၂၀၂၃ သြဂုတ်လ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ NUG ပြည်ထောင်စုဝန်ကြီးများတက်ရောက်
📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၃။ ခြောက်လတာကာလအတွင်း ရန်သူ့စစ်ဌာနချုပ် ငါးခုကို ဆယ့်သုံးကြိမ် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေပြောကြား
📌 ၄။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ အရှိန်မြင့်လုပ်ဆောင်
📌 ၅။ ပုလဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က မြေပြင်စစ်ကြောင်းထိုးပြီး ဝေဟင်မှပစ်ခတ်မှုကြောင့် ပြည်သူ ၃၀၀၀ ခန့် အိုးအိမ်စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရ
📌 ၆။ ပုလဲမြို့နယ်ဇီးဖြူကုန်းပျူရွာကနေထွက်လာတဲ့ အင်အား၉၀ခန့်ပါ စစ်ကြောင်းကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာ စကစဘက်က ၁၀ဦးထက်မနည်းသေဆုံး
📌 ၇။ ရှမ်းပြည်တပ်မတော် ( SSPP/SSA ) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၁၀) ယောက်ထက်မနည်းသေဆုံး
📌 ၈။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ လက်ခတ်တောင်ပြန်လည်ရရှိရေး အကြမ်းဖက်စစ်တပ်က အင်အားအလွန်အကျွံသုံး စစ်ထိုး၍ လက်နက်ကြီးများနဲ့အဆမတန်ပစ်ခတ်
📌 ၉။ စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ အချိုရည်၊ စီးကရက် များ ဝယ်ယူသုံးစွဲခြင်း/ရောင်းချခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ကြဖို့ လှုပ်ရှားမှု ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းမှာ လုပ်ဆောင်
📌 ၁၀။ လုံခြုံရေး တင်းကြပ်ထားသော ရန်ကုန်မြို့၏ တစ်နေရာတွင် "အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်" စာတန်းဖြင့် ဘန်နာကိုချိတ်ဆွဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ NUG ပြည်ထောင်စုဝန်ကြီးများတက်ရောက်
ဩဂုတ် လ ၇ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၁/၂၀၂၃)ကို သြဂုတ်လ ၇ရက်မှာ ကျင်းပခဲ့ပြီး NUG ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏတို့မှ အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီးနောက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ဩဂုတ် လ ၇ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၁၅/၂၀၂၃)ကို သြဂုတ်လ၇ရက်မှာ ကျင်းပခဲ့ပြီး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ (၁၄/၂၀၂၃) အစည်းအဝေး၌ ဆောင်ရွက်ပြီးစီးမှု ရှေ့လုပ်ငန်းစဉ်နှင့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ခြောက်လတာကာလအတွင်း ရန်သူ့စစ်ဌာနချုပ် ငါးခုကို ဆယ့်သုံးကြိမ် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေပြောကြား
သြဂုတ်လ၇
သြဂုတ်လ၇ရက် ပြည်သူလူထုထံသို့ နွေဦးတော်လှန်ရေး အောင်ပွဲသတင်းများ တင်ပြရာမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုအတွင်းဝန်
ဦးမောင်မောင်ဆွေမှ"ခြောက်လတာကာလအတွင်း ရန်သူ့စစ်ဌာနချုပ် ငါးခုကို ဆယ့်သုံးကြိမ် အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ် “လို့ ပြောပါတယ်။
"ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအနေနဲ့ ဒီ၆လတာကာလအတွင်းမှာဆိုရင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ၆ကြိမ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ၁ကြိမ်၊ တပ်မ၄၄ဌာနချုပ်ကို ၃ကြိမ်၊ တပ်မ၃၃ဌာနချုပ်ကို ၁ကြိမ်၊ တပ်မ၁၀၁ ဌာနချုပ်ကို ၂ကြိမ် ကျွန်တော်တို့ အောင်အောင်မြင်မြင်တိုက်ခိုက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
၆လတာကာလအတွင်း တိုက်ပွဲပေါင်း ၉၃၅ကြိမ် ဆင်နွှဲခဲ့ပြီး ရန်သူစကစတပ်သား ၃၀၁၂ဦး သေဆုံးကာ ၄၀၂၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါတိုက်ပွဲများအတွင်း ရန်သူ့ထံမှ လက်နက်ငယ် ၂၀၃လက်နဲ့ ကျည်ဆံပေါင်း ၃၀၀၀၀ ကျော် သိမ်းဆည်းရမိခဲ့ပါတယ်။
"ရန်သူ့အနေအထားက ရှေ့တန်းမှာတင် ရှေ့တန်းမဟုတ်ပါဘူး။ စစ်ဌာနချုပ်တွေမှာပါ ရှေ့တန်းနယ်မြေဖြစ်နေပြီး အေးအေးဆေးဆေးနေနိုင်ခြင်း မရှိတော့ဘူးဆိုတာ ဒီတိုက်ပွဲတွေကဖော်ပြနေပါတယ်"လို့ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေ ကပြောပါတယ်။
========================
📌📌 ၄။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ အရှိန်မြင့်လုပ်ဆောင်
သြဂုတ်လ၇
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ "နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ အရှိန်မြှင့်လုပ်ဆောင်နေတယ်”လို့ သြဂုတ်လ၇ရက်မှာ အသိပေးဖော်ပြပါတယ်။
နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် ပြည်သူများမှာ နေထိုင်ရာဒေသများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးလျက်ရှိတယ်လို့ဆိုပါတယ်။
ဩဂုတ်လ ၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ယံကျေးရွာကို အင်အား ၁၀၀ နီးပါး ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ တပ်က စစ်ကြောင်းထိုးသောကြောင့် လျှော်ဖြူကျေးရွာ၊ လျှော်ကုန်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ပေါက်တောကျေးရွာ၊ ထန်းတောကျေးရွာ၊ ချုံရွာကျေးရွာ၊ မြို့ကြီးကျေးရွာ၊ တင်းတိမ်ယံကျေးရွာနှင့် မန်ကျဉ်းနီကျေးရွာ အပါအဝင် ကျေးရွာ ၂၀ ကျော်မှ ဒေသခံ ၈၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရှိရပါတယ်။
========================
📌📌 ၅။ ပုလဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က မြေပြင်စစ်ကြောင်းထိုးပြီး ဝေဟင်မှပစ်ခတ်မှုကြောင့် ပြည်သူ ၃၀၀၀ ခန့် အိုးအိမ်စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရ
သြဂုတ်၇ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က မြေပြင်စစ်ကြောင်းထိုးပြီး ဝေဟင်မှပစ်ခတ်မှုကြောင့် ပြည်သူ ၃၀၀၀ ခန့် အိုးအိမ်စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လ၇ရက်မှာ အသိပေးဆိုပါတယ်။
"သြဂုတ်လ၇ရက်နေ့ ပုလဲမြို့နယ် ဇီဖြူကုန်း ပျူးစခန်းအတွင်း ရောက်ရှိနေသည့် အကြမ်းဖက် စစ်ကြောင်းဟာ နံနက် ၆:၀၀နာရီ အချိန်ခန့်မှ အရှေ့ဘက်အရပ်ကို ထွက်ခွာပြီး နံနက် ၁၀:၃၀နာရီအချိန်ခန့်တွင် ကျေးနင်းရွာနှင့် ကြောင်သန်းကျေးရွာ အကြားတွင် ပုလဲမြို့နယ်အခြေစိုက် ပကဖတပ်ဖွဲ့များ၊ တပ်ရင်း တပ်ဖွဲ့များ၊ ဒေသခံ LPDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်များနှင့် အပြန်အလှန်ပစ်ခတ်ခြင်းတို့ ဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်တပ်တို့ဘက်မှ ထိခိုက်သေဆုံးဒဏ်ရာများ ရရှိသောကြောင့် နံနက် ၁၁:၁၅နာရီအချိန်ခန့်တွင် တံတားဦးလေတပ်မှ jet fighter လေယာဉ်တစ်စင်းနှင့် တိုက်ပွဲဖြစ်ပွားရာနေရာများကို ဗုံးကျဲခြင်း၊စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းများ လာရောက်ပြုလုပ်သွားခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ လေယာဉ်နှင့် လာရောက်ပစ်ခတ်ပေမဲ့လည်း တိုက်ပွဲဝင်ရဲဘော်များ ထိခိုက်မှု မရှိခဲ့ဘဲ နေ့လည် ၁၂:၀၀နာရီအချိန်ခန့်တွင် အကြမ်းဖက်စစ်တပ်အဖွဲ့ဟာ အရပ်ဝတ်များဖြင့် ကျေးနင်းကျေးရွာအတွင်းသို့ ဝင်ရောက်သွားခဲ့ကြပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် စစ်ကြောင်းတစ်လျှောက်ရှိ ငှက်ပျောတော၊ ခေါ်သန္တီ၊ ညောင်ပင်သာ၊ ဆင်ရှင်၊ ကြောင်သန်း၊ ကျေးနင်း၊ သေတ္တရာ ကျေးရွာများရှိ ပြည်သူ ၃၀၀၀ ခန့် အိုးအိမ်စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
========================
📌📌 ၆။ ပုလဲမြို့နယ်ဇီးဖြူကုန်းပျူရွာကနေထွက်လာတဲ့ အင်အား၉၀ခန့်ပါ စစ်ကြောင်းကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာ စကစဘက်က ၁၀ဦးထက်မနည်းသေဆုံး
သြဂုတ်လ၇ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ဇီးဖြူကုန်းပျူရွာကနေ ထွက်လာတဲ့ အင်အား၉၀ခန့်ပါ စစ်ကြောင်းကို ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ရာ စကစဘက်က ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သြဂုတ်လ၇ရက်မှာ ယင်းမာပင်ခရိုင်တပ်ရင်း ၁၉(Pale Jokers PDF)မှ စစ်ရေးသတင်းကိုအတည်ပြုဆိုပါတယ်။
"သြဂုတ်လ၇ရက် မနက် ၉နာရီအချိန်ခန့်မှာ ဇီးဖြူကုန်းပျူရွာကနေ ထွက်လာတဲ့ အင်အား၉၀ခန့်ပါ စစ်ကြောင်းကို ကျွန်တော်တို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၉(Pale Jokers PDF) တပ်ခွဲ၃ နဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)တို့ ပူးပေါင်းပြီး ကျေးနင်းရွာ အနောက်ဘက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲကြာချိန် ၁နာရီခန့်ထိတွေ့တိုက်ခိုက်မှုဖြစ်ခဲ့ပြီး စကစဘက်က ဂျက်ဖိုက်တာနဲ့ ၁၁နာရီအချိန်လောက်မှာ ၂ကြိမ်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ ထိတွေ့တိုက်ပွဲမှာ စကစများဘက်က ၁၀ဦးထက်မနည်းသေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့ကာ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၇။ ရှမ်းပြည်တပ်မတော် ( SSPP/SSA ) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၁၀) ယောက်ထက်မနည်းသေဆုံး
ရှမ်းပြည်တပ်မတော် ( SSPP/SSA ) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၁၀) ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းကို SSPPInfoက သြဂုတ်လ၇ရက်မှာ အသိပေးဖော်ပြပါတယ်။
"သြဂုတ်လ ၆ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ကစပြီး ညနေ ၃ နာရီ ဝန်းကျင်ထိ ရှမ်းပြည်နယ် တောင်ပိုင်း လဲချားမြိုနယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA ) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ဘက်မှ ရဲဘော် တစ်ဉီး မြင့်မြတ်စွာ အသက်ပေးလှူသွားပြီး စစ်ကောင်စီဘက်မှ (၁၀) ယောက်ထက်မနည်းသေဆုံးကာ တပ်သားတစ်ချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်"လို့ဆိုပါတယ်။
စစ်ကောင်စီဖက်မှ စစ်သား ၂ ဉီးအရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်သုံးယာဉ်တစ်စီးပါ ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
နှစ်ဖက် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဟာ ပင်လုံ - လဲချား - မိုင်းနောင် နှင့် လဲချားမြိုနယ်ထဲက နမ့်တိန်းတံတားအဝင်တွေမှာ သွားလာခွင့်ပိတ်ပင်ထားပြီး စစ်ရေးနှစ်ဖက် တင်းမာနေဆဲဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၈။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ လက်ခတ်တောင်ပြန်လည်ရရှိရေး အကြမ်းဖက်စစ်တပ်က အင်အားအလွန်အကျွံသုံး စစ်ထိုး၍ လက်နက်ကြီးများနဲ့အဆမတန်ပစ်ခတ်
သြဂုတ်လ၇ရက်
သြဂုတ်လ၇ရက် မနက်ပိုင်းမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ လက်ခတ်တောင်ပြန်လည်ရရှိရေး အကြမ်းဖက်စစ်တပ်က အင်အားအများအပြားသုံး၍ လက်နက်ကြီးများနဲ့ အဆမတန်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။
"ပစ်တာ ပစ်နေတာ ဘယ်နေရာကျမှန်းမသိရဘူး။ မိုးကလည်းရွာ၊ ရေဘေးကလည်းရှောင်နေရတာ။ လက်နက်ကြီးကျည်တွေကပါ ကျချင်ရာ ကျနေတာတူပါတယ်"လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
မြဝတီမြို့အနီး ဗျူဟာကုန်းဖြစ်တဲ့ လက်ခတ်တောင်အား ဇူလိုင်လ ၂၁ ရက်တွင် KNLA /Cobra/PDF ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းယူနိုင်ခဲ့ပါတယ်။
========================
📌📌 ၉။ စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ အချိုရည်၊ စီးကရက် များ ဝယ်ယူသုံးစွဲခြင်း/ရောင်းချခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ကြဖို့ လှုပ်ရှားမှု ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းမှာ လုပ်ဆောင်
ဩဂုတ်လ ၇ ရက်နေ့
ဩဂုတ်လ ၇ ရက်နေ့မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ စစ်တပ်ထုတ်ကုန်ပစ္စည်းအမှတ်တံဆိပ်များဖြစ်ကြတဲ့ အရက်၊ ဘီယာ၊ အချိုရည်၊ စီးကရက်များကို ဝယ်ယူသုံးစွဲခြင်း/ရောင်းချခြင်းနဲ့ သယ်ယူပို့ဆောင်မှုတွေ မပြုလုပ်ဖို့ တိုက်တွန်းတဲ့ လှုပ်ရှားမှုကို ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းမှာ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ယင်းလှုပ်ရှားမှုကို ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတချို့က ကုန်စုံဆိုင်တွေနဲ့ အရက်/ဘီယာဆိုင်များသို့ သွားရောက်ပြီး စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ အချိုရည်၊ စီးကရက်များ မရောင်းချကြဖို့ သွားရောက်တိုက်တွန်းခဲ့ကြတယ်လို့သိရပါတယ်။
ဒါအပြင် ကုန်တင်/ကုန်ချကားများ သုံးဘီးဆိုင်ကယ်များကိုလည်း စစ်တပ်ထုတ် ကုန်ပစ္စည်းများအား သယ်ယူပို့ဆောင်မှုတွေ မလုပ်ကြဘဲ သပိတ်မှောက် ဆန့်ကျင်ကြဖို့ အသိပေးတိုက်တွန်းမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
စစ်တပ်ထုတ်ကုန် အရက် ဘီယာ၊ စီးကရက် အမျိုးအစားများမှာ
(၁)မြန်မာဘီယာ(Myanmar Beer)
(၂)အက်(ထ)မန် တံဆိပ်(Andaman Gold)အရက်၊ ဘီယာ၊ အချိုရည်
(၃)ဒဂုံ တံဆိပ်(Dragon)အရက်၊ ဘီယာ၊ အချိုရည်
(၄)ဘလက်ရှီး စတောက်ဘီယာ(Black Shield Stout)
(၅)မန္တလေး ဘီယာ၊ ရမ်(Mandalay)
(၆)အာမီရမ်(Army Rum)
(၇)Red Ruby စီးကရက်
(၈) Premium Gold စီးကရက်တို့ဖြစ်ပါတယ်။
========================
📌📌 ၁၀။ လုံခြုံရေး တင်းကြပ်ထားသော ရန်ကုန်မြို့၏ တစ်နေရာတွင် "အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်" စာတန်းဖြင့် ဘန်နာကိုချိတ်ဆွဲ
သြဂုတ်လ၇ရက်
လုံခြုံရေး တင်းကြပ်ထားသော ရန်ကုန်မြို့၏ တစ်နေရာတွင် Mayangone Democratic Front (MDF) နှင့် Kyimyindaing Networks (KMD18) တို့ပူးပေါင်းပြီး "အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲရမည်" စာတန်းဖြင့် အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန် လှုပ်ရှားမှုကို ၈၈၈၈ အရေးတော်ပုံကြီး ၃၅ နှစ်ပြည့် အကြိုသပိတ်လှုပ်ရှားမှုအနေဖြင့် ဩဂုတ်လ ၇ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်လို့ ဖော်ပြပါတယ်။
စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ရန်ကုန်နဲ့မန္တလေး မြို့ကြီးများတွင် အဖမ်းအဆီးများရှိနေသော်လည်း ယနေ့အချိန်အထိ အရှိန်အဟုန်မပျက် လုပ်ဆောင်လျက်ရှိပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment