10th SEP 2023 - Evening Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၁၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးသမားတိုင်းအတွက် ဘယ်တရားရေးကဏ္ဌအတွက်မဆို ခုခံပိုင်ခွင့်တရားဝင်ကြေငြာထားပေးခြင်းဟာ အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား

📌 ၂။ စစ်ကောင်စီကျောင်းတွေကို ကျောင်းသွားမတက်တဲ့ ကျောင်းသား ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ဆို

📌 ၃။ ပုလဲမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ)များကို အခြေခံအမှုစစ်သင်တန်း ပို့ချရာ သင်တန်းပြီးမြောက်အောင်မြင်ခြင်းအခမ်းအနား ကျင်းပ

📌 ၄။ ပုသိမ်မြို့နယ် ပကဖ သတင်းပြန်ကြားရေးရုံးအဖွဲ့မှ  အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်‌ကြောင်းဆန္ဒပြ

📌 ၅။ UN Credentials Committee က သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံကိုယ်စားပြုသံအမတ်အဖြစ် အသိအမှတ်ပြုဖို့လှုပ်ရှားမှုကို အမေရိကန်နိူင်ငံ Manhattan ကနေ စတင်မည်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးသမားတိုင်းအတွက် ဘယ်တရားရေးကဏ္ဌအတွက်မဆို ခုခံပိုင်ခွင့်တရားဝင်ကြေငြာထားပေးခြင်းဟာ အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား


စက်တင်ဘာ၁၀ရက်


စက်တင်ဘာ၁၀ရက်‌နေ့တွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်မှ ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် သုံးသပ်ပြောကြားခဲ့ပါတယ်။


"လူတွေပြောပြောနေတဲ့ D-day ဆိုတာက Defence Day အတိုကောက်သုံးတယ်လို့မှတ်ပါတယ်။ မြန်မာလိုကျတော့ ခုခံတွန်းလှန်နေ့ ပေါ့။

NUG ယာယီသမ္မတကြေငြာသွားတဲ့ ခုခံတွန်းလှန်နေ့ (D-day လို့ထည့်မပြောခဲ့) ဟာ မင်းအောင်လှိုင် ကတဖက်သတ် ပြည်သူတွေကို သတ်ဖြတ်နေရာကနေ ဥပဒေအရ ပြည်သူတွေရဲ့ ခုခံပိုင်ခွင့်ကို တရားဝင်အသိအမှတ်ပြုလိုက်တဲ့ သဘောလို့ သိထားပါတယ်။မတရားမှုကို တရားဝင်ခုခံပိုင်ခွင့်ရထားတဲ့ ပြည်သူတွေအနေနဲ့ အာဏာဖီဆန်ခြင်း၊ လက်နက်ကိုင်ဆွဲ ခုခံတိုက်ခိုက်ခြင်းမျိုးစုံ ပြုလုပ်လာတဲ့အခါ ဥပဒေမဲ့ လုပ်တာမဟုတ်တော့ဘူး။ မင်းအောင်လှိုင် ကြေငြာထားတဲ့ အကြမ်းဖက်မှု ဆိုတာလဲ ခုခံပိုင်ခွင့်ကြောင့် တရားရေးအရအကြမ်းဖက်မှု မမြောက်တော့ဘူး။ တော်လှန်ရေးသမားတိုင်းအတွက် ဘယ်တရားရေးကဏ္ဌအတွက်မဆို ခုခံပိုင်ခွင့်တရားဝင်ကြေငြာထားပေးခြင်းဟာ အရေးကြီးပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်နေ့မှာပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာ၇ရက်နေ့မှာ၂နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။


"တချို့က D-day ကို တချိန်ထဲ ထိုးစစ်ဆင်နေ့ (operation launch) နဲ့ အမှတ်မှားနေကြတာတွေ့ရတယ်။ခုထိတော့ခုခံပိုင်ခွင့်အရ ပြေးရင်းလွှားရင်း ရရာလက်နက်တွေနဲ့ ခုခံနေကြတာဖြစ်တယ်။ ခုခံနေရင်းတောင်အဲ့လောက်ခရီးပေါက်နေရင် အထိုင်ကျတဲ့နေ့ရောက်ရင်တော့ ထိုးစစ်လာအုံးမှာပါ"လို့ ဝန်ကြီးဒေါက်တာတူးခေါင်ကဆိုပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီကျောင်းတွေကို ကျောင်းသွားမတက်တဲ့ ကျောင်းသား ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ဆို


စက်တင်ဘာ၁၀ရက်


စစ်ကောင်စီကျောင်းတွေကို ကျောင်းသွားမတက်တဲ့ ကျောင်းသား ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ပညာရေးနဲ့ပတ်သက်လို့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပညာရေးဒုတိယဝန်ကြီး  ဒေါက်တာစိုင်းခိုင်မျိုးထွန်းမှဆိုပါတယ်။


"ကိန်းဂဏန်းအရတော့ ပြောရခက်တယ်။ တခု ပြောင်းပြန် သုံးသပ်ကြည့်ရင် စစ်ကောင်စီကျောင်းတွေ ဆိုရင် ကျောင်းသွားမတက်တဲ့ ကလေးတွေက ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်။ အဲဒီ ၈၀ ရာခိုင်နှုန်းက ကျောင်းသူ၊ ကျောင်း သားတွေက တော်လှန်ရေးကျောင်းတွေမှာ တက်နေတာ ရှိတယ်။ နောက်တိုင်ရင်းသား ဒေသတွေမှာ တော်လှန်ရေး အင်အားစုတွေဘက်က ထိန်းချုပ်နေတဲ့ ဒေသတွေမှာ တက်နေတဲ့ ကျောင်းသူကျောင်းသားတွေလည်း ရှိတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ပညာရေး ဖက်ဒရယ် ဒီမို ကရေစီ မူဝါဒကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကနေ အတည်ပြုပြီးဖြစ်အမျိုးသား ညီညွတ်ရေးအစိုးရ ပညာရေး ဝန်ကြီးဌာနအပါအဝင်တော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်း သား ပညာရေး အဖွဲ့တွေ ပူးပေါင်းပြီး ရေးဆွဲထားတာလို့သိရပါတယ်။


========================


📌📌 ၃။ ပုလဲမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ)များကို အခြေခံအမှုစစ်သင်တန်း ပို့ချရာ သင်တန်းပြီးမြောက်အောင်မြင်ခြင်းအခမ်းအနား ကျင်းပ


စက်တင်ဘာ၁၀ရက်


စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ် ပြည်သူ့လုံခြုံရေးလုပ်ငန်းစဉ်များ အကောင်အထည်‌ဖော်ဆာင်ရွက်ရာတွင် တရားဥပဒနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ)များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်‌ရေးဝန်ကြီးဌာနမှ ရဲမှူးကိုယ်တိုင်မြေပြင်လာ‌ရောက်၍ သင်တန်းပေးခဲ့ပါတယ်လို့စက်တင်ဘာ၁၀ရက်မှာ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းရရှိပါတယ်။


သင်တန်းသား ( ၂၀ ) ဦးအားဩဂုတ်လ( ၂၅ )ရက်နေ့မှစတင်သင်တန်းပေးခဲ့ပြီးစက်တင်ဘာ ( ) ရက်နေ့တွင် သင်တန်းအောင်မြင်စွာပြီးမြောက်ခဲ့တယ်လို့သိရပါတယ်။


သင်တန်းဆင်းပွဲတွင် သင်တန်းသားများအား အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ရဲချုပ် လက်မှတ်ဖြင့် သင်တန်းဆင်းလတ်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲကို မြို့နယ် ပအဖ ခေါင်းဆောင်ဦးဇာ်ထက်၊မြို့နယ်လူသားစာနာတာဝန်ခံ ဦးဇော်ထွန်းတို့တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ပုသိမ်မြို့နယ် ပကဖ သတင်းပြန်ကြားရေးရုံးအဖွဲ့မှ  အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်‌ကြောင်းဆန္ဒပြ


စက်တင်ဘာ၁၀ ရက်


ပုသိမ်မြို့နယ် ပကဖ သတင်းပြန်ကြားရေးရုံးအဖွဲ့မှ  အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်‌ကြောင်းဆန္ဒပြခဲ့တယ်လို့ စက်တင်ဘာ၁၀ရက်မနက်ပိုင်းမှာ မြို့နယ်ပကဖသတင်းပြန်ကြားရေးမှ အသိပေးဆိုပါတယ်။


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်  PSTF  နှင့်  ပကဖ သတင်းပြန်ကြားရေး ရုံးအဖွဲ့မှ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း  ဆန္ဒပြ သပိတ်ကို  အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်‌နေပါတယ်လို့သိရပါတယ်။


ဧရာဝတီကို လုံးဝ အုပ်ချုပ်ခွင့်မရစေရ  ဆိုတဲ့အတိုင်း  ပြည်သူတွေအနေနဲ့   တနင်္ဂနွေနေ့တိုင်းပြုလုပ်မည့်   " စစ်ကျွန်မခံ  တို့တွန်းလှန် " ဆန္ဒပြ သပိတ်မှာလူထုကလည်း ပါဝင်‌ပေးကြဖို့အသိပေးဆိုထားပါတယ်။


========================


📌📌 ၅။ UN Credentials Committee က သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံကိုယ်စားပြုသံအမတ်အဖြစ် အသိအမှတ်ပြုဖို့လှုပ်ရှားမှုကို အမေရိကန်နိူင်ငံ Manhattan ကနေ စတင်မည်


စက်တင်ဘာ၁၀ရက်


"နွေဦးတော်လှန်ရေး အစောပိုင်းကာလ ကတည်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း လက်သုံးချောင်းထောင်ပြီး ပြည်သူနဲ့ တစ်သားတည်း ရပ်တည်ခဲ့တာ နှစ်ပြည့်ခဲ့ပါပြီ။မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်အနိုင်ကျင့်နေတဲ့ စစ်ကောင်စီကို ကုလသမဂ္ဂ အနေနဲ့ လက်မခံကြောင်း ပြတ်ပြတ်သားသား ပြသပြီး အဖွဲ့ဝင် နိုင်ငံ ပါဝင်တဲ့ UN Credentials Committee က သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံကိုယ်စားပြုသံအမတ်အဖြစ် အသိအမှတ်ပြုဖို့ မြန်မာပြည်သူတွေက လိုလားနေကြပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ အနေနဲ့ အမှန်တရားဘက်မှာ မားမားမတ်မတ် ရပ်တည်ဖို့ အမေရိကန်နိုင်ငံမှာ နေထိုင်ကြတဲ့ အနယ်နယ်အရပ်ရပ်က ဓမ္မဘက်တော်သား တော်လှန်ရေးရဲဘော်တွေ စုဝေးပြီး နယူးယောက်မြို့က UN ရုံးချုပ်မှာ ဆန္ဒထုတ်ဖော်ကြဖို့ စီစဉ်ထားပါတယ်"လို့ စက်တင်ဘာလအတွင်းမှာ NYCBCက အသိပေးဆိုထားပါတယ်။


စက်တင်ဘာလ ၁၆ ရက် စနေနေ့ မွန်းလွဲ နာရီမှာ Manhattan ကနေ စတင်မှာ ဖြစ်ပြီးတစ်နိုင်ငံလုံးက လာရောက်အားဖြည့်ကြမဲ့သူတွေကိုအစားအသောက်တွေ ကျွေးမွေးဖို့အတွက် ထမင်း၊ ဟင်း၊ မုန့်၊ ဖျော်ရည် နဲ့ ရေတွေ ကူညီပံ့ပိုးပေးမဲ့ အလှူရှင်တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ 


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment