12th SEP 2023 - Morning Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့နေ မြန်မာပြည်ဖွား တိုင်းရင်းသားမိတ်ဆွေများ တွေ့ဆုံဆွေးနွေးပွဲသို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တက်ရောက်ခဲ့

📌 ၂။ NUG ဆိုတာ မျက်နှာပြထားသူများပဲ မဟုတ်ဘဲ မြေပြင်အဖွဲ့အစည်းအားလုံးဟာ NUG ရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်လို့ဆို

📌 ၃။ သြဂုတ်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၃၇၅မှုကို NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက မှတ်တမ်းတင်နိုင်ခဲ့

📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်

📌 ၅။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၆။ NUG နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ကြား ကောင်းမွန်တဲ့ ယန္တရားတစ်ခု ရှိနေပြီလို့ဆို

📌 ၇။ မိုးကုတ်မြို့နယ် ကုန်းစံအနီး စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

📌 ၈။ ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်း အနီး ဝန်းကျင်စစ်ကောင်စီတပ်မှ Scout(စကောက်လွှတ်လိုက်သော စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးစဥ် ထွက်ပြေး၍ပစ်ခတ်ဖမ်းဆီးရာသေဆုံးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့နေ မြန်မာပြည်ဖွား တိုင်းရင်းသားမိတ်ဆွေများ တွေ့ဆုံဆွေးနွေးပွဲသို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တက်ရောက်ခဲ့


စက်တင်ဘာ၁၁ရက်

နယူးယောက်မြို့ မြန်မာ အမေရိကန် လူသားချင်းစာနာမှု ကူညီရေးအသင်း (Myanmar American Humanitarian Aid Association - MAHAA) မှ ဦးစီးကျင်းပသည့် နယူးယောက်မြို့နေ မြန်မာပြည်ဖွားတိုင်းရင်းသားမိတ်ဆွေများ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ရက် မှာကျင်းပရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည်  အခြားလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပါတယ်။


တွေ့ဆုံပွဲတွင် CRPH ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ စစ်အာဏာရှင်စနစ် အမြန်ဆုံး အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ နိုင်ငံတကာအသိုက်အဝန်း၏ ထိရောက်သော အကူအညီများ ရရှိနိုင်ရေး ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကာ မြန်မာ အမေရိကန် လူသားချင်းစာနာမှု ကူညီရေးအသင်းမှ ဦးကျော်ဝင်း (ရွှေပြည်စိုး) ဦးခင်မောင်ကြီး (စိုင်းသီဟ) (Air India) ဦးတင့်ကြူ (UN Retiree) ဦးမောင်စိုး (UN Retiree)နှင့် ဒေါက်တာ ခင်ကျော်တို့၏ မေးခွန်းများ၊ အကြံပြုချက်များကိုလည်း ဖြေကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ မြန်မာ အမေရိကန် လူသားချင်းစာနာမှု ကူညီရေးအသင်း၏ နာယကကြီးများဖြစ်သော မြေဇင်းဆရာတော် ဦးပရမ၊ စာရေးဆရာ ကဗျာဆရာကြီး ဦးဝင်းဖေ(မောင်စွမ်းရည်) CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ဝါးခယ်မမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြမျိုးအေး၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် () မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးနှင့် နယူးယောက်မြို့နေ မြန်မာပြည်ဖွား တိုင်းရင်းသားမိတ်ဆွေများ အများအပြား တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ NUG ဆိုတာ မျက်နှာပြထားသူများပဲ မဟုတ်ဘဲ မြေပြင်အဖွဲ့အစည်းအားလုံးဟာ NUG ရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်လို့ဆို


စက်တင်ဘာ၁၁ရက်

NUG ဆိုတာ မျက်နှာပြထားသူများပဲ မဟုတ်ဘဲ မြေပြင်အဖွဲ့အစည်းအားလုံးဟာ NUG ရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်လို့ စက်တင်ဘာ ၁၁ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ သုံးသပ်ပြောပါတယ်။


"NUG ကို မြေပြင်အဖွဲ့နဲ့ ညှိနှိုင်းပြီး အလုပ်လုပ်ပါဆိုပြီး ဝေဖန်ရေးဆရာတွေက ပြောကြတာ ခဏခဏ တွေ့နေရတယ်။ ပအဖ ကော်မီတီအတွင်းမှာ ဝန်ကြီးဌာန ပေါင်းစုံကို စုဖွဲ့ထားတာဖြစ်ပါတယ်။ NUG ဆိုတာ မျက်နှာပြထားသူများပဲ မဟုတ်ပါဘူး၊ အဆိုပါမြေပြင်အဖွဲ့အစည်းအားလုံးဟာ NUG ရဲ့ အစိတ်အပိုင်းတွေပါ။ စုပေါင်းခေါင်းဆောင်မှုဖြစ်တဲ့အတွက် မြေပြင်ခေါင်းဆောင်များလဲ NUG ခေါင်းဆောင်တွေပါပဲ။ စစ်မှန်တဲ့ အစိုးရမှာ ခေါင်းဆောင်မျက်နှာမရှိဘူး။ အမှန်က ပအဖ၊ ပလဖ၊ ပကဖ ဆိုတဲ့ မြို့နယ် အစိုးရ အဖွဲ့တွေက နယ်ခံ မြေပြင်အဖွဲ့တွေပါ။ အဲ့ဒီ မြေပြင်အဖွဲ့တွေနဲ့ တစ်ပတ်လုံးလုံး နေ့တိုင်းလိုလို တစ်ဖွဲ့မဟုတ်တစ်ဖွဲ့နဲ့ အချိန်ပြည့်နီးပါးတွေ့နေရတာ ဖြစ်တယ်။ ဌာနပေါင်းစုံတွေ့ဆုံဆွေးနွေးပွဲရှိသလို ဝန်ကြီးဌာနတိုင်းကလဲ ဝန်ကြီးဌာနအလိုက် ကိုယ်နဲ့ သက်ဆိုင်တဲ့လူတွေနဲ့ တွေ့နေရတာ ဖြစ်ပါတယ်။ ကော်မီတီ၊ ကော်မီရှင် စုဖွဲ့မှုတွေမှာလဲ လိုအပ်ရင် လိုအပ်သလို တွေ့ကြပါတယ်။ ဆုံးဖြတ်ချက်တိုင်းက မြေပြင်အဖွဲ့ရဲ့ သဘောထားအမြင်မပါပဲ မပြီးဘူး"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိရှေ့တန်းစစ်မျက်နှာပြင်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ ရောက်ရှိနေပြီး အစိုးရလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိပါတယ်။


"တပ်ရင်းတပ်ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုကလွဲပြီး ကျန်တဲ့အစိုးရ လုပ်ငန်းအားလုံးကို စုပေါင်းလုပ်ကြရတာဖြစ်ပါတယ်။ စစ်ရေး စစ်ရာကတော့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တွဲပြီး ဒေသနဲ့ နီးစပ်ရာ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေထဲက စစ်ရေးကျွမ်းကျင်သူတွေကသာ စီမံရတာဖြစ်ပါတယ်"လို့ ဝန်ကြီးဒေါက်တာတူးခေါင်ကဆိုပါတယ်။ 


========================


📌📌 ၃။ သြဂုတ်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၃၇၅မှုကို NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက မှတ်တမ်းတင်နိုင်ခဲ့


စက်တင်ဘာ၁၁ရက်

သြဂုတ်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၃၇၅မှုကို NUGလူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနက မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ခွန်ဗဟန်းထန်က စက်တင်ဘာ၁၁ရက်မှာ ပြောကြားခဲ့ပါတယ်။


"ပြီးခဲ့တဲ့သြဂုတ်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၃၇၅မှုကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီအမှုတွေထဲမှာမှ တရားလက်လွတ် သတ်ဖြတ်မှုပေါင်း၈၇မှု၊ နေအိမ်နဲ့ကိုယ်ပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အမှုပေါင်း၈၅မှု၊ မတရားဖမ်းဆီးခဲ့တဲ့ အမှုပေါင်း၆၀မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု၁၄၃မှုကို မှတ်တမ်းတင်ထားရှိနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၃၇၅မှုထဲမှာ စစ်ကိုင်းတိုင်းတွင် ချိုးဖောက်မှု ၁၁၅မှု၊ မန္တလေးတိုင်းမှာ၄၁မှု၊ မကွေးတိုင်းမှာ ၂၉မှု၊ တနင်္သာရီတိုင်းမှာ ၃၈မှု အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း လူ့အခွင့်ရေးချိုးဖောက်မှုတို့ရှိခဲ့ပါတယ်။


========================


📌📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်


စက်တင်ဘာ၁၁  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၆/၂၀၂၃)ကို စက်တင်ဘာ၁၁ရက်မှာ ကျင်းပခဲ့ပြီး ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး  ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ


စက်တင်ဘာ၁၁ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၁၈/၂၀၂၃)ကို စက်တင်ဘာ၁၁ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ(၁၇/၂၀၂၃) အစည်းအဝေး၌ ဆောင်ရွက်ပြီးစီးမှု ရှေ့လုပ်ငန်းစဉ်နှင့် လုပ်ငန်း‌ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိမြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၆။ NUG နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ကြား ကောင်းမွန်တဲ့ ယန္တရားတစ်ခု ရှိနေပြီလို့ဆို


စက်တင်ဘာ၁၁ရက်

NUG နဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ကြား ကောင်းမွန်တဲ့ ယန္တရားတစ်ခု ရှိနေပြီလို့ Frontier Myanmarနှင့်တွေ့ဆုံမေးမြန်းရာမှာ KNDFခေါင်းဆောင် ခွန်ဘီထူးကပြောကြားခဲ့ပါတယ်။


"NUG နဲ့ ကျွန်တော်တို့ အများကြီး ပူးပေါင်းဆောင်ရွက်နေတယ်။ ကျွန်တော်တို့ NUG နဲ့ IEC အကြား ရှင်းရှင်းလင်းလင်းရှိဖို့က အာဏာခွဲဝေမှုပါ။ ဒါကလည်း အခုဆို တော်တော်လေး ရှင်းရှင်းလင်းလင်း ဖြစ်နေပါပြီ။ NUG က ကရင်နီပြည်နယ်မှာ သူတို့ရဲ့ အုပ်ချုပ်ရေးကို ဆောင်ရွက်တာမျိုးထက် သူတို့ရဲ့ ဘတ်ဂျက်ကို IEC နဲ့ မျှဝေသုံးစွဲတယ်။ IEC က စီမံကိန်းတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်တယ်။ ကျွန်တော်တို့မှာ ဒီလို ကောင်းမွန်တဲ့ ယန္တရားတစ်ခု ရှိနေပါပြီ"လို့ဆိုပါတယ်။


NUGနဲ့ IECကြား တူညီသောအချက်မှာ  စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေတာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ မိုးကုတ်မြို့နယ် ကုန်းစံအနီး စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲဖြစ်ပွား


စက်တင်ဘာ ၁၁ ရက်

မိုးကုတ်မြို့နယ် ကုန်းစံအနီး စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စက်တင်ဘာ၁၁ရက်မှာ TNLAကအသိပေးဆိုပါတယ်။

 

"တအာင်းပြည်နယ် တပ်မဟာ()စစ်ဒေသ မိုးကုတ်မြို့နယ် ကုန်းစံရွာအနီးအတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA နှစ် စစ်ကောင်စီတပ်တို့ ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လည်(၃း၅၀)အချိန်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။


စစ်ကောင်စီတပ်သည် အထက်ညောင်ကုန်းရွာမှ တအာင်းတပ်မတော်ရှိရာ ကုန်းစံအနီးသို့ စစ်အင်အားဖြည့်တင်းလာနေစဉ် တအာင်းတပ်မတော် တပ်မဟာ() တပ်ရင်း(၆၆၆)တို့နှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။


ထို့နောက် (၈း၀၀)အချိန်တွင် စစ်ကောင်စီတပ်မှ လယ်ကြီးရွာနှင့် တောင်နီအကြားမှနေ၍ တအာင်းတပ်မတော်ရှိရာသို့ လက်ထောက်ဖြင့်(၁၀)ကြိမ်၊ RPG ဖြင့် ()ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


တအာင်းတပ်မတော် - TNLA နှင့် စစ်ကောင်စီတပ်အကြား နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင်လ ၂၃ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲစုစုပေါင်း(၃၈)ကြိမ်ဖြစ်ပွားခဲ့ပါတယ်။


========================


📌📌 ၈။ ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်း အနီး ဝန်းကျင်စစ်ကောင်စီတပ်မှ Scout(စကောက်) လွှတ်လိုက်သော စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးစဥ် ထွက်ပြေး၍ပစ်ခတ်ဖမ်းဆီးရာသေဆုံးခဲ့


စက်တင်ဘာ၁၁ရက်

ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းအနီး ဝန်းကျင်စစ်ကောင်စီတပ်မှ Scout(စကောက်) လွှတ်လိုက်သော စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းဆီးစဥ် ထွက်ပြေး၍ပစ်ခတ်ဖမ်းဆီးရာသေဆုံးခဲ့တယ်လို့ စက်တက်ဘာ၁၁ရက်မှာ စစ်ရေးသတင်းကို ULFတပ်ပေါင်းစုက အသိပေးဆိုပါတယ်။


"စက်တင်ဘာ၁၁ရက် မနက်ပိုင်းULF, Comrade Column ရဲ့အဖွဲ့ဝင် ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုနှင့် မဟာမိတ်Peacock Brother Local PDF တို့ ပူးပေါင်းပီး ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းအနီး ဝန်းကျင်၌ စစ်ကောင်စီတပ်မှ Scout(စကောက်) လွှတ်လိုက်သော စစ်ကောင်စီတပ်သားတစ်ဦးအား ကျွန်ုပ်တို့ Scout(စကောက်)နှင့်တွေ့ရှိ၍ စစ်ဆေးမေးမြန်းရန် ဖမ်းဆီးစဉ် ၎င်းအကြမ်းဖက်တပ်သားသည် ထွက်ပြေးသွားသောကြောင့် လိုက်လံပစ်ခတ် ဖမ်းစီးရာအသေဖမ်းစီးရမိခဲ့ပါတယ်"လို့ဆိုပါတယ်။


ပြီးခဲ့သည့် စက်တင်ဘာ၆ရက်ကလည်း စည်သူသစ်ကွင်းတွင် စကစတပ်များသစ်ခိုးထုတ်နေစဥ် ကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစဘက်ကငါးဦးသေဆုံးခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment