ်ကို စစ်တန်းလျား ပြန်ပို့ဖို့တင်မဟုတ်ဘဲ  လွတ်လပ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို တစ်ပြည်ထောင်လုံးမှာ ခံစားနိုင်ဖို့အထိ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်ပြောကြား


သြဂုတ်လ၈ရက်


သြဂုတ်လ၈ရက် ရှစ်လေးလုံး (၈၈၈၈) ဒီမိုကရေစီ အရေးတော်ပုံ (၃၅)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွှန့်မှ အခုလိုပြောကြားခဲ့ပါတယ်။


 ဒီကနေ့ နွေဦးတော်လှန်ရေးရဲ့ အဓိကပန်းတိုင်ဟာ ဒီမိုကရေစီ ပြန်လည်ရရှိရေးတင်မဟုတ်ဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားနိုင်ဖို့ ဖြစ်ပါတယ်။ လူငယ်တွေ၊ ပြည်သူတွေဟာ စစ်တပ်ကို စစ်တန်းလျား ပြန်ပို့ဖို့တင်မဟုတ်ပါဘူး။ အကြောက်တရားမရှိ၊ လွတ်လပ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို တစ်ပြည်ထောင်လုံးမှာ ခံစားနိုင်ဖို့အထိ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုရင် စစ်အာဏာရှင်တွေကို နိဂုံးချုပ်အဆုံးသတ်ပြီး တိုင်းရင်းသား၊ လူမျိုး၊ အစုအဖွဲ့ ပေါင်းစုံရဲ့ ညီညွတ်ခြင်းနဲ့အတူ ပြည်သူတွေရဲ့ အိပ်မက်၊ လူငယ်တွေရဲ့ မျှော်လင့်ချက်ကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးစားသွားကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


အခမ်းအနားသို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း ရုပ်သံဖြင့် သတင်းစကားပေးပို့ခဲ့ပါတယ်။


========================


📌📌 ၅။ ရှစ်လေးလုံး စိတ်ဓါတ်ကို ဆက်လက်သယ်ဆောင်မြှင့်တင်ကြဖို့ NUGနိူင်ငံခြားရေးဝန်ကြီး တိုက်တွန်း


သြဂုတ်လ၈ရက်



သြဂုတ်လ၈ရက်မှာ NUG နိူင်ငံရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် အခုလိုတိုက်တွန်းလိုက်ပါတယ်။


"၈လေးလုံး နှစ်ပတ်လည် လို့ပြောရင် - ပြောစရာ အမှတ်တရတွေ ကတော့များ တယ်။ ဒါပေမယ့် အနှစ်သာရနဲ့ ပန်းတိုင် ကို ချဉ်းကပ်မယ်ဆိုရင်တော့ လေးလုံး ဒီမိုကရေ စီ လူထု လှုပ်ရှားမှု ကြီးဟာ စနစ်ပြောင်းဖို့ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတယ်ဆိုတာကို မေ့ထားလို့မရဘူး မဆလ တစ်ပါတီ အာဏာရှင် စနစ်က နေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတာပဲ ဒီခရီး ဒီပန်းတိုင် ဒီတာဝန်တွေဟာ မျိုးဆက်ချင်း ချိတ်ဆက်ထမ်းပိုး နေခဲ့ကြရဆဲပဲဖြစ်တယ်။ ဒီနွေဦးတော်လှန်ရေး ကာလမှာ နောက်ဆုံးမျိုးဆက်သစ်တွေနဲ့ ဆက်လက်ချိတ်ဆက်သယ်ဆောင်မယ့် - ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ဆိုတဲ့ Nation Building- State Building အတွက် အခြေခံ ကောင်းတွေကိုပါ မျိုးစေ့ချနိုင်တဲ့အထိ  ရှစ်လေးလုံး စိတ်ဓါတ်ကို ဆက်လက်သယ်ဆောင်မြှင့်တင်ကြဖို့ တိုက်တွန်းဆော်ဩလိုပါတယ်"လို့ ဝန်ကြီးကဆိုထားပါတယ်။


သြဂုတ်လ၈ရက် ၈လေးလုံးနှစ်ပတ်လည်နေ့မှာ လူငယ်များကလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ အသီးသီးလုပ်ဆောင်ခဲ့ကြပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားတဲ့ကြားမှ '' လေးလုံးလူထုအရေးတော်ပုံ (၃၅) နှစ်ပြည့်  အထိမ်းအမှတ်အဖြစ်လှုပ်ရှားမှုကို ရန်ကုန်မြို့လယ်တွင် တော်လှန်ရေးအင်အားစုများပြုလုပ်


သြဂုတ်လ ၈ရက်


သြဂုတ်လ၈ရက်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)နှင့် ရန်ကုန်လူထုသပိတ်အဖွဲ့မှ အခုလိုအသိပေးဖော်ပြပါတယ်။


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)နှင့် လူ့ဘောင်သစ်လူငယ် (YNS) ရဲဘော်များသည် '' လေးလုံး လူထုအရေးတော်ပုံ (၃၅) နှစ်ပြည့် အထိမ်းအမှတ်နေ့၌ ရန်ကုန်မြို့လယ် ဆူးလေလမ်းမ လူကူးကုန်းကျော်တံတားပေါ်တွင်  စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ကို ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။


အလားတူ ရန်ကုန်မြို့လယ်ခေါင်တွင် '' ဂဏန်းနှင့် 'တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေတုန်းဘဲ' စာတန်းပါ ထီးများဖြင့် ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ထီးအနီရောင်လှုပ်ရှားမှုပြုလုပ်ခဲ့ပါသေးတယ်။


စစ်အာဏာရှင်ဆန့်ကျင်ရေး ထီးအနီရောင်လှုပ်ရှားမှုကိုလူငယ်များက ဦးဆောင်ပါဝင်ခဲ့ကြပြီး လူစည်ကားရာနေရာများမှာလုပ်ဆောင်ခဲ့ကြပါတယ်။


========================


📌📌 ၇။ ရှစ်လေးလုံး (၃၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ်တရားမဝင် နှစ်သောင်းကျပ်ငွေကို မီးရှို့ဆန္ဒထုတ်ဖော်ခဲ့ကြ


သြဂုတ်လ၈ရက်


"ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေ့ရက်များဖြစ်သော . . ၁၉၈၈ ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ ကျဆုံးသွားသော သူရဲကောင်းများအတွက် ဂုဏ်ပြုခဲ့ကြပါတယ်။ထိုလှုပ်ရှားမှုတွင် ဆေးအနီရောင်များဖြင့် လမ်းမကြီးပေါ်၌ ပတ်ဖြန်းပြီး စစ်တပ်ထုတ်ကုန် ငွေကျပ်နှစ်သောင်းတန်များကို ပြည်သူများ အသုံးမပြုကြဖို့ တိုက်တွန်းသည့်အနေနဲ့  မီးရှို့ခြင်း အစီစဥ်ကို ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ယနေ့ သြဂုတ်လ () ရက်နေ့ နံနက်ခင်းမှာပဲ လက်ပံတောင်းဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက အများပြည်သူပိုင် လမ်းမကြီးပေါ်မှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်"လို့ သြဂုတ်လ၈ရက်နေ့မှာ လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုမှအသိပေးဆိုထားပါတယ်။


အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုက တရားဝင်မှု မရှိသလို တရားမဝင် ရိုက်နှိပ်ထုတ်လုပ်နေတဲ့ နှစ်သောင်းကျပ်တန် ငွေကြေး စက္ကူဟာလည်း တရားမဝင်ကြောင်း တော်လှန်ရေး အင်အားစုများနဲ့ ပြည်သူအများက ကြေငြာပြီး ဖြစ်ပါတယ်။


========================


📌📌 ၈။ ဒီမိုကရေစီလိုလားတောင့်တမှုနှင့်လူအခွင့်အရေးများအတွက် မြန်မာပြည်သူများနဲ့အတူရပ်တည်ကြောင်း အမေရိကန်သံရုံးနှင့်နော်ဝေသံရုံးတို့မှ ရှစ်လေးလုံးနေ့ထုတ်ပြန်


သြဂုတ်လ၈ရက်


"မြန်မာပြည်သူလူထုဟာ အနာဂတ် ဒီမိုကရေစီ နိုင်ငံ ပေါ်ထွန်းရေးအတွက် သမိုင်း၀င် ရှစ်လေးလုံး အရေးတော်ပုံကြီး ဆင်နွှဲခဲ့တာ ဒီက‌နေ့ဆိုရင် ၃၅ နှစ်တိုင်ခဲ့ပါပြီ။ ဒီကနေ့ ဒီအချိန်မှာလည်း ပြည်သူလူထုဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်၀ါရီလ ကတည်းက စတင်ပြီး ဆုံးရှုံးသွားခဲ့တဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ပြန်ရရှိဖို့ ကြိုးစားနေကြရဆဲပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီဆန္ဒနဲ့ လူ့အခွင့်အရေးတွေအတွက် နော်ဝေးနိုင်ငံက လူထုနဲ့အတူ ရပ်တည်ပေးလျက်ရှိပါတယ်"လို့ နော်ဝေသံရုံးကဖော်ပြပါတယ်။


အလားတူ အမေရိကန်သံရုံးရန်ကုန်ကလည်း ရှစ်လေးလုံးအရေးတော်ပုံနဲ့ပတ်သက်လို့ ယခုလိုအသိပေးဖော်ပြပါတယ်။


"လွန်ခဲ့သော သုံးဆယ့်ငါးနှစ်၊ ၁၉၈၈ သြဂုတ် တွင် သန်းပေါင်းများစွာသော မြန်မာပြည်သူများသည် နှစ်ပေါင်းများစွာကြာပြီဖြစ်သောစစ်အုပ်ချုပ်ရေးအောက်မှ ပြင်ပကမ္ဘာနှင့်အဆက်အသွယ်ပြတ်တောက်မှု၊ ဒီမိုကရေစီကင်းမဲ့မှုနှင့် စီးပွားရေးအခက်အခဲများအဆုံးသတ်ရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံဟုသိကြသော အဆိုပါဆန္ဒပြမှုကြီးကို စစ်တပ်ကအကြမ်းဖက်နှိမ်နှင်းခဲ့လင့်ကစား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်တွင်လည်း ဒီမိုကရေစီအရေးတောင်းဆိုမှုများအတွက် အဆိုပါအရေးတော်ပုံက ရှေ့ဆောင်လမ်းပြအဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်လို့ ဆိုပါတယ်။


ဤယနေ့တွင် ရှစ်လေးလုံးလှုပ်ရှားမှုကြီးနှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ဆယ်စုနှစ်ချီပြီး ရုန်းကန်လှုပ်ရှားခဲ့ကြသည့် မြန်မာပြည်သူလူထုကို မိမိတို့အမှတ်ရဂုဏ်ပြုပါတယ်။ အမေရိကန်ပြည်ထောင်စုသည် လွတ်လပ်မှုအတွက် ကြိုးပမ်းအားထုတ်လျက်ရှိကြသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး ပြည်သူများ၏ ဒီမိုကရေစီလိုလားတောင့်တမှုနှင့်လူအခွင့်အရေးများကို လေးစားလိုက်နာရန် စစ်အာဏာရှင်အဖွဲ့အစည်းကို တောင်းဆိုပါတယ်လို့ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment